Chapter 278 : မသက်ဆိုင်သောလူများ
ကျင်းယွင်ကျောင်းက သူမဆီသို့ ပျံဝဲလာသည့်ကျောက်ခဲကို မြင်သော်လည်း မရှောင်တိမ်းခဲ့ရာ ထိုကျောက်ခဲက သူမ၏ နဖူးအလယ်တည့်တည့်ကို တိုက်ရိုက်ထိမှန်သွားလေသည်။ ချက်ချင်းပင် သူမ၏ မျက်နှာပေါ်သို့ သွေးများစီးကျလာ၏။
ထိုသွေးသံရဲရဲမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်၊ အထူးသဖြင့် ကျောက်ခဲနှင့်ပေါက်သော တရားခံသည် ထိတ်ထိတ်ပျာပျာဖြစ်သွားကာ ချက်ချင်းပင် လူအုပ်ကြီးကြားထဲသို့ ရောနှောပျောက်ကွယ်သွားရန် ကြိုးစားတော့၏။
"ယွင်ကျောင်း၊ နင် ဘာလို့..."
မရှောင်လိုက်တာလဲ။
ရှောင်ဟိုင်ချင်းက သူမ၏ အချစ်ဆုံးသူငယ်ချင်းအား ထိတ်လန့်စွာ စိုက်ကြည့်နေသည်။
သို့ရာတွင် ဟိုင်ချင်းသည် ထိုအကြောင်းကို တွေးကြည့်လိုက်သောအခါ ကျင်းယွင်ကျောင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်သွား၏။ ဒဏ်ရာက မပြင်းထန်သော်လည်း ဤနေရာသည် လူမြင်ကွင်းဖြစ်ရာ သူမ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်သွားသည်ကို လူတိုင်းမြင်နိုင်သည်။ ကျင်းမိသားစုသည် သူတို့ကိုယ်သူတို့ ထိခိုက်နစ်နာအောင်လုပ်၍ လူထုဆီမှ ကရုဏာကိုရယူနိုင်မည့် နည်းဗျူဟာကို သိသလို ကျင်းယွင်ကျောင်းကလည်း သိ၏။ ယခုအချိန်၌ သူမကိုယ်သူမ အထိခိုက်ခံလိုက်ခြင်းက ဤလူများ နောက်ပိုင်း၌ အဖြစ်မှန်ကိုသိသွားသောအခါ အစောပိုင်းက သူတို့ မည်မျှ မိုက်မိုက်မဲမဲပြုမူခဲ့ကြောင်းကို သဘောပေါက်သွားစေရန်ဖြစ်သည်။ ထိုအချိန်ရောက်လျှင် လူအုပ်ကြီးသည် သူမအား ထောက်ခံလာကြမည်ဖြစ်ပြီး အယောင်ဆောင် ကျင်းမိသားစုကမူ ပို၍ နာမည်ပျက်သွားမည်ဖြစ်၏။
ဘာပဲပြောပြော၊ ငါတို့မိသားစုရဲ့ ကျင်းယွင်ကျောင်းက အရမ်းသနားစရာကောင်းတာပဲ။ သူက ဘာအမှားမှ မလုပ်ခဲ့ဘူးဆိုတာ အသိအသာကြီးပေမယ့် ဒီလိုမျိုး ဝိုင်းအုံပြီးတော့ အနင်းခြေခံနေရတယ်။
ထိုအခါ ကျင်းယွင်ကျောင်းက သူမ၏ နဖူးပေါ်ရှိ ဒဏ်ရာကိုစမ်းကြည့်လိုက်ပြီးနောက် တစ်ရှူးအစိုတစ်ရွက်ကိုထုတ်ယူကာ ဒဏ်ရာပေါ်မှ သွေးစများကို သုတ်လိုက်သည်။
"ကောင်းကင်ဘုံကို ဒူးထောက်၊ မြေကြီးကို ဒူးထောက်၊ မိဘတွေကို ဒူးထောက်၊ ကျွန်မက ဘာအမှားမှမလုပ်ခဲ့ပဲ၊ ဘာလို့ ဒီမဆိုင်တဲ့လူတွေကို ဒူးထောက်ရမှာလဲ"
ကျင်းယွင်ကျောင်း၏ အသံက ပုံမှန်အတိုင်းပင် အေးစက်တည်ငြိမ်နေကာ အင်အားကြီးမား၍ ပဲ့တင်ထပ်နေ၏။
"ကျင်းယွင်ကျောင်း၊ သူတို့က မင်းရဲ့မိဘတွေ မဟုတ်လို့လား"
သတင်းထောက်က ခေါင်းယမ်းလိုက်ပြီး စိတ်ထဲ၌ကြိတ်၍ တွေးနေမိသည်။
ဒီကျင်းယွင်ကျောင်း၊ သူ ရူးသွားတာတော့ မဖြစ်နိုင်ဘူးမဟုတ်လား။
ထို့နောက် ကျင်းယွင်ကျောင်းသည် ရုတ်တရက် ရယ်မောလိုက်ရာ သူမ၏ သွေးစွန်းနေသော မျက်နှာသည် မည်သည့်အရာနှင့်မှ နှိုင်းယှဥ်၍ မရအောင် ဝမ်းနည်းဆွေးမြေ့ဖွယ်ကောင်းလှ၏။ လူအုပ်ကြီးသည် သူမ၏ အကြည့်များက သူတို့၏ တစ်ကိုယ်လုံးအား ထိုးဖောက်သွားသလို ခံစားလိုက်ရသည်။ ထိုအကြည့်က သူတို့၏ နှလုံးသည်းညှာအား လေတစ်ချက်ပင် အတိုးမခံနိုင်လောက်အောင် ဆွဲညှစ်နေသကဲ့သို့ပင်။
"သူတို့က ဘယ်လိုများ ရုတ်တရက်ကြီး ကျွန်မရဲ့မိဘတွေဖြစ်လာတာလဲ။ သူတို့ကိုကြည့်ပါဦး၊ ကျွန်မတို့က ဘယ်နေရာတွေများ တူနေလို့လဲ"
သူမက မေးခွန်းထုတ်လိုက်သည်။
"တစ်ယောက်နဲ့တစ်ယောက် ဆယ်နှစ်ကျော်လောက် မမြင်ဖူးခဲ့ဘဲနဲ့ ဘယ်ကမှန်းမသိတဲ့ လူတွေက လမ်းလယ်ကောင်မှာ ရုတ်တရက်ပေါ်လာတယ်။ သူတို့က ကျွန်မရဲ့မိဘတွေပါလို့ တကယ်ပဲ ပြောနိုင်လို့လား"
"သူတို့က ကျွန်မကို လူပေါင်းများစွာရဲ့ရှေ့မှာ ဒူးထောက်တောင်းပန်ရမယ့် အခြေအနေထိရောက်အောင် ဖိအားပေးခဲ့ပြီးပြီ။ ဘယ်မိဘကများ ဒီလိုမျိုးလုပ်လို့လဲ။ ဟုတ်တယ်၊ ကျွန်မက မိဘမဲ့ကလေးတစ်ယောက်၊ ဒါပေမယ့် ကျွန်မ အချစ်မငတ်ဘူး။ တကယ်လို့ ဘယ်သူမဆို သူတို့ကိုယ်သူတို့ ကျွန်မရဲ့မိဘတွေပါလို့ ပြောနိုင်တယ်ဆိုရင် အနာဂတ်မှာ ကျွန်မက လမ်းပေါ်မှတွေ့သမျှ လူကြီးသူမအားလုံးကို မေမေ၊ ဖေဖေလို့ ခေါ်ရမှာလား။ ဒါဆိုရင် ကျွန်မတော့ အတော်လေး အလုပ်ရှုပ်တော့မှာပဲ"
ကျင်းယွင်ကျောင်းက ခပ်တိုးတိုး ရယ်သွမ်းသွေးလိုက်သည်။
"ရှောင်ယွင်၊ ငါတို့က တကယ့်မိဘအရင်းတွေပါ။ မင်းမေ့သွားပြီလား။ ငါတို့ မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးဖို့သွားခဲ့တယ်လေ။ ရလဒ်တွေကို မင်း အရင်က မြင်ပြီးပြီပဲ။ ရလဒ်က..."
ဝမ်ရှင်းဖန်က သူမ၏ အင်္ကျီရင်ဘတ်ထဲမှ မိဘအရင်းဟုတ်မဟုတ် စစ်ဆေးချက်စာရွက်ကို ကပျာကယာ ထုတ်ယူလိုက်၏။ ကြိုတင်ပြင်ဆင်ထားသည်မှာ အသိအသာပင်။
ထို့နောက် ချက်ချင်းပင် ရလဒ်များကို ကင်မရာရှေ့တွင် ထောင်ပြလိုက်သည်။ ထိုစာရွက်ပေါ်၌ ဆေးရုံ၏ တံဆိပ်တုံးကိုလည်း ဖော်ပြထား၏။
ထိုအပေါ်၌ ကျင်းယွင်ကျောင်း၏ အမည်ကိုလည်း ရေးသားထားကာ ရလဒ်များမှာ ရှင်းလင်းလှသည်။
ထိုအခါ သတင်းထောက်၏ စိတ်ထဲ၌ ကျင်းယွင်ကျောင်းအား ပို၍ပင် ရွံရာစက်ဆုပ်သွား၏။
ကိစ္စတွေက ဒီအခြေအနေထိရောက်ပြီးနေတာတောင်မှ ကျင်းယွင်ကျောင်းက ဝန်မခံဘဲ ငြင်းနေသေးတယ်။ ငါ ဒီလိုအရှက်မရှိတဲ့ မိန်းကလေးမျိုးကို တစ်ခုမှမမြင်ဖူးဘူး။
သို့သော် သူ့ဘေး၌ ဒူးထောက်နေသော လင်မယားနှစ်ယောက်၏ အကြောင်းကို စဥ်းစားမိသောအခါ သတင်းထောက်၏ အမူအယာမှာ ချက်ချင်းပင် စေတနာတရားများ ပြည့်လျှံသွားပြီး သူတို့အား ကူညီ၍ ထူမပေးလိုက်သည်။
"အန်တီဝမ်၊ ဦးလေးကျင်း၊ ခင်ဗျားတို့က နစ်နာသူတွေဆိုတာ ဒီမှာရှိတဲ့လူတိုင်း သိပါတယ်။ ခင်ဗျားတို့ရဲ့သမီးက ဒီလိုမျိုးပြောင်းလဲသွားမှတော့ ခင်ဗျားတို့ အရမ်းကြေကွဲနေမှာပဲ၊ ဟုတ်ရဲ့လား"
သတင်းထောက်က မိုက်ကိုကိုင်ထားရင်း မေးလိုက်သည်။
ဝမ်ရှင်းဖန်းက အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း မကြာမီ သူမရရှိလာမည့် ငွေပမာဏအများကြီးအား တွေးမိသောအခါ တဖန်ပြန်လည်၍ စိတ်အားတက်သွား၏။ ထို့ကြောင့် သူမသည် ဝမ်းနည်းပူဆွေးနေသော အမူအယာဖြင့် ဖြေလိုက်သည်။
"အမှန်ပါပဲ။ ဒီရက်ပိုင်း ကျွန်မရော ကျွန်မရဲ့ခင်ပွန်းရော မအိပ်နိုင်၊ မစားနိုင်ဖြစ်နေတာပါ။ တစ်ခါတစ်လေ ကျွန်မတို့ တွေးမိတယ်၊ အဲဒီအချိန်တုန်းကသာ လမ်းပေါ်မှာ ကျွန်မတို့ သူ့ကို မမှတ်မိခဲ့ရင်..."
"ခင်ဗျားတို့က သမီးဖြစ်သူကို အရမ်းချစ်တယ်ဆိုတာ ကျွန်တော် ယုံပါတယ်။ ဒါကြောင့်လည်း တစ်ချက်ကြည့်ရုံနဲ့တင် သူ့ကို မှတ်မိတာပေါ့"
သတင်းထောက်က စကားထောက်ပေးလိုက်သည်။
"ဟုတ်ပါတယ်၊ ဟုတ်တာပေါ့၊ ဆယ်နှစ်ကျော်ကြာပြီဆိုပေမယ့် သူက ငယ်ငယ်တုန်းကအတိုင်းပဲလေ။ ကျွန်မ သူ့ကိုမြင်တော့ မျက်ရည်မထိန်းနိုင်ဘူး၊ ဒါ့ကြောင့် ကျွန်မ သတ္တိမွေးပြီး သူ့ဆီသွားခဲ့တာပါ။ ဒါပေမယ့် ဒီလိုဖြစ်လာမယ်ဆိုတာ အစောကြီးကတည်းက ကြိုသိခဲ့ရင် ကျွန်မ, မသွားခဲ့သင့်ဘူး..."
ဝမ်ရှင်းဖန်းက သက်ပြင်းချ၍ ပြောလာ၏။
"အန်တီဝမ်၊ ခင်ဗျား ဒီလိုမပြောပါနဲ့။ မိဘတွေက သူတို့ရဲ့သားသမီးတွေကို ရှာတယ်ဆိုတာ သဘာဝပါပဲ။ ဒါ့အပြင် ခင်ဗျားရဲ့သမီးကို ယောက္ခမဖြစ်သူက စွန့်ပစ်ခဲ့တာလို့ ပို့စ်ထဲမှာပြောထားတာကို ကျွန်တော် မှတ်မိတယ်။ ပြီးတော့ သူက သမီးဦးဆိုတော့ ခင်ဗျား အရမ်းကို ပူဆွေးသောကရောက်ခဲ့မှာပေါ့နော်။ ဒီနှစ်တွေအတောအတွင်း ခင်ဗျား တကယ်ကို ခက်ခဲခဲ့တာပဲ"
သတင်းထောက်သည် ထိုလင်မယားအတွက် တရားမျှတမှုကိုလိုချင်သောရည်ရွယ်ချက်ဖြင့် စိတ်အားထက်သန်စွာ ပြောလာ၏။