Chpater 411 : ရောဂါကျွမ်းနေသူ
ကျီရှန်းရှန်း၏ ရန်လိုနေမှုကြောင့် ချွေ့ကျွင်း၏ မျက်နှာမှာ နီရဲလာ၍ မသိမသာ အံကြိတ်လိုက်၏။
သူသည် အသက်ငယ်သော်လည်း ဒေါသထွက်လာသည့်အချိန်၌ အနည်းငယ် ကြောက်ဖို့ကောင်းသည်။ ထို့ကြောင့် ချွေ့ကျွင်းက စားပွဲကို ဘုန်းခနဲမြည်အောင် ရိုက်လိုက်ပြီး မတ်တပ်ထရပ်လိုက်၍ ကျီရှန်းရှန်းအား လက်ညှိုးငေါက်ငေါက်ထိုး၍ ပြောလိုက်၏။
"ကျီရှန်းရှန်း၊ ငါ ထပ်ပြောလိုက်မယ်။ ငါနဲ့ ပြောင်ကျဲနဲ့က ဘာမှမဆိုင်ဘူး။ ပြီးတော့ နင်က ဘယ်သူ့ကို ဆန်ကုန်မြေလေးလို့ ခေါ်လိုက်တာလဲ။ ငါ့ကိုလား။ ဒီနှစ်တွေအတွင်းမှာ ငါ့ကိုလိုက်ပြီး အတင်းတွယ်ကပ်နေတာ နင်လေ။ ငါက နင့်ကို သေလောက်အောင် မုန်းတာကို နင် မမြင်ဘူးလား။ အရှက်မရှိဘဲနဲ့ ငါက အတင်းခွာချတာတောင် မရတဲ့သူက နင်လေ။ နင့်အကြောင်းကို တွေးလိုက်တိုင်း ငါ ခေါင်းကိုက်တယ်"
"ဒါတောင် နင်က ငါ့ရှေ့မှာ အဓိပ္ပါယ်မရှိတာတွေကို အရှက်မရှိ ပြောနေသေးတယ်လား။ ငါ နင့်ကို ပြောမယ်၊ ငါ့ရဲ့ ပြောင်ကျဲကို တောင်းပန်လိုက်။ အခုချိန်ကစပြီး နင် ပြောင်ကျဲကို အနိုင်ကျင့်ရင် ငါ့ ရှေ့မှာ ဘယ်တော့မှ ထပ်ပေါ်မလာတော့နဲ့။ ပြီးတော့ နင် ယွမ်ငါးသောင်း ယူလာခဲ့။ နင့်ကြောင့် ငါ့ရဲ့ပြောင်ကျဲက အခု နေစရာ မရှိတော့ဘူး။ နင် သူ့ကို လျော်ကြေးပေးရမယ်"
"ဖွီ ..."
ချွေ့ကျွင်း၏ စကားဆုံးသည်နှင့် ရှောင်ဟိုင်ချင်းက ကော်ဖီများကို ထွေးထုတ်လိုက်၏။
"အား...ငါတော့ ကော်ဖီ သီးပြီး သေတော့မှာပဲ"
ရှောင်ဟိုင်ချင်းက ကျင်းယွင်ကျောင်း ကမ်းပေးလာသည့် တစ်ရှူးများကို ယူ၍ သုတ်လိုက်ပြီးနောက် ထူးဆန်းသည့် အမူအယာဖြင့် ပြောလာသည်။
"ဒီကောင့်ရဲ့ ရောဂါက အတော်လေး ကျွမ်းနေတာပဲ။ ယွင်ကျောင်း၊ ငါ အရမ်းကြောက်နေပြီ။ ဒီရောဂါက ကူးတတ်လား ဟင်"
သူမတို့ နှစ်ယောက်သည် ဘေး စားပွဲတွင်သာ ထိုင်နေကြသည် ဖြစ်ရာ ရှောင်ဟိုင်ချင်း၏ အသံက မကျယ်သော်လည်း ထိုစကားများကို ချွေ့ကျွင်းလည်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။