Chapter 209 : ခြောက်လှန့်တောင်းခံခြင်း
ကျင်းယွင်ကျောင်းက ဤကဲ့သို့ အထုပ်ဖြေချလိုက်ခြင်းကြောင့် ဝမ်ရှင်းဖန်းသည် အရှက်ကွဲသွား၍ ဘတ်စ်ကားပေါ်မှ အမြန် ဆင်းပြေးလာခဲ့သည်။ အပြင်ဘက်မှ နေရောင်ခြည်ပြင်းပြင်းက သူမ၏ မျက်နှာအား ပို၍ နီရဲလာစေ၏။
ကျင်းထျယ်ကျွင်းက ပါးစပ်ဟ၍ တစ်ခုခုပြောချင်နေသော်လည်း ကျင်းယွင်ကျောင်းက သူ့ကို အဖတ်မလုပ်ဘဲ မြို့တော်၏ အကြီးဆုံးဆေးရုံသို့သွားရန်အတွက် တက္ကစီတစ်စီးကို ချက်ချင်းပင် ခေါ်လိုက်သည်။
"တက္ကစီခက ဒီလောက်စျေးကြီးတာ...ငါတို့သုံးယောက်တည်း ဘတ်စ်ကားနဲ့သာသွားရင် ယွမ်နည်းနည်းနဲ့ လောက်တယ်"
ဝမ်ရှင်းဖန်းက ညည်းတွားလိုက်၏။
သူမ၏ မျက်နှာသည် အခက်အခဲကြုံနေရသလို ဖြစ်နေပြီး ပြုံးလိုက်ပါက ပို၍ ကြည့်ကောင်းနိုင်သော်လည်း လက်ရှိ စိတ်သောကရောက်နေသောပုံစံက ယွမ်သောင်းပေါင်းများစွာ ဆုံးရှုံးရတော့မည့်အလားပင်။
"ဘာမှမဖြစ်ပါဘူး၊ ယွမ်ဆယ်ဂဏန်းလေးပဲ မဟုတ်လား။ ငါတို့သမီးကို ရှာတွေ့တာထက် ဘာက ပိုအရေးကြီးမှာတုန်း"
ကျင်းထျယ်ကျွင်းက ပြန်ပြောလိုက်သည်။
ထိုသို့ကြားမှ ဝမ်ရှင်းဖန်းသည် ပါးစပ်ပိတ်သွား၏။
ထို့နောက် သူတို့ တက္ကစီပေါ်မှ ဆင်းသောအခါ ကျင်းထျယ်ကျွင်း ပိုက်ဆံထုတ်နေသည်ကို မစောင့်ဘဲ ကျင်းယွင်ကျောင်းက ပိုက်ဆံရှင်းပေးလိုက်သည်။
သူမသည် လူများထံမှ အခွင့်အရေး မယူချင်ပေ။ အကယ်၍ မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်ထွက်လာပြီးနောက် သူတို့က သူမ၏ မိဘအရင်းများ မဟုတ်ပါက ဤငွေပမာဏအနည်းအကျဥ်းလေးအပေါ်၌ ပဋိပက္ခများ ဖန်တီးကောင်း ဖန်တီးနိုင်ပေသည်။
ချောင်ဝေ့မင်ကဲ့သို့သော လူမျိုးများ ရှိနေခြင်းကြောင့် လက်ရှိအချိန်တွင် သူမသည် လူတိုင်းအပေါ်၌ သူမ၏ နံရံများကို မြင့်ခဲ့၏။
နင်းမြို့တော် အလယ်ခေါင်ရှိ ဆေးရုံသည် မြင့်မားသော မိုးမျှော်အဆောက်အဦးနှစ်ခုတွဲဖြစ်၍ တစ်ခုနှင့်တစ်ခု ယှဥ်လျက်ရှိသည်။ အဆောက်အအုံမှာ အမှန်တကယ်ပင် ခမ်းနား၍ ရင်သပ်ရှုမောဖွယ်ဖြစ်၏။ သူတို့၏ ခရိုင်၌ ဤဆေးရုံနှင့် ယှဥ်နိုင်သောအရာ မရှိပေ။