Chpater 199 : နိဂုံးချုပ်
အမှိုက်ပေါင်းစုံဖြင့် ပြည့်နေသော အိမ်တစ်အိမ်တွင် အလုပ်လက်မဲ့ ချင်ဇစ်ရွှယ်သည် သူ၏ အိပ်ယာပေါ်တွင် စိတ်ပျက်အားငယ်စွာဖြင့် လဲလျောင်းနေသည်။ အိမ်ထဲမှ အခြား နာနာကျင်ကျင် ငြီးတွားသံတစ်ခုကိုလည်း ကြားနိုင်၏။
ချင်ဇစ်ရွှယ်သည် သူ၏ နေ့ရက်များ အဘယ်ကြောင့် ဤကဲ့သို့ အဆုံးသတ်ခဲ့ရမှန်း မသိတော့ပေ။
အရာအားလုံးသည် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်သို့ ပြန်ရောက်သွားသလိုပင်။ ထိုအချိန်က သူတို့သည် ဆင်းရဲလွန်းသဖြင့် နေ့စဥ်အိမ်အသုံးစရိတ်ပင် မကျန်တော့။ အဖွားအိုသည် သူ၏ အဆင့်များနှင့် နာခံမှုရှိပုံကို ကြွားဝါရန် အမြဲတမ်း အပြင်ထွက်တတ်ပြီး သူမ၏ မိသားစုနှင့် သူငယ်ချင်းများရှေ့၌ သူသည် ထိပ်တန်းတက္ကသိုလ်သို့ ဝင်ခွင့်ရရုံသာမက ရက်ရောသည့် ပညာသင်ဆုတစ်ခုကိုလည်း ရရှိထားကြောင်း ဟောင်ဖွာ ဟောင်ဖွာ ပြောလေ့ရှိသည်။ သူမက သူသည် ကိုယ်ပိုင်အရည်အချင်းကို အခြေခံ၍ သုံးစရာပိုက်ဆံအလုံအလောက် ရှာနိုင်ကြောင်းပင် ကြွားဝါခဲ့၏။ ဤစကားလုံးများက သူ့ကို စကားပြန်မပြောနိုင်လောက်အောင်ပင် စိတ်ဆင်းရဲခြင်းကြီးစွာ ခံစားရစေသည်။
သူ့ အဆောင်ရှိ ကျောင်းသားတိုင်းသည် တစ်ပတ်ရစ်ဖြစ်နေလျှင်တောင်မှ နာမည်ကြီးတံဆိပ် အဝတ်အစားများကိုသာ ဝတ်ဆင်ကြသည်။ ထို့အပြင် ထိုချမ်းသာသော မိသားစုများမှ ကလေးများသည် ကိုင်တွယ်ရန် အလွန်ခက်ခဲ၏။ အိမ်လိုက်သင်သည့် ကျူရှင်ဆရာတစ်ယောက်ဖြစ်သော သူ၏ အလုပ်သည် အဆင်ပြေချောမွေ့သော အလုပ် မဟုတ်ခဲ့ပေ။
ထိုအချိန်အတောအတွင်း၌ သူ့ အဆောင်မှ ကျောင်းသားတစ်ယောက်သည် ရှန်းကျင်အား စတင်သဘောကျခဲ့လေသည်။ ဟိုနားဒီနား၌ ချောင်းနားထောင်ပြီးသည့်နောက်တွင် ရှန်းကျင်၏ အဖေသည် ကုမ္ပဏီတစ်ခုမှ ဥက္ကဌတစ်ယောက်ဖြစ်ကြောင်း သူသိလာခဲ့၏။ သူမ၏ ကြည့်ကောင်းသော ရုပ်ရည်ကို မဆိုထားနှင့်၊ သူမ၏ အကျင့်စရိုက်ကလည်း ကောင်းမွန်ပြီး လူများစွာ၏ လိုက်လံပိုးပန်းမှုကိုလည်း ငြင်းပယ်ထားခဲ့သည်။