Chapter 297

850 68 0
                                    

Chapter 297 : ဘော့စ်

"မျိုးရိုးနာမည်က ကျင်းလား။ မင်းက ဘော့စ်ကျင်းများလား"

ချူးရုန်က အံ့အားသင့်စွာဖြင့် ပြုံးလိုက်သော်လည်း သူသည် ချက်ချင်းပင် အလန့်တကြားဖြစ်သွားပြန်သည်။

"တောင်းပန်ပါတယ်။ ကျွန်တော့် ဘော့စ်ရဲ့မျိုးရိုးနာမည်ကလည်း ကျင်းဆိုပြီး ဒီနေ့မှ ကြားထားတာ။ အခုန မင်းကို တွေ့တော့ သူလို့ထင်လိုက်လို့ပါ"

ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ သူက အရမ်းငယ်သေးတာ၊ သေချာပေါက် အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်ပဲ မဟုတ်လား။

ထို့အပြင် ကျင်းယွင်ကျောင်း... သူသည် ထို 'ယွင်ကျောင်း' ဟူသော နာမည်နှစ်လုံးနှင့် ရင်းနှီးနေပြီး ယခင်က တစ်နေရာရာ၌ ကြားဖူးနေသည်။

"မန်နေဂျာချူး၊ ရှင် မမှားပါဘူး"

ကျင်းယွင်ကျောင်းက ပြုံး၍ လက်ဆွဲနှုတ်ဆက်ရန်အတွက် လက်ကမ်းပေးလိုက်၏။

သူ၏ အရှေ့တွင် ကမ်းပေးနေသော လက်သေးသေးလေးတစ်ဖက်ကိုကြည့်၍ ချူးရုန်သည် ဥာဏ်မမှီတော့ပေ။ သူ မမှားဘူးတဲ့လား။ ဒါ ဘာအဓိပ္ပါယ်လဲ။

"မင်း...မင်းက ဒီနေရာရဲ့သူဌေးလား"

ချူးရုန်သည် ထိတ်လန့်လွန်း၍ ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး သရဲတစ်ကောင်နှင့်တွေ့လိုက်သည့်အလားပင်။ သူသည် စကားဆုံးသည်နှင့် မျက်မှောင်ကြုံ့လိုက်ပြီး ကျင်းယွင်ကျောင်းအား အကဲခတ်လိုက်သည်။

"မဖြစ်နိုင်ဘူး။ ပိုင်ယွီအန်း ကျွန်တော့်ကိုပြောတာ ဒီလက်ဖက်ရည်ဆိုင်နဲ့ ကျောက်စိမ်းဝိညာဥ်ဝိုင်ရဲ့နောက်ကွယ်က လူက အတူတူပဲတဲ့"

လက်ဖက်ရည်ဆိုင်တစ်ဆိုင်တည်းဆိုပါက အံ့သြစရာ မဟုတ်သော်လည်း အဓိကမှာ သူမသည် ကျောက်စိမ်းဝိညာဥ်ဝိုင်နှင့် ပတ်သတ်နေသည်ဆိုသည့်အချက်ပင်။

ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီသည် ကြီးမားသည့် စီးပွားရေးကုမ္ပဏီကြီးတစ်ခု မဟုတ်သော်လည်း ယခုအချိန်၌ အတော်လေး ရေပန်းစားသည်ဟု ယူဆနိုင်သည်။ သူတို့၏ ဝိုင်ကို တစ်ငုံလောက် သောက်လိုက်မိသည့် မည််သူမဆို အမြဲတမ်း အကြီးအကျယ် ချီးမွမ်းစကားဆိုလေ့ရှိ၏။ အကယ်၍ လက်ရှိစျေးကွက်ထဲ၌ ရောင်းအားအကောင်းဆုံး ယမကာတံဆိပ်ကို မေးပါက ခြွင်းချက်မရှိ ကျောက်စိမ်းဝိညာဥ်ဝိုင်ပင်။

ကံဆိုးသည့်အချက်မှာ ထိုဝိုင်သည် နင်းမြို့တော်တွင်သာ ရေပန်းစား၍ ၎င်း၏ အမည်က ဟွားနင်ခရိုင်အထိ မရောက်သေး။

"တကယ်လို့ ရှင် ကျွန်မကို မယုံဘူးဆိုရင် ဖုန်းခေါ်ပြီး မေးကြည့်လို့ရတယ်နော်"

ကျင်းယွင်ကျောင်းက ပခုံးတွန့်ပြလိုက်ပြီး ကမ်းထားသည့် လက်ကို ပြန်ရုတ်လိုက်သည်။ ထို့နောက် သူမသည် ရုံးခန်းထဲသို့ လှည့်ပတ်၍ လေ့လာနေ၏။

အရေးကြီးကိစ္စဖြစ်သောကြောင့် ချူးရုန်သည်လည်း သေချာစုံစမ်းရန် လိုအပ်သဖြင့် ပိုင်ယွီအန်းကို ချက်ချင်း ဖုန်းဆက်လိုက်သည်။

ပိုင်ယွီအန်းသည် ကျင်းယွင်ကျောင်းက လက်ဖက်ရည်ဆိုင်သို့ သွားကြည့်မည့်အကြောင်းကို သိထားပြီးဖြစ်သဖြင့် ချက်ချင်းပင် ဖုန်းကိုင်လိုက်သည်။ လက်တွေ့၌ လှပသော မိန်းကလေးငယ်လေးတစ်ယောက် ရုတ်တရက်ပေါ်လာပြီး သူမကိုယ်သူမ ဘော့စ်တစ်ယောက်အဖြစ် မိတ်ဆက်လိုက်ခြင်းအား မအံ့သြသည့်သူရှိမည် မဟုတ်ပေ။ ဖုန်းထဲမှ ချူးရုန်၏ တုန်လှုပ်၍ ကယောင်ခြောက်ခြား ဖြစ်နေသည့်အသံကို ကြားသောအခါ သူ၏ ရင်ထဲတွင် ကျေနပ်ပျော်ရွှင်မှုများ ဝေဖြာသွားခဲ့သည်။

ချူးရုန်သည် ပိုင်ယွီအန်း၏ တက္ကသိုလ်မှ ဂျူနီယာဖြစ်၏။ သူသည် လက်ဖက်ရည်နှင့် ဆက်စပ်နေသော အရာအားလုံးကို စွဲစွဲလန်းလန်း ချစ်မြတ်နိုးလေသည်။ တက္ကသိုလ်တက်နေစဥ်က သူသည် သူ၏ ပိုက်ဆံများအားလုံးကို လက်ဖက်ရည်ဖျော်သည့် ကိရိယာများနှင့် လက်ဖက်ရွက်များဝယ်ရန် သုံးပစ်တတ်၍ သူ့အား လူထူးဆန်းတစ်ယောက်ဟုပင် ယူဆနိုင်၏။

ဘွဲ့ရပြီးသည့်နောက်တွင် သူသည် လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အလုပ်ရခဲ့သည်။ သို့သော် အလုပ်ရပြီး မကြာခင်မှာပင် အလုပ်ထွက်လိုက်လေ၏။ ဤနှစ်များအတွင်းတွင် သူသည် လက်ဖက်ရည်ဆိုင်ပေါင်းများစွာ ပြောင်း၍ အလုပ်လုပ်ခဲ့ပြီး နောက်ပိုင်း၌မူ ကမ္ဘာပတ်၍ လက်ဖက်ရည်ယဥ်ကျေးမှုကိုသာ လေ့လာနေတော့သည်။ ထို့ကြောင့် ပိုင်ယွီအန်းသည် သူ့အား ပြန်လာရန်အတွက် ဖိတ်ခေါ်ရသည်မှာ မလွယ်ကူလှပေ။

ပိုင်ယွီအန်းသည် ချူးရုန်၏ အကြောင်းကို ရှင်းရှင်းလင်းလင်း သိသည်။ ချူးရုန်သည် အရည်အချင်းရှိပြီး စိတ်အားထက်သန်မှုလည်း ရှိ၏။ သို့သော် လက်ဖက်ရည်ဆိုင်များ၌ ကြာကြာအလုပ်မလုပ်နိုင်ခြင်းမှာ သူသည် လက်ဖက်ရည်နှင့်ပတ်သတ်လျှင် မည်သည့် အပြစ်အနာအဆာကိုမှ သည်းမခံနိုင်ခြင်းကြောင့် ဖြစ်သည်။ လက်တွေ့၌ လက်ဖက်ရည်ဆိုင်များသည် အမြတ်ရရေးကိုသာ အဓိကဦးစားပေး၍ ဧည့်သည်များကိုသာ ဂရုစိုက်ကာ လက်ဖက်ရွက်ကိုမူ အမှန်တကယ် အလေးထားမှု မရှိကြပေ။

သို့ရာတွင် ကျင်းယွင်ကျောင်းကမူ မတူ။ သူမ၏ ကုန်ပစ္စည်းအရည်အသွေးအပေါ် အလေးထားပုံကို ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီအား စီမံခန့်ခွဲပုံမှတစ်ဆင့် သူတွေ့မြင်နိုင်ပေသည်။

"ပိုင်ယွီအန်း၊ ဘာတွေဖြစ်နေတာလဲ။ ကျွန်တော်တို့ဘော့စ်ရဲ့နာမည်က ဘာလဲဆိုတာ ခင်ဗျား ကျွန်တော့်ကို ပြောပြရင် ပိုကောင်းမယ်။ သူက အသက်ဘယ်လောက်လဲ။ ယောက်ျားလေးလား၊ မိန်းကလေးလား"

ချူးရုန်က တရစပ် မေးလိုက်၏။

ပိုင်ယွီအန်းသည် သူ၏အသံကြောင့် နားအူသွားသော်လည်း ရယ်နေဆဲပင်။

"မင်း သူနဲ့တွေ့ပြီးပြီလား။ ဘယ်လိုလဲ။ လှရဲ့လား"

ဤစကားသည် ချူးရုန်အား အမှန်တကယ်ပင် စိတ်ရှုပ်သွားစေသည်။

"တကယ်လား။ ကျင်းယွင်ကျောင်းလား။ ဆယ့်ခြောက်၊ ဆယ့်ခုနစ်လောက် ကောင်မလေးလေ"

ဒီခေတ် ကလေးတွေအားလုံးက တကယ်ပဲ တအားလုပ်ရည်ကိုင်ရည် ရှိကြတာလား။ သူတို့က အသက်တောင် မပြည့်သေးဘဲ ဒီလိုမျိုး အဆင့်အတန်းရှိတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို စပြီးတည်ထောင်ပြီးသွားပြီ။ ဒီလိုသာဆိုရင် ငါတို့လို အရွယ်ရောက်ပြီးသား လူကြီးတွေကရော။ ငါတို့လည်း စိတ်ဝင်စားမယ့် လုပ်ငန်းအသစ်တစ်ခုလောက် ရွေးပြီး အစကနေ ပြန်စရမလား။

"အမှန်ပဲ၊ ကျင်းယွင်ကျောင်းက ငါ အရမ်းဂုဏ်ယူရတဲ့ အလုပ်ရှင်သူဌေးကြီးပဲ"

ပိုင်ယွီအန်းက ထပ်မံ၍ အတည်ပြုပေးလိုက်၏။

ချူးရုန်သည် ဒုတိယအကြိမ်မြောက် အံ့သြထိတ်လန့်သွား၍ ပိုင်ယွီအန်းဆီမှ သူ၏ ဘော့စ်အကြောင်း ပထမဆုံးကြားဖူးခဲ့သည့်အချိန်ကို ပြန်စဥ်းစားလိုက်သည်။

ကျောက်စိမ်းဝိညာဥ်ဝိုင် ချက်လုပ်သည့်နည်းလမ်းများအားလုံးကို ဘော့စ်ကိုယ်တိုင်ထံမှ ရရှိခြင်းဖြစ်သည်ဟု ပြောခဲ့ဖူး၏။ ဘော့စ်သည် တစ်ခါမှ လူလုံးထွက်ပြခြင်း မရှိခဲ့သောကြောင့် ထိုစကားသည်  အနည်းငယ် ယုံကြည်စရာ မကောင်းဘဲ ဖြစ်နေလိမ့်မည်ဟုလည်း သူက ထပ်ပြောခဲ့ဖူးသည်။ သို့သော် လက်တွေ့တွင် သူတို့၏အမြင်၌ အတော်လေး ပွင့်လင်းမြင်သာမှု မရှိပေ။ လက်ရှိ ကျောက်စိမ်းဝိညာဥ်ဝိုင်၏ အဓိကဆုံးဖြတ်ချက်များအားလုံးကို ဘော့စ်ကိုယ်တိုင်မှ အတည်ပြုပေးခြင်းသာဖြစ်ချေသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now