Chapter 317 : စဥ်းလဲသော
ချောင်ဟုန်ယဲ့ ကျောင်းထွက်ပြီးသည့်နောက် ကျင်းယွင်ကျောင်းသည် ဟွားဇယ်နှင့် အဆက်အသွယ်ဖြတ်ခဲ့သည်။ သို့ရာတွင် ဟွားဇယ်သည် စည်းရှိသူတစ်ယောက်ဖြစ်သောကြောင့် ဤကိစ္စကို သူ့အား ဖြေရှင်းခိုင်းလိုက်ပါက ပို၍သင့်လျော်၏။
အကယ်၍ သူမသာ သူတို့အား ရဲစခန်းသို့ပို့လိုက်ပါက ထိုလမ်းသရဲများသည် သူမအား ကျေးဇူးတင်ကြမည် မဟုတ်ပေ။
လက်တွေ့၌ ထိုလမ်းသရဲများသည် ဒုက္ခမျိုးစုံကြုံဖူးသူများဖြစ်၍ အချုပ်ထဲ၌ ရက်အနည်းငယ်နေရခြင်းက သူတို့အပေါ်တွင် အကျိုးသက်ရောက်မှုရှိမည်မဟုတ်ပေ။ ထို့အပြင် ကျင်းယွင်ကျောင်း အလိုရှိသည်မှာ ယနေ့မှစ၍ ဟွားနင်ခရိုင်၌ အခြားသူများက သူမအား တိုက်ခိုက်ခြင်းမှ ကာကွယ်၍ ပြန်လည်ခြိမ်းခြောက်နိုင်ရန်ဖြစ်သည်။
ယခင်က ကျင်းယွင်ကျောင်း ဟွားဇယ်ကိုဆက်သွယ်ခဲ့စဥ်က သူမသည် အိုင်ဒီကိုခြေရာခံမရသောဖုန်းတစ်လုံးကိုသာ သုံးခဲ့၍ ဟွားဇယ်နှင့်အဆက်အသွယ်ဖြတ်လိုက်သောအခါ သူမလည်း ထိုဖုန်းကို မသုံးတော့ပေ။ သို့ရာတွင် ယခုအချိန်၌ ကျင်းယွင်ကျောင်းသည် ထပ်မံ၍ ဖုံးကွယ်မထားချင်တော့သောကြောင့် သူမ၏ကိုယ်ပိုင်ဖုန်းနံပါတ်ကိုသာသုံး၍ ဟွားဇယ်ကို ဆက်သွယ်လိုက်သည်။
ထိုအချိန်၌ ဟွားဇယ်သည် မရင်းနှီးသောဖုန်းဝင်လာသဖြင့် မျက်ခုံးပင့်လိုက်ပြီး သူ့အား လုပ်ငန်းအပ်ရန်အတွက် ဆက်သွယ်သူတစ်ယောက်ဖြစ်မည်ဟုသာ တွေးလိုက်၏။
သို့ရာတွင် ချောင်ဟုန်ယဲ့၏ကိစ္စကို ဖြေရှင်းပြီးကတည်းက ဟွားဇယ်နှင့်သူ၏ညီအစ်ကိုများသည် ထိုသို့လွယ်ကူရိုးရှင်းသောအလုပ်မျိုး တစ်ခါမှထပ်မလုပ်ရတော့သဖြင့် သူတို့သည် ထိုကိစ္စကို မကြာခဏ သတိရအောက်မေ့မိကြသည်။
ဖုန်းဝင်သွားသည်နှင့် ဟွားဇယ်၏အသံက ပျင်းရိစွာ ပေါ်ထွက်လာ၏။
သူ၏အသံကိုကြားသောအခါ ကျင်းယွင်ကျောင်းက ကွေ့ဝိုက်မနေတော့ပဲ လိုရင်းကိုသာ ချက်ချင်းပြောလိုက်သည်။
"ဟွားဇယ်၊ ခင်ဗျား မဟူရာသစ်နက်နဲ့ ရင်းနှီးလား။"
ဖုန်းတစ်ဖက်မှ ရင်းနှီးနေသောအသံကိုကြားလိုက်ရသဖြင့် ဟွားဇယ်သည် အံ့သြသွားပြီး ဖုန်းနံပါတ်ကို တစ်ခေါက်ပြန်၍ အမြန်စစ်ကြည့်လိုက်ပြီးနောက် မေးလာ၏။
"မင်းလား။"
ထိုရင််းနှီးနေသောအသံသည် သူတို့အားငွေလွှဲပြီးနောက် အဆက်အသွယ်ဖြတ်သွားသည့် ညီငယ်လေး၏အသံဖြစ်၍ ထိုအချိန်က သူတို့သည်လည်း အသံတိတ်စည်းမျဥ်းကို နားလည်သူများဖြစ်ကြရာ ထိုညီငယ်လေးကို ထပ်မံ၍ လိုက်ရှာရန် မကြိုးစားကြပေ။ သူတို့အားလုံးသည် ကျင်းယွင်ကျောင်းက သူတို့အား ဘယ်တော့မှထပ်၍ ဆက်သွယ်တော့မည်မဟုတ်ဟု ထင်ထားခဲ့ကြသော်လည်း လအနည်းငယ်ကြာပြီးနောက် သူမက သူတို့အား ထပ်မံ၍ဆက်သွယ်လာမည်ဟု မည်သူသိမည်နည်း။
"မင်း ဘာလို့ မဟူရာသစ်နက်ရဲ့အကြောင်းကို မေးတာလဲ။ သူ့ကို အပြစ်ပြုမိခဲ့တာလား။ ဒါဆိုရင် ငါ မင်းကို အကြံပေးချင်တယ်။ မဟူရာသစ်နက်က ညီအစ်ကိုတွေအများကြီးရှိပြီးတော့ အရမ်းရက်စက်ကြမ်းကြုတ်တဲ့သူပဲ။ ဒါတင်မကဘူး၊ သူ့ရဲ့ကာကွယ်မှုအောက်မှာ ကိုယ်ပိုင်လုပ်ငန်းတွေအများကြီးရှိတယ်၊ ပြီးတော့ သူက လုပ်ငန်းမရွေး လက်ခံတတ်တဲ့လူစားမျိုးပဲ။ သက်ကြီးရွယ်အိုတစ်ယောက်ကို ရိုက်ရရိုက်ရ၊ ကလေးငယ်တစ်ယောက်ကို ရိုက်ရရိုက်ရ သူက မျက်တောင်တစ်ချက်တောင် မခတ်ဘဲ လုပ်နိုင်တယ်။ သူနဲ့ကောင်းရှင်းက လုံးဝတခြားစီပဲ၊ ယှဥ်လို့မရဘူးဆိုတာ မင်း စိတ်ထဲမှာ မှတ်ထားဦး၊ တကယ်လို့ မင်း သူနဲ့တွေ့ရင် ရှောင်သွားပြီး ဝေးဝေးနေဖို့ ကြိုးစားတာက အကောင်းဆုံးပဲလို့ ငါ မင်းကို အကြံပေးချင်တယ်။"
ဟွားဇယ်က ယဥ်ယဥ်ကျေးကျေး ပြန်ဖြေလိုက်သည်။
ထို့နောက် သူသည် စကားအများကြီးပြောလိုက်ရသဖြင့် ပါးစပ်ပင် ညောင်းသွား၏၊ အကယ်၍ ဤမေးခွန်းအား တခြားသူတစ်ယောက်ကသာ မေးခဲ့ပါက သူသည် တစ်ဖက်လူအား ထိုသတင်းစကားအတွက် အဖိုးအခတောင်းလိမ့်မည်ဖြစ်၏။
သို့ရာတွင် ဤညီငယ်လေးသည် အခြားသူနှင့် မတူပေ၊ ကောင်းရှင်း အပြီးတိုင် ပျက်ဆီးသွားပြီးနောက်တွင် သူ၏နောက်လိုက်များအားလုံးသည် ဟွားဇယ်၏လက်မရွံလူယုံများဖြစ်လာကြရုံသာမက ကောင်းရှင်း အပိုင်စားရသောနယ်မြေများသည်လည်း ဟွားဇယ်၏အာဏာအောက်သို့ ရောက်လာခဲ့သည်။ ထို့ကြောင့် သူသည် မဟူရာသစ်နက်နှင့် မနှိုင်းယှဥ်နိုင်သော်လည်း ဟွားနင်ခရိုင်၌ သြဇာလွှမ်းမိုးမှုရှိနေဆဲပင်။
"ကျုပ် သူတို့ကို ရန်တောင် စပြီးသွားပြီ။ အခု ကျုပ်တို့က ချင်းနျန်လမ်းမကြီးဘေးက လမ်းကြားလေးတစ်ခုထဲမှာ။"
"အဲဒီမှာ လူဘယ်နှယောက်လောက်ရှိလဲ။"
ကျင်းယွင်ကျောင်း၏စကားမဆုံးမီမှာပင် ဟွားဇယ်က ဖြတ်မေးလာ၏။
"ဒီနေရာမှာတော့ ငါးဆယ်လောက် ရှိတယ်။"
ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်သည်။
"ငါနဲ့ညီအစ်ကိုတွေလာနေတဲ့အချိန်မှာ မင်းက နည်းလမ်းတစ်ခုလောက် ကြိုးစားရှာပြီး အချိန်ဆွဲထားလိုက်။"
ဟွားဇယ်က စကားဆုံးသည်နှင့် ချက်ချင်း ဖုန်းချလိုက်ပြီး သူ၏ညီအစ်ကိုများကို ခပ်မြန်မြန် အကူအညီလှမ်းတောင်းလိုက်၏။
ဒီမဟူရာသစ်နက်ကတော့ တကယ့်ကို ကောက်ကျစ်စဥ်းလဲတာပဲ၊ ဒီညီငယ်လေးက ကလေးပဲရှိသေးတာ အသိသာကြီးကို သူက ဒီလိုတိုက်ခိုက်ရဲသေးတယ်။
(T/N : ဒီနေရာမှာ ကျင်းယွင်ကျောင်းက ယောက်ျားလေးဟန်မဆောင်တော့ပါဘူးနော်၊ တကယ်က ယွင်ကျောင်းက (我)တို့ (你)တို့လို့ ဘုံသုံးနာမ်စားတွေနဲ့ပဲ ပြောတာပါ၊ တရုတ် (I, You)ပါပဲ၊ 'ငါ၊ကျွန်တော်၊ကျွန်မ၊ကျုပ်' 'မင်း၊နင်၊ရှင်၊ခင်ဗျား' ကြိုက်သလိုသုံးလို့ရပါတယ်။ ကျုပ်တို့၊ ခင်ဗျားဆိုတဲ့ နာမ်စားတွေက ဟွားဇယ်ဘက်က ကြားတဲ့အနေနဲ့ ဘာသာပြန်ထားတာမို့လို့ပါ။)
အကယ်၍ ဤနေရာ၌ တခြားသူတစ်ယောက်သာ ဖြစ်ပါက ဟွားဇယ်သည် အများကြီး ဂရုစိုက်နေမည်မဟုတ်ပေ၊ သို့ရာတွင် သူသည် သူ့အား မျက်နှာသာပေးဖူးသည်များကို မမေ့တတ်ပေ။ ယခင်က သူသည် ဤညီငယ်လေးထံမှ ပိုက်ဆံယူခဲ့သော်လည်း ထိုအချိန်က သူသည် အမှန်တကယ်ပင် များများစားစား မလုပ်ပေးခဲ့ရပေ။ ထို့ကြောင့် သူသည် ယခု ဤညီငယ်လေးအား မကူညီပါက သူ၏ဂုဏ်သတင်းသည် မြောင်းထဲရောက်သွားလိမ့်မည်။
ကျင်းယွင်ကျောင်းက ဖုန်းကို ငေးကြည့်နေမိသည်၊ သူမ၏ပြောစကားများကို ကြားပြီးနောက် ဟွားဇယ်က သူမအား မည်သည့်မေးခွန်းမှ မေးမလာဘဲနေလိမ့်မည်ဟု သူမ တစ်ခါမှ မျှော်လင့်မထားခဲ့ပေ။ ကျင်းယွင်ကျောင်း ခေါင်းသာ ခါမိလိုက်တော့သည်။
ထို့နောက် အေးစက်စက် ညအချိန်တွင် လေအေးတစ်ချက်ဝေ့တိုက်လာပြီး သူမသည် ပျင််းရိလာသောကြောင့် နံရံနားတွင် နေရာတစ်ခုရှာ၍ ဆောင့်ကြောင့်ထိုင်လိုက်ကာ ဟွားဇယ်နှင့်သူ၏လူများ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေ၏။
ထိုသို့စောင့်ဆိုင်းနေစဥ်အတွင်း သူမအား တိုက်ခိုက်ချင်နေသေးသည့် လမ်းသရဲအချို့ အခါအားလျော်စွာ ထွက်ပေါ်လာသော်လည်း ကျင်းယွင်ကျောင်းက ခပ်မြန်မြန်ပင် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ပစ်လိုက်သည်။ ရလဒ်အနေဖြင့် ဒဏ်ရာရထားသော လမ်းသရဲများသည် အစုလိုက်အပုံလိုက်ဖြစ်လာ၍ အများစုကလည်း နာနာကျင်ကျင် သံရှည်ဆွဲ၍ ညည်းညူနေကြ၏။
မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက်တွင် ဤလမ်းကြားလေးထဲ၌ ဖြတ်သွားသူအနည်းအကျဥ်းရှိသော်လည်း သူတို့သည် လမ်းထဲရှိ ဤသွေးထွက်သံယိုမြင်ကွင်းကို မြင်သောအခါ ဘာကိုမှမမြင်ခဲ့ရသည့်အလား ခပ်သွက်သွက်လျှောက်၍ ထွက်ပြေးသွားကြသည်။
ညသန်းခေါင်အချိန်ပင် ရောက်နေပြီဖြစ်ရာ စိတ်သာမှန်ပါက မည်သူက ကိုယ့်ဒုက္ခကိုယ်ရှာချင်မည်နည်း။
ဟွားဇယ်သည် သူနှင့်အတူ လူဆယ်ယောက်ခန့်စုလိုက်နိုင်သဖြင့် သူ၏လုပ်ရည်ကိုင်ရည်မှာ မြန်ဆန်သည်ဟု ယူဆနိုင်သည်။ ထို့အပြင် သူသည် မဟူရာသစ်နက်နှင့်ညှိနှိုင်းရန်သာ လာခဲ့ခြင်းဖြစ်၍ တိုက်ခိုက်ရန်မဟုတ်ပေ။ လက်တွေ့၌ သူသည် ယနေ့ မဟူရာသစ်နက်ကို အနိုင်ယူနိုင်လျှင်တောင်မှ အနာဂတ်တွင် မဟူရာသစ်နက်၏လက်စားချေမှုကြောင့် ရှုံးနိမ့်ရလိမ့်မည်သာဖြစ်၏၊ အကယ်၍ ထိုသို့သာဖြစ်ခဲ့ပါက သူတို့၏ကံတရားသည် အဆုံးသတ်သွားလိမ့်မည်ဖြစ်၍ ဇာတ်သိမ်းလည်း လှမည်မဟုတ်ပေ။