Chapter 348

457 42 0
                                    

Chapter 348 : သူ ဘာကိုမြင်လိုက်တာလဲ

ကျီရှန်းရှန်းက စိတ်လျှော့ထားပြီးသားဖြစ်၏။ သူမ၏ စကားများကို ကြားပြီးနောက် အဖေကျီသည် ခေတ္တမျှဆွံ့အသွားသည်။

သူ၏ သမီးဖြစ်သူသည် အမှန်တကယ်ပင် ထုံအ၍ လေးကန်သော်လည်း သိတတ်မှုရှိသောကြောင့် သူ၏ ရတနာမျက်ရှုလေး ဖြစ်နေ၏။

ထို့ကြောင့် အဖေကျီက သူ၏ ဒေါသကို ချိုးနှိမ်ထားလိုက်ပြီး သမီးဖြစ်သူအား တစ်ချက်ကြည့်လိုက်ကာ ကျင်းယွင်ကျောင်း၏ဘက်သို့ ကြည့်လိုက်သည်။

နောက်ပိုင်း ဘာပဲဖြစ်ဖြစ် စန်းရန်ကို ကူညီလိုက်တာက ပိုကောင်းတယ်လို့ ငါထင်မိတယ်။ ငါ့သမီးလေးက ဘက်မလိုက်စေချင်ဘူးလို့ ပြောပေမယ့် သူက ငါ့အတွက် တွေးပေးလို့ အဲ့လိုပြောတာပဲ။ သူက ချွေ့ကျွင်းကို ကြိုက်နေမှတော့ အဖေတစ်ယောက်အနေနဲ့ ငါလည်း မသိချင်ယောင်ဆောင်မနေနိုင်ဘူး။

ထို့အပြင် ကျင်းယွင်ကျောင်းသည် ဖိအားအနည်းငယ်ကိုပင် ခံနိုင်လိမ့်မည် မဟုတ်ဟု သူ တွေးလိုက်မိ၏။ ထို့ကြောင့် သူသည် သူမအတွက် အားကုန်ခံနေစရာ မလိုပေ။

အဖေကျီသည် စန်းရန်အား ကူညီရန် ဆုံးဖြတ်လိုက်၍ ကျင်းယွင်ကျောင်းအပေါ်၌ အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။ ထို့ကြောင့် သူက သမီးဖြစ်သူအား ပြောလိုက်၏။

"တခြားလူက မင်းတို့ဆီမှာ ဂျင်စင်းကို အပ်ထားမှတော့ မင်းနဲ့ ထုံ့ရန်က သေချာစောင့်ကြည့်ပေးဖို့ လိုအပ်တယ်။ ဘယ်သူ့ကိုမှ မပေးရဘူးနော်၊ ချွေ့ကျွင်းကိုတောင် မပေးရဘူး။ တကယ်လို့ ဂျင်စင်းသာ ထိခိုက်မိသွားရင် ငါတို့မိသားစုက တစ်ဖက်လူကို ပြန်အလျော်ပေးရမယ်၊ နားလည်ရဲ့လား"

ကျီရှန်းရှန်းက ခေါင်းညိတ်ပြလိုက်သည်။

တကယ်တော့ ချွေကျွင်းက ဂျင်စင်းကို မလိုချင်ပါဘူး။ သူက စန်းရန်ကို ကူညီထောက်ပံ့ပေးနေတာနဲ့တင် အလုပ်ရှုပ်နေတာလေ၊ ဟမ့်...

ကျင်းယွင်ကျောင်းသည် အဖေကျီ၏စောင်းပါးရိပ်ခြည်စကားများကို နားမလည်သည်အထိ မတုံးအပေ၊ ထို့ကြောင့် သူက ချွေ့မိသားစုအား အနည်းနှင့်အများ ဘက်လိုက်ပေးမည်ကို သူမ သိလိုက်၏။ သို့သော် ထိုကိစ္စက သူမအတွက် အရေးမကြီးပေ။ ဒိုင်များ၏ သဘောထားက ပြိုင်ပွဲတစ်ခုအပေါ်တွင် လွှမ်းမိုးမှုရှိသော်လည်း ထိုအချက်က သိပ်အရေးမပါ၊ အထူးသဖြင့် ယခုကဲ့သို့ လူအများကြီး၏ ရှေ့မှောက်၌ ဖြစ်သည်။

အဖေကျီ ထွက်သွားသည်နှင့် ကျီရှန်းရှန်းက သူမ၏ နှာခေါင်းကိုပွတ်လိုက်ပြီးနောက် သူတို့ဆီသို့ပြန်လာ၍ ချွေ့ကျွင်း၏ နေရာကို လှမ်းကြည့်လိုက်၏။

ကံဆိုးစွာပင် ချွေ့ကျွင်းက သူ၏ဝမ်းကွဲအစ်မဘေး၌ ထိုင်နေ၍ သူ၏ မျက်နှာပေါ်တွင် စိုးရိမ်မှုများပြည့်နေသည်ကို ကျီရှန်းရှန်း မြင်လိုက်ရသည်။ သူမသည် သူတို့၏ အနီး၌ မဟုတ်သောလည်း သူက စန်းရန်အား နှစ်သိမ့်အားပေးနေမည်ကို သူမ တွေးကြည့်နိုင်၏။ သူမကိုမူ သူ၏ စိတ်ထဲ၌ လုံးဝမရှိချေ။

ကျင်းယွင်ကျောင်းက ကျီရှန်းရှန်းအား ရယ်စရာကောင်းသည်ဟု တွေးနေစဥ်မှာပင် ကျီရှန်းရှန်းက ချောင်းဟန့်လိုက်ပြီးနောက် ဒေါသတကြီးဖြင့် မေးလာ၏။

"ကျင်းယွင်ကျောင်း၊ နင်ပြောကြည့်၊ စန်းရန်က ကောင်းတယ်လို့ နင် ဘာလို့ ထင်တာလဲ။ သေချာပေါက် ငါက သူ့ထက် ပိုကောင်းတာလေ။ ဒီ ချွေ့ကျွင်းဆိုတဲ့ကောင်က ရက်စက်လွန်းတယ်၊ အဲဒီမိန်းမက သူတော်ကောင်း ယောင်ဆောင်ပြီး လိမ်ညာနေပေမယ့် သူက နတ်ဘုရားမတစ်ယောက်လို ဆက်ဆံနေတယ်။ ဘာကိုများ အခြေခံပြီးတော့လဲ"

ကျီရှန်းရှန်းက သူမ၏ ဒေါသများကို ဖွင့်ထုတ်လိုက်သည်။

"စန်းရန်က ထက်မြက်ပြီးတော့ ဝတ်တတ်စားတတ်လည်း ရှိတယ်။ သူရဲ့ပုံစံက သန့်ရှင်းစင်ကြယ်ပြီးတော့ သိမ်မွေ့တယ်၊ အသံက ပြေပြေပြစ်ပြစ်ရှိပြီးတော့ သူက ချွေ့မိသားစုအတွက် အကူအညီလည်း ဖြစ်စေတယ်လေ။ ဒီလို မိန်းမသားမျိုးက ဖြူစင်ပြီးတော့ မိသားစုကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာကိုလည်း သိတယ်၊ ပြီးတော့ သူက ချစ်စရာလည်း ကောင်းတဲ့အပြင် အားကိုး မရှိတဲ့သူလည်း ဖြစ်နေတာကိုး။ နင်ကရော အဲဒါတွေအားလုံးကို လုပ်နိုင်လို့လား"

ကျင်းယွင်ကျောင်းက စကားကို ထိန်းမပြောဘဲ ကျီရှန်းရှန်းအား ခနဲ့လိုက်သည်။

သူမ ပြောသွားသော အချက်များအားလုံးသည် သေချာပေါက် စန်းရန်က အပေါ်ယံ၌ ဟန်ဆောင်ပြသထားသည်များသာ ဖြစ်၏။

လူတစ်ယောက်၏ သရုပ်ဆောင်နိုင်စွမ်းသည် ထာဝရမတည်မြဲပေ။ စန်းရန်ကဲ့သို့သော မိန်းမမျိုးသည် လက်ထပ်ပြီးသည့်နောက်တွင် သူမ၏ လက်ရှိ အပေါ်ယံစရိုက်ပုံစံကို ခဏတဖြုတ်တော့ ထိန်းသိမ်းထားနိုင်လိမ့်မည်။ သို့သော် ကလေးတစ်ယောက် မွေးပြီး၍ မိသားစုအား စီမံခန့်ခွဲနိုင်သည့်အခွင့်အာဏာကို လက်ကိုင်ရသည်နှင့် သူမ၏ အကျင့်စရိုက်အစစ်အမှန်ကို ဖြည်းဖြည်းချင်း ထုတ်ပြလာလိမ့်မည်သာ ဖြစ်သည်။

သိမ်မွေ့ခြင်း၊ ယဥ်ကျေးခြင်းနှင့် အထိအခိုက်မခံနိုင်ခြင််းတို့သည် သူမ၏ ကိုယ်ပိုင်အကျိုးအမြတ်ရရှိရေးအတွက် အသုံးပြုတိုက်ခိုက်နေကျ လက်နက်များဖြစ်ကြ၏။

"သူက တအား ကြီးကျယ်မြင့်မြတ်နေရင်တောင်မှ ဘာအရေးလဲ။ သူတို့က ဝမ်းကွဲမောင်နှမတွေပဲ၊ သွေးသားတော်စပ်တဲ့ ဝမ်းကွဲတွေ။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က လုံးဝ မဖြစ်နိုင်ဘူး"

ကျီရှန်းရှန်းက မကျေမနပ်ဖြင့် ပြန်လည်ချေပလိုက်၏။

ထိုအခါ ကျင်းယွင်ကျောင်းက ရုတ်တရက် ရယ်မောလိုက်သော်လည်း သူမ၏ အသံက အေးစက်နေသည်။

"ဒါပေမယ့် စန်းရန်လို လူမျိုးတွေက ကမ္ဘာပေါ်မှာ အမြဲတမ်း ရှိနေတာပဲ။ ချွေ့ကျွင်း သဘောကျတာက ဒီလို မိန်းကလေးမျိုးဆိုတာကတော့ မပြောင်းလဲနိုင်ဘူးလေ"

ထိုအခါ ကျီရှန်းရှန်းသည် ထိတ်လန့်၍ ဆွံ့အ,သွား၏။

သူမသည် ပတ်ဝန်းကျင်ရှိလူများကို ချွေ့ကျွင်းအား သဘောကျသည့်အကြောင်း ပြောပြတိုင်း လူတိုင်းက သူမအား နှစ်သိမ့်၍ ချွေ့ကျွင်းကလည်း သူမအား သေချာပေါက် ပြန်သဘောကျလာလိမ့်မည်ဟုသာ ပြောကြသည်။ ကျင်းယွင်ကျောင်း၏ လက်ရှိသဘောထားနှင့် လုံးဝမတူပေ။

သို့သော် ကံဆိုးစွာပင် ကျင်းယွင်ကျောင်းပြောသည်က မမှားပေ။ တစ်ခါက ကျီရှန်းရှန်းသည် သူမ၏ အတန်းဖော်အား ချွေကျွင်းနှင့် တွေ့ပေးရန် ခေါ်လာခဲ့ဖူးသည်။ သူသည် ထိုမိန်းကလေးအား သိမ်သိမ်မွေ့မွေ့ ပြောဆိုဆက်ဆံ၍ ထိုမိန်းကလေးသည် ကျင်းယွင်ကျောင်း ပြောသကဲ့သို့ ယဥ်ကျေးသိမ်မွေ့၍ ဆင်ခြင်တုံတရားရှိသည့် ပုံစံမျိုးဖြစ်၏။

ကျီရှန်းရှန်းက စိတ်လေးသွားသော်လည်း သူမ၏ ခံစားချက်များကို အတတ်နိုင်ဆုံးထိန်းချုပ်၍ ခေါင်းယမ်းလိုက်သည်။

မကြာမီမှာပင် သူမသည် ငေးမောနေရာမှ တဖန်ပြန်၍ စိတ်ဆုံးဖြတ်ချက်ချလိုက်ပြန်၏။

သူမက ချွေ့ကျွင်းအတွက် အထူးသီးသန့် လူစားမျိုး ဖြစ်နေလျှင်ရော။

ကျီရှန်းရှန်းက စကားဆက် မပြောတော့ဘဲ ကျင်းယွင်ကျောင်းကလည်း ထိုအကြောင်းကို အစမဖော်တော့ပေ။ အချိန်အနည်းငယ်ကြာပြီးနောက်တွင် ပတ်ဝန်းကျင်ရှိလူများသည် ရုတ်တရက် ငြိမ်ကျသွား၍ ပြိုင်ပွဲလည်း တရားဝင်စတင်တော့သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Wo Geschichten leben. Entdecke jetzt