Chapter 352 : မင်းကို ဘယ်တော့မှ အလျှော့မပေးဘူး
လူများစွာက စန်းရန်အား အားပေးနှစ်သိမ့်သည့်အကြည့်များဖြင့် ကြည့်လိုက်ရာ သူမသည် အနည်းငယ် အားတက်သွား၍ ပြန်ပြုံးပြလိုက်သည်။
“ဖုန်းရှန်းဟွား၊ ကျင်းတိလော်၊ ချန်းကျူးချုံ၊ ငါးကြင်းနက်…ချီရှု၊ ပုလဲ၊ ဆိုဒီယမ် ဆာလဖိတ်၊ ကျစ်ဝူယန်ဟွေ့ ...."
ပတ်ဝန်းကျင်ရှိလူများသည် ထိုအမှားကို များစွာ ဂရုမစိုက်တော့ဘဲ အဖြေသာ ဆက်တိုက်နေကြ၏။
သို့ရာတွင် သူတို့ ဆက်၍ဖတ်လေလေ ပို၍အခက်တွေ့လာလေလေဖြစ်သည်။ အဖြေလွှာ၌ ဆေးပင်အမည်များကို သင့်တင့်လျောက်ပတ်သော နည်းစနစ်ဖြင့် အစဥ်လိုက်စီထားခြင်း မရှိပေ။ နှစ်မိနစ်ခန့်ကြာပြီးနောက်တွင် စန်းရန်၏ အဖြေလွှာကိုဖတ်နေသည့်ဘက်မှ လူတစ်ယောက်က ထအော်လိုက်ပြန်၏။
"ဒီမှာ နောက်ထပ်ဆေးပင်နာမည်နှစ်ခု ကျန်နေခဲ့ပြန်ပြီ။ ပြီးတော့...အစဥ်လိုက်စီထားတာတွေကလည်း မှားနေတယ်"
"ကျင်းယွင်ကျောင်းကရော ဘယ်လိုလဲ"
လူတစ်ယောက်က ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။
"အကုန်မှန်တယ်"
အကဲဖြတ်ဒိုင်အဖွဲ့ထဲမှ လူအချို့သည် မချင့်မရဲဖြစ်နေကြ၏။
သူတို့သည် ကျင်းယွင်ကျောင်းကဲ့သို့ မိုးကျရွှေကိုယ်တစ်ယောက်နှင့် ယှဥ်ပါက စန်းရန်ကဲ့သို့ ယခင်ကတည်းက သူမ၏ အရည်အချင်းကို သက်သေပြထားဖူး၍ အနာဂတ်၌ မျှော်မှန်းချက်ရှိသူတစ်ယောက်ကို ပို၍ ဦးစားပေးဘက်လိုက်ကြသည်မှာ သဘာဝပင်။ သူတို့သည်လည်း သူမအား ကူညီပေးချင်ကြသည်။ သို့သော် သူမက အမှားအနည်းငယ်သာ လုပ်ခဲ့မိခြင်းဖြစ်သော်လည်း ကျင်းယွင်ကျောင်းကမူ လုံးဝ အမှားမရှိပေ။
စန်းရန်၏မျက်နှာက အစိမ်းရောင်ပြောင်းသွား၏။
အနောက်၌ ဆေးပင်အမည် ဒါဇင်ပေါင်းများစွာကျန်သေး၍ ဆက်၍ စစ်ဆေးလေလေ စန်းရန်၏ အမှားများက ပို၍ များလာလေလေ ဖြစ်ကြောင်း လူတိုင်းပြောနိုင်သည်။ ထို့အပြင် လက်တွေ့၌ သူမ၏ လက်ရေးသည် ဖတ်ရခက်လှ၏။ တစ်ခါတစ်ရံ၌ သူမသည် စာလုံးများကို ဖျက်လိုက်ပြီးနောက် နောက်တစ်ခေါက် ထပ်ရေး၍ ပြန်ဖျက်ပစ်ပြန်သည်။ ထို့ကြောင့် သူမ၏ အဖြေလွှာစာရွက်သည် ရှုပ်ပွနေ၍ ရှင်းရှင်းလင်းလင်း မရှိပေ။