Chapter 252

898 63 0
                                    

Chapter 252 : တစ်ခါသေဖူး ပျဥ်ဖိုးနားလည်

ကျင်းယွင်ကျောင်းတို့ သုံးဦးပြန်ရောက်သောအခါ သူမသည် သူတို့အား နောက်တစ်ကြိမ်ထပ်၍ ကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် လူတိုင်း ကိုယ့်လမ်းကိုယ်သွားရန် ပြင်လိုက်ကြသည်။ ထို့နောက် လီရှောက်ယွင်သည် ခရိုင်မြို့၌ ညမအိပ်တော့ဘဲ နင်းမြို့တော်သို့ တန်းပြန်သွား၏။

ထိုကဲ့သို့ သူမအတွက်နှင့် ကိုယ့်ကိုကိုယ် အပင်ပန်းခံသည့် အပြုအမူများက ကျင်းယွင်ကျောင်းအား စိတ်လှုပ်ရှားစေသည်။ ထို့ကြောင့် လီရှောက်ယွင်အပေါ်ထားရှိသော သူမ၏ သဘောထားသည် လုံးဝ ဆန့်ကျင်ဘက် ပြောင်းလဲသွားပြီး သူ့အတွက် သစ်သီးဝိုင်အချို့နှင့် ဆေးဖက်ဝင်ဝိုင်များ ထည့်ပေးလိုက်သေးသည်။

သို့ရာတွင် လီရှောက်ယွင်က မပြန်ခင်၌ သူမအား စိုးရိမ်တကြီး မေးလာ၏။

"မင်းရဲ့မိဘတွေကို ပြန်ရှာဖို့အတွက် အကူအညီလိုသေးလား"

တုလင်းကလည်း ထိုအကြောင်းနှင့်ပတ်သတ်ပြီး စိုးရိမ်နေပုံပင်။

သို့သော် မမျှော်လင့်ဘဲ ကျင်းယွင်ကျောင်း၏ ခန္ဓာကိုယ်က တောင့်တောင့်လေးဖြစ်သွား၍ ခေါင်းယမ်းပြလာ၏။

တစ်ခါသေဖူး ပျဥ်ဖိုးနားလည်သည်။ သူမ၏ မိဘများက မည်ကဲ့သို့သောလူမျိုးများဖြစ်ကြောင်း သူမ, မသိချင်တော့ပေ။ မျှော်လင့်သည်က တခြား၊ လက်တွေ့က တခြားဖြစ်နေသောအခါ စိတ်ပျက်ရသည်နှင့်သာ အသားကျနေပြီဖြစ်သည်။

ထို့အပြင် သူမသည် စွန့်ပစ်ခံခဲ့ရသော ကလေးတစ်ယောက်သာဖြစ်၍ သူမ၏ မိဘများကို ရှာတွေ့လျှင်တောင်မှ သူတို့က သူမအား မနှစ်သက်မည်ကို သူမကြောက်မိ၏။ အဘယ့်ကြောင့် ထပ်မံ၍ ကိုယ့်ဒုက္ခကိုယ်ရှာနေဦးမည်နည်း။ သူမ ရှာတွေ့မည့်မိသားစုမှာ သားယောက်ျားလေးများကို သမီးမိန်းကလေးများထက် ပို၍ဦးစားပေးသော နောက်ထပ်မိသားစုတစ်ခုသာ ဖြစ်နေနိုင်၍ သူမကဲ့သို့သော အကျင့်စရိုက်ရှိသူတစ်ဦးနှင့် မည်သို့အတူနေနိုင်မည်နည်း။

လီရှောက်ယွင်သည်လည်း သူမထံမှ ငြင်းပယ်ခံရမည်ဟုသာ မျှော်လင့်ထားပုံရ၍ သူက ထပ်မံ၍ မတိုက်တွန်းတော့ပေ။

သူတို့ပြန်သွားပြီးနောက်တွင် ကျင်းယွင်ကျောင်းသည် သူမ၏ တိုက်ခန်းအိမ်ရာသို့ ပြန်လာခဲ့သည်။

ယနေ့ ကျင်းယွင်ကျောင်း သူမ၏ မိသားစုနှင့်တွေ့ရန် အိမ်ပြန်သည့်အကြောင်းကို သူမ၏ သူငယ်ချင်းများ သိကြ၏။ ဤကိစ္စက အလွန်အရေးကြီးသည်ဟု ခံစားရသောကြောင့် ရှောင်ဟိုင်ချင်းနှင့်အဖွဲ့သည် ကျောင်းဆင်းသည်နှင့် အိမ်သို့အပြေးပြန်လာကြသည်။ သူတို့သည် ကျင်းယွင်ကျောင်းကို မြင်သောအခါ ပို၍ပင် စိတ်လှုပ်ရှားသွားကြပြီး သူမဆီသို့ ပြေးလာကြ၏။

"ပြောင်ကျဲ၊ ဘယ်လိုတွေဖြစ်ခဲ့တာလဲ။ သူတို့က အစ်မကို ကောင်းကောင်းမွန်မွန် ဆက်ဆံရဲ့လား။ သူတို့က အနိုင့်မကျင့်ကြဘူး မဟုတ်လား။ အစ်မရဲ့မောင်တွေညီမတွေကရော အစ်မနဲ့ တူရဲ့လား"

စူးချူက အမောတကော မေးလာသည်။ ကန်ကျင်းချန်သည် စိတ်ပူနေသော်လည်း သူကမူ စူးချူကဲ့သို့ တဲ့တိုးမမေးပေ။

"နင် ဘာလို့ အစောကြီး ပြန်လာတာလဲ။ သူတို့က နင့်ကို ညမအိပ်ခိုင်းဘူးလား"

ထိုအခါ ကျင်းယွင်ကျောင်းက သူတို့၏ မေးခွန်းများအား ဖြေရန် ဟန်ပြင်လိုက်စဥ်မှာပင် ရှောင်ဟိုင်ချင်းက သူတို့နှစ်ယောက်အား ဘေးသို့ တွန်းဖယ်လိုက်ပြီး သူမ၏ ဘေး၌ ဝင်ထိုင်လိုက်ကာ သူမ၏ မျက်နှာကို ဆွဲလှည့်လိုက်၍ လေးလေးနက်နက် မေးလာသည်။

"သူတို့က နင့်ကိုချစ်လား။ ဘာပဲဖြစ်ဖြစ် သူတို့က နင့်ကို မမျှမတ ဆက်ဆံရင် နင် ပြန်ပြောရမယ်နော် ဟုတ်ပြီလား။ နင် တီဗီထဲမှ မြင်ဖူးတဲ့ အိမ်ရှင်မတွေလို ဒေါသတွေကို ထိန်းချုပ်ထားပြီး မမျှမတ ဆက်ဆံခံရလို့ ကြိတ်နာကျင်နေတာမျိုး မလုပ်ရဘူးနော်"

ကျင်းမိသားစုအပေါ် သူတို့၏ အမြင်မှာ အတော်လေး စိတ်ကသိကအောက်ဖြစ်စရာကောင်းလှ၍ ထိုအမြင်အား စကားလုံးတစ်လုံးတည်းနှင့်ပင် ဖော်ပြနိုင်သည်။

ကြောင်တောင်တောင်နိုင်ခြင်း။

သူတို့သည် ကျင်းမိသားစုက ဆင်းရဲသောကြောင့် ကျင်းယွင်ကျောင်း၏ မိဘများဖြစ်ရန် မထိုက်တန်ဟု အထင်သေးခြင်း မဟုတ်ပေ။ တကယ်တမ်း မိဘမဲ့ဖြစ်နေခြင်းထက် ဆင်းရဲသား မိဘများရှိနေခြင်းက ပို၍ပင် ကောင်းသေးသည်။ သူတို့ ထိုကျင်းမိသားစုအား သဘောမကျဘဲ ဖြစ်နေရခြင်းမှာ သူတို့၏ အလိုလိုသိစိတ်သည် ကျင်းယွင်ကျောင်းအား ထိုလူများက အချိန်မရွေး ပြန်ပေးဆွဲဖမ်းချုပ်သွားနိုင်သည်ဟူသော ထူးဆန်းသည့် ခံစားချက်ကို ဆက်တိုက်ခံစားနေရသောကြောင့် ဖြစ်သည်။

ကျင်းယွင်ကျောင်းသည် ခဏမျှ ကြောင်အအဖြစ်နေ၏။ အထူးသဖြင့် ရှောင်ဟိုင်ချင်းက သူမ၏ မျက်နှာကို လက်နှစ်ဖက်နှင့် အုပ်ကိုင်ထားပြီး သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးက တစ်ဆယ်စင်တီမီတာမျှပင် မကွာဝေးတော့သောကြောင့် ဖြစ်သည်။

ထိုအခါ ရှောင်ဟိုင်ချင်းက ကျင်းယွင်ကျောင်း ကြောင်အ,နေသည်ကို သတိထားမိလိုက်ပြီး နောက်ဆုံးတွင် သူမက ကျင်းယွင်ကျောင်း၏ မျက်နှာကို အားရပါးရ ဖျစ်ညှစ်ဆုပ်ကိုင်ထားမိကြောင်း သတိရသွား၏။ မူလက ကျင်းယွင်ကျောင်း၏ မျက်နှာသေးသေးလေးပေါ်ရှိ ပါးစုန့်လေးများမှာ အားဖြင့် အညှစ်ခံထားရသောကြောင့် သစ်စေ့သစ်ဆန်များ ပါးစပ်အပြည့်ငုံထားသော ချစ်စရာ ရှဥ့်ပေါက်လေးတစ်ကောင်ကဲ့သို့ ဖောင်းကားနေရာ အလွန်ပင် အသည်းယားစရာ ကောင်းလှသည်။

ထို့နောက် ရှောင်ဟိုင်ချင်းက ပြုံးဖြဲဖြဲလုပ်ပြပြီး အလျင်အမြန် ပြောလိုက်၏။

"စိတ်မဆိုးနဲ့နော် ဟုတ်ပြီလား။ ငါ တမင်လုပ်တာ မဟုတ်ပါဘူး၊ နည်းနည်းစိတ်လှုပ်ရှားသွားလို့။ ဟားဟားဟား"

ကျင်းယွင်ကျောင်းက ဤကဲ့သို့ နီးနီးကပ်ကပ်ထိတွေ့မှုများကို မနှစ်သက်ကြောင်း သူမ အသိဆုံးဖြစ်သည်။

ရှောင်ဟိုင်ချင်းက သူမ၏ မျက်နှာကို လက်ဖဝါးဖြင့် အကြိမ်ရေအနည်းငယ်ခန့် တမင်တကာ ဖိပွတ်ပြီးမှ လွှတ်ပေးလိုက်၏။ သို့သော် ကျင်းယွင်ကျောင်း၏ နူးညံ့သော အသားအရေ ထိကိုင်ရသည့်ခံစားချက်ကို  အကြိုက်မတွေ့ဘဲ မနေနိုင်ချေ။

ထိုအခါ ကျင်းယွင်ကျောင်းက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်ပြီး ...

"နင်တို့တွေ ဒီနေ့ဘာတွေဖြစ်ခဲ့လဲဆိုတာ မသိချင်ကြဘူးလား။ အရင်ဆုံး ထိုင်လိုက်ကြ၊ ပြီးရင် ငါရှင်းပြမယ်။ ဒါပေမယ့် ဟိုင်ချင်း၊ အရင်ဆုံး နင် ဘာပစ္စည်းကိုမှ မဖျက်ဆီးပါဘူး၊ စားပွဲကို မလှန်ပါဘူး၊ အော်ကြီးဟစ်ကျယ် မဆဲပါဘူးလို့ ငါ့ကို ကတိပေးရမယ်။ အဲလိုမှမဟုတ်ရင် အိမ်နီးချင်းတွေက ဆူလို့ဆိုပြီး လာပြောကြလိမ့်မယ်"

အဲလောက်တောင် ဆိုးတယ်လား။

ရှောင်ဟိုင်ချင်းက အပြစ်ကင်းစင်းသော မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ခပ်မြန်မြန် သဘောတူလိုက်သည်။

"ငါ စိတ်ငြိမ်ငြိမ်ထားပါ့မယ်လို့ ကျိန်ပြောတယ်"

ကျင်းယွင်ကျောင်းသည် မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးချက်အသစ်ထွက်လာပြီးမှ သူတို့အား ဤအကြောင်းအရာများကို အမှန်တကယ် ပြောပြချင်ခဲ့သော်လည်း စိုးရိမ်ပူပန်မှုများ ဖိတ်လျှံကျနေသည့် မျက်ဝန်းသုံးစုံအား မြင်သောအခါ သူမသည် ထိုအကြောင်းအရာအား ဆက်၍ လျှို့ဝှက်ထားရမည်ကို စိတ်မကောင်းဖြစ်မိသွား၏။

ထို့နောက် နားထောင်မည့်သူသုံးယောက်သည် ကျင်းယွင်ကျောင်း၏ အနားတွင် စုထိုင်လိုက်ကြပြီး သူမကိုသာ အာရုံစိုက်နေကြကာ သူမ၏ စိတ်ကို သူမ ပြင်ဆင်နေသည်အား စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးနေကြသည်။ ဤသို့ဖြင့် ကျင်းယွင်ကျောင်းသည် ယနေ့ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်များကို ထိုနားထောင်သူသုံးယောက်အား တစ်ခါတည်း တစ်လုံးမကျန် စတင်ပြောပြလေတော့သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Donde viven las historias. Descúbrelo ahora