Chapter 232 : ရလဒ်များ
ကျင်းယွင်ကျောင်းသည် ရဲသား၏ အမူအယာကို မြင်သောအခါ သူမ၏ ယူဆချက် မှန်ကန်ကြောင်း သိလိုက်ရ၏။
အမှန်ပင်၊ ထိုနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ ချောင်ကျစ်ကျိုးသည် ဂုဏ်သိက္ခာကို အလေးထားသော ယောကျ်ားတစ်ယောက် ဖြစ်သောကြောင့် သူ မဖြစ်နိုင်။ ကျန်ရှသာလျှင် ဖြစ်နိုင်၏။
မကြာသေးခင်က သူ၏ အပြုအမူများကို ပြန်သတိရသောအခါ ကျင်းယွင်ကျောင်းက ခပ်ဟဟ ရယ်လိုက်သည်။
"ကျန်ရှရဲ့ထွက်ဆိုချက်က တကယ်ပဲ ယုံကြည်ရလို့လား။ အရာရှိကြီး၊ ကျန်ရှကို စောင့်ကြည့်ဖို့ ကျွန်မ ရှင့်ကို အကြံပေးလိုက်ပါ့မယ်။ သူကသာ ချောင်ဟုန်ယဲ့နဲ့ အမှန်တကယ် နက်နက်ရှိုင်းရှိုင်း ဆက်ဆံရေးရှိတဲ့သူပဲ။ တကယ်လို့ ချောင်ဟုန်ယဲ့သာ အိမ်က ထွက်ပြေးသွားရင် ခိုလှုံစရာနေရာရဖို့ရှာမယ့် တစ်ယောက်တည်းသောသူက ကျန်ရှပဲ"
"ချောင်ဟုန်ယဲ့ ဘယ်ကိုသွားတယ်ဆိုတာ မင်း တကယ် မသိတာလား"
ရဲအရာရှိက သင်္ကာမကင်းဖြစ်နေသေး၏။
"ကျွန်မ ကျိန်ပြောရဲတယ်"
ကျင်းယွင်ကျောင်းက အတည်ပြုပေးလိုက်သည်။
ကျင်းယွင်ကျောင်းက သူမ၏ ထွက်ဆိုချက်ကို ပြန်အတည်ပြုနေစဥ်မှာပင် လင်မယားစုံတွဲတစ်တွဲသည် အပေါ်ထပ်သို့ တက်လာ၏။ သူတို့သည် သူမ၏ ရှေ့၌ ရပ်နေသော ရဲကို တွေ့သောအခါ ကပျာကယာ ပြေးလာကြသည်။
"ဘာတွေဖြစ်နေတာလဲ။ ရှင်က ဘာလို့ ကျွန်မတို့ရဲ့သမီးကြီးကို လာရှာတာလဲ။ သူက ဘာမှ အမှားမလုပ်ထားပါဘူး"
ဝမ်ရှင်းဖန်းက ချက်ချင်းပင် ဝင်ပြောလိုက်၏။
ကျင်းထျယ်ကျွင်း၏ အမူအယာက လေးနက်နေပြီး သူသည် ရဲအရာရှိ၏ လက်ထဲသို့ စီးကရက်အချို့ကို ခပ်သွက်သွက် ထိုးထည့်ပေးလိုက်သည်။
"ကလေးတွေက အသိဥာဏ်နုံနဲကြပါတယ်။ ပြဿနာတစ်ခုခုရှိရင် ကျွန်တော်တို့ လူကြီးတွေကိုပဲ ဆက်သွယ်ပါ"
"မစိုးရိမ်ပါနဲ့၊ ကျွန်တော်တို့ ဒီမှာ အခြေအနေကို လာစုံစမ်းတာပါ။ ကလေးက အမှားလုပ်ထားလို့ မဟုတ်ပါဘူး။ ကျောင်းသူလေး၊ ဘာပဲဖြစ်ဖြစ် မင်း သတင်းတစ်ခုခုသိရရင် ငါတို့ကို ပထမဆုံး ဆက်သွယ်ပါ။ မိန်းကလေးတစ်ယောက်အနေနဲ့ အပြင်မှာ နေတာက ချောင်ဟုန်ယဲ့အတွက် မလုံခြုံဘူး။ မင်းတို့က အရင်တုန်းက ညီအစ်မတွေပဲဟာ။ မင်း တတ်နိုင်သလောက် အချင်းချင်း ကူညီတတ်တဲ့ စိတ်လေးထားရမယ်။ ဟုတ်ပြီလား"
ရဲအရာရှိက သူမအား ယဥ်ယဥ်ကျေးကျေးပင် သတိပေးစကားဆို၍ ထွက်သွား၏။
ထိုအခါ ကျင်းယွင်ကျောင်းသည် ဖိုင်တွဲတစ်တွဲကို ကိုင်ထားသော ကျင်းထျယ်ကျွင်းအား ကြည့်လိုက်ပြီး သူ၏ အမူအယာကို အကဲဖြတ်လိုက်ရာ လက်ရှိအချိန်တွင် သူမသည် ရလဒ်များကို သိရန်အတွက် ဖိုင်ကို ကြည့်စရာပင် မလိုတော့ချေ။
ထို့နောက် ထိုစုံတွဲက အပြင်ဘက်တွင် ခဏမျှ စောင့်နေကြ၏။ နေ့လည်ခင်း ကျောင်းဆင်းသောအခါ ကျင်းယွင်ကျောင်းသည် ထိုနှစ်ယောက်နှင့်အတူ အနီးနားရှိ အိမ်ဆိုင်လေးတစ်ဆိုင်သို့ လာခဲ့သည်။ ဝင်ထိုင်ပြီးနောက် သူမသည် ဖိုင်ကို ဖွင့်ကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင်။
မိဘအရင်းဖြစ်နိုင်ချေ : ၉၉.၉၉%
သူတို့သည် အမှန်တကယ်ပင် မိဘနှင့်သားသမီးဖြစ်သည်ဆိုသည့် အဓိပ္ပါယ်ပင်။
ယခုအချိန်၌ ကျင်းယွင်ကျောင်း၏ ခံစားချက်များမှာ ရှုပ်ထွေးနေသည်။ သူမသည် ယခင်က ဤရလဒ် ထွက်လိမ့်မည်ဟု တစ်ခါတွေးခဲ့ဖူးသော်လည်း ယခုအခါ ရလဒ်အစစ်အမှန်ကို တွေ့နေရခြင်းဖြစ်ရာ သူမ မည်သို့ တုံ့ပြန်ရမှန်း မသိပေ။ အထူးသဖြင့် အတိတ်ဘဝက သူမ ဆင်းရဲဒုက္ခကြီးစွာ နေထိုင်ဖြတ်သန်းခဲ့ရသည်များကို ပြန်စဥ်းစားမိသောအခါ သူမသည် တစ်စုံတစ်ခုအား နားလည်သဘောပေါက်သွား၍ စကားမပြောနိုင်ဘဲ ဆွံအသွားခဲ့သည်။
အစွန့်ပစ်ခံရသော ကလေးတစ်ယောက်။
ဤစကားလုံးများသည် အမှန်တကယ်ပင် စိတ်မချမ်းမြေ့ဖွယ်ကောင်းလွန်းလှ၏။
"ရှောင်ယွင်၊ အခု ကိစ္စတွေက ပြီးပြည့်စုံသွားပြီး နောက်ဆုံးတော့ ငါတို့မိသားစုလေး ပြန်ပေါင်းစည်းနိုင်ပြီ။ မင်းကတော့ မသိပေမယ့် မင်းမရှိတဲ့နှစ်တွေမှာ အမေက ငိုရလွန်းလို့ မျက်လုံးကန်းလုနီးပါး ဖြစ်သွားခဲ့တာ"
ဝမ်ရှင်းဖန်းက ကျင်းယွင်ကျောင်း၏ လက်ကို ဆွဲယူဆုပ်ကိုင်လိုက်ရင်း ပြောလာသည်။
သို့သော် သူမ၏ လက်များက ထူးထူးခြားခြား အေးစက်နေသလိုသာ ခံစားရ၏။
အကယ်၍ ဤပြန်လည်ပေါင်းစည်းမှုသည်သာ ယခင်ဘဝက ဖြစ်ပျက်ခဲ့ပါက သူမသည် သေချာပေါက်ပင် ဝမ်းသာပီတိဖြစ်၍ ပျော်လွန်းသောကြောင့် ငိုမိလိမ့်မည်ပင်။ အကြောင်းမှာ ထိုအချိန်က သူမသည် မျှော်လင့်ချက်ကင်းမဲ့နေပြီး ချောင်မိသားစု၏ သူမအပေါ် ဆက်ဆံပုံများက အမှန်တကယ်ပင် ကြောက်စရာကောင်းလွန်းသောကြောင့် ဖြစ်သည်။ သို့ရာတွင် ယခုဘဝ၌ သူမသည် နာကျင်မှုမျိုးစုံနှင့် သေခြင်းတရားကိုပင် တွေ့ကြုံခံစားခဲ့ရပြီးဖြစ်၏။ ထို့ကြောင့် ယခုအချိန်၌ သူမအတွက် မိသားစုဟူသော ခံစားချက်မှာ နောက်ကျလွန်းနေပြီဖြစ်ရာ ထိုခံစားချက်က သူမအတွက် ထူးဆန်းလွန်းနေသည်။
မည်သို့ပင်ဖြစ်စေကာမူ သွေးသားတော်စပ်မှုကို ငြင်းပယ်၍ မရနိုင်ပေ။
ကျင်းယွင်ကျောင်းက နှုတ်ခမ်းတွန့်၍ ပြုံးလိုက်သည်။ မူလက သူမသည် သူတို့အား ခေါ်ဝေါ်သည့်နာမ်စားကို ပြောင်းလဲချင်ခဲ့သော်လည်း ထိုစကားလုံးများက သူမ၏ပါးစပ်ထဲတွင် သဘာဝမကျဘဲ တစ်မျိုးဖြစ်နေ၍ လုံးဝ ပြောမထွက်ခဲ့ပေ။
နေရထိုင်ရခက်သော အခိုက်အတန့်ပင် ဖြစ်၏။
"အဆင်ပြေပါတယ်။ မင်း အခု ငါတို့ကို အဖေ၊ အမေလို့ မခေါ်နိုင်သေးရင်တောင်မှ အဆင်ပြေပါတယ်။ မစိုးရိမ်ပါနဲ့"
ဝမ်ရှင်းဖန်းက သူမအား အလျင်အမြန်ပင် နှစ်သိမ့်လိုက်သည်။
ထို့နောက် လင်မယားနှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၍ ခဏမျှစကားစပြတ်သွားပြီးနောက် ကျင်းထျယ်ကျွင်းက ပြောလာ၏။
"ရှောင်ယွင်၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် အသိအမှတ်ပြုပြီးကြပြီဆိုတော့ မင်းလည်း ဆွေ့ကျန်းရွာကို လိုက်လည်ဖို့ အချိန်တန်ပြီလို့ ထင်တယ်။ ငါတို့ရဲ့ဘိုးဘေးတွေကို နှုတ်ဆက်ရမယ်၊ ပြီးရင် သူတို့ရဲ့အုတ်ဂူတွေကို သန့်ရှင်းရေးလုပ်ရမယ်။ တစ်ချိန်တည်းမှာပဲ အိမ်ပြန်ပြီးတော့ မင်းရဲ့ မောင်ငယ်၊ ညီမငယ်လေးတွေကို တွေ့လို့ရတယ်။ ဒါ အချိန်ကောင်းပဲလို့ မင်း မထင်ဘူးလား"
"အဲလိုပဲ ဖြစ်သင့်ပါတယ်"
ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင် မနက်ဖြန်ကျ ကျွန်မ ဆရာ၊ ဆရာမတွေကို ခွင့်တိုင်လိုက်ပါ့မယ်"
ထိုစကားက သူမနှင့် မျက်နှာချင်းဆိုင်၌ ထိုင်နေသူနှစ်ယောက်အား အပျော်လွန်သွားစေ၏။
စကားပြောပြီးသွားသောအခါ သူတို့သည် တိတ်တိတ်ဆိတ်ဆိတ်ပင် စားသောက်လိုက်ကြသည်။ ထို့နောက် ကျင်းယွင်ကျောင်းသည် ညနေပိုင်း အတန်းတက်ရန် ရှိသေးသောကြောင့် ဤကျဥ်းထဲကြပ်ရောက်နေသည့် အခြေအနေမှ လွတ်မြောက်ရန် အခွင့်အရေးရသွား၏။ သူမသည် ဤမိဘနှစ်ပါး၏ စူးစူးစိုက်စိုက် အကြည့်ခံရခြင်းကို လုံးဝ သည်းမခံနိုင်သေးပေ။
သို့ရာတွင် သူမ ထွက်သွားသည်နှင့် ဝမ်ရှင်းဖန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဒီလောက် ဆက်ဆံရခက်ခဲတဲ့ကလေးမျိုး ကျွန်မတော့ တစ်ခါမှ မတွေ့ဖူးပါဘူး။ သူက သူ့ရဲ့မိဘအရင်းတွေကို ရှာတွေ့တာတောင်မှ ဒီလိုပုံစံမျိုးဖြစ်နေတုန်းပဲ။ ကျွန်မသာ သူ့ရဲ့ တကယ့်မိဘအစစ်သာဆိုရင် သူ့ကို သေချာပေါက် သေအောင် ရိုက်ပစ်တယ်"