Chapter 233 : သွေးသားတော်စပ်မှု
ဝမ်ရှင်းဖန်းသည် သူမကိုယ်သူမ တီးတိုးပြောနေသည့်အလား ခပ်တိုးတိုး ပြောလာသည်။
ကျင်းထျယ်ကျွင်းက အနည်းငယ် မျက်မှောင်ကြုံ့ပြီး ပြောလိုက်၏။
"မရဲတင်းစမ်းနဲ့။ သူ့လို လူမျိုးတွေနဲ့ ဆက်ဆံတဲ့အခါမှာ ငါတို့က ငြင်သာတဲ့ ချဥ်းကပ်နည်းကို သုံးဖို့လိုတယ်။ ဆေးရုံသွားတဲ့နေ့တုန်းက သူ့ရဲ့ အေးစက်စက်နဲ့ သူများနဲ့မတူတဲ့ စိတ်ထားကို မင်း မမြင်လိုက်ပေမယ့် ငါ မြင်ခဲ့တယ်။ ငါတို့သာ သူ့ဘေးမှာ ဒီလိုလိုက်ကပ်နေရင် မကြာခင် ဒါမှမဟုတ် နောက်ပိုင်းကျရင် သူက ငါတို့ကို သူရဲ့မိဘအရင်းတွေလို စပြီးတော့ ဆက်ဆံလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့က ထိုင်ပြီးတော့ အကျိုးအမြတ်တွေကို ခံစားရုံပဲ"
"ကျွန်မ သိပါပြီ၊ သိပါပြီ"
ဝမ်ရှင်းဖန်းက ခေါင်းတဆတ်ဆတ် ငြိမ့်ရင်း ပြောလိုက်၏။
"နောက်တစ်ခါ ဒီလိုစကားမျိုးတွေ ထပ်မပြောမိစေနဲ့။ သူ့ကို ငါတို့မိသားစုရဲ့ သမီးအကြီးဆုံးလိုပဲ ဆက်ဆံ"
ကျင်းထျယ်ကျွင်းက သူမကို ထပ်မံ၍ သတိပေးလိုက်သည်။
ဝမ်ရှင်းဖန်းလည်း ဆက်၍သာ ခေါင်းညိတ်ပြနေလိုက်၏။
ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် ကျောင်းသို့ ပြန်သွားပြီဖြစ်ရာ ကျင်းထျယ်ကျွင်းနှင့် ဝမ်ရှင်းဖန်းတို့၏အကြားရှိ အပြန်အလှန် ပြောဆိုမှုများအားလုံးကို လွတ်သွားသည်။
"ဒါဆိုရင် ဘယ်လိုလဲ။ နင်တို့က တော်စပ်မှုရှိတာလား"
ကျင်းယွင်ကျောင်းသည် အတန်းထဲသို့ ပြန်ရောက်ကတည်းက ရှောင်ဟိုင်ချင်း၏ တရစပ်မေးခွန်းများနှင့် ရင်ဆိုင်နေရ၏။
ဤကိစ္စသည် ရက်ပေါင်းများစွာကြာအောင် ဤလူနည်းစုအား ဒုက္ခပေးနေခဲ့သည်။ သူတို့သည် ကျင်းယွင်ကျောင်း၏ မိဘအရင်းများကို ရှာတွေ့စေချင်သော်လည်း တစ်ချိန်တည်းမှာပင် သူတို့သည် သူမအတွက် စိုးရိမ်ကြောက်ရွံ့နေကြ၏။ ကျင်းယွင်ကျောင်းသည် ခက်ခဲကြမ်းတမ်းသော ငယ်ဘဝကို ဖြတ်သန်းခဲ့ရ၍ သူမ၏ မိဘအရင်းများကသာ မွေးစားမိဘများထက် ပိုဆိုးနေပါက မည်မျှကြောက်စရာကောင်းမည်နည်း။ သူမသည် ကျားကြောက်၍ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုးသည့်အဖြစ်သို့ ရောက်သွားမည်လား။
သူတို့သည် များသောအားဖြင့် လူများကို အဆိုးမြင်လေ့မရှိသော်လည်း ကျင်းယွင်ကျောင်း၏ ကိစ္စ၌မူကား ကွာခြားသည်။ သူမသည် စွန့်ပစ်ခံခဲ့ရသော ကလေးငယ်တစ်ယောက်ဖြစ်ရာ မိမိ၏ သမီးအရင်းကိုပင် မကာကွယ်နိုင်သော မိဘများက သူမအပေါ် မည်မျှကောင်းပေးနိုင်မည်နည်း။
"ငါက သူတို့ရဲ့ သမီးအရင်းတဲ့"
ကျင်းယွင်ကျောင်းက မသဲမကွဲ လေသံလေးနှင့် ပြောလိုက်သည်။
"ဟမ်"
ရှောင်ဟိုင်ချင်းက ခဏမျှ ဆွံ့အ,သွားသည်။
"ဘယ်လိုဖြစ်ပြီး ဒီလောက်တိုက်ဆိုင်တာလဲ။ ဒါပေမယ့် ယွင်ကျောင်း၊ သူတို့က တစ်ခုခုပြောသေးလား။ သူတို့က သေချာပေါက် နင့်ရဲ့မောင်နှမသုံးယောက်ကို တွေ့ဖို့ နင့်ကို ခေါ်သွားချင်နေမှာပေါ့"
"ငါ မနက်ဖြန်မနက်အစော သူတို့ကို တွေ့ရမှာ။ ငါ ဆရာကျီ့ကိုလည်း ပြောဖို့ လိုသေးတယ်"
ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်၏။
ကျင်းယွင်ကျောင်း စကားပြောသောအခါ သူမ၏ အသံမှာ ပင်ပန်းနွမ်းနယ်နေ၍ သူမသည် ဤအခြေအနေနှင့် ပတ်သတ်ပြီး စိတ်မလှုပ်ရှားကြောင်း ရှောင်ဟိုင်ချင်းနှင့် စူးချူပင် ပြောနိုင်သည်။ မိဘအရင်းများကို ရှာတွေ့သည့် ကိစ္စသည် ပျော်နေသင့်သော ကိစ္စဖြစ်သော်လည်း ကျင်းယွင်ကျောင်းသည် သူမ၏ မိဘအရင်းများနှင့် ပတ်သတ်၍ မျှော်လင့်ချက်ရှိနေသေးကြောင်း ကြိုတင်ခန့်မှန်းကြည့်၍ ရ၏။
ထို့ကြောင့် သူတို့နှစ်ဦးသည် အခြား ဘာမှထပ်မပြောရဲတော့ဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ နေလိုက်ကြ၍ ကျင်းယွင်ကျောင်း စိတ်လျှော့နိုင်ရန် အချိန်ပေးလိုက်ကြသည်။
ထိုရလဒ်သည် ကျင်းယွင်ကျောင်းအား အချိန်အတော်ကြာအောင် စိတ်ရှုပ်စေခဲ့၏။ အကြောင်းမှာ သူစိမ်းများအတွက်မူ သူမသည် သူတို့အား တစ်ချက်မှ ဂရုမစိုက်ဘဲ သတ္တိရှိရှိ မျက်နှာချင်းဆိုင်နိုင်သည်ဟု ထင်ကြသော်လည်း သူမကိုယ်တိုင်မှာမူ သူမနှင့် သွေးသားတော်စပ်သူများအား မည်သို့ ဆက်ဆံမှန်းမသိ ဖြစ်နေခြင်းပင်။ သူမသည် သူတို့နှင့်မနီးစပ်ချင်သော်လည်း တစ်ချိန်တည်းမှာပင် သူတို့နှင့်ပိုရင်းနှီးမှုရစေမည့် ဆက်ဆံရေးကို အစပျိုးချင်နေမိပြန်၏။
ထိုခံစားချက်သည် မချင့်မရဲဖြစ်လွန်းလှသည်။
ထို့နောက် သူမသည် နေ့လည်ခင်းတစ်ခင်းလုံး သူမ၏ အတွေးများကို စုစည်းရန် ကြိုးစားရင်း အချိန်ကုန်ခဲ့ပြီး ညရောက်သောအခါ နေရာလွတ်နယ်မြေထဲသို့ ပြန်ဝင်လာခဲ့၏။ နယ်မြေထဲမှ လတ်ဆတ်သော ဆေးနံ့က သူမ၏ စိတ်ကို ကြည်လင်သွားစေသည်။
ရှောင်လန်သည် သူမ၏ မျက်စိရှေ့တွင် ချစ်စရာကောင်း၍ နာခံမှုရှိသည့်ပုံစံလေး လုပ်ပြနေပြီး သူမ စိတ်ဓါတ်ကျနေသည်အား ခံစားမိသည့်ပုံပင်။
ထိုစဥ် နေရာလွတ်နယ်မြေ၏ အပြင်ဘက်မှ သူမ၏ ဖုန်းမြည်သံက ထွက်ပေါ်လာ၏။
ကျင်းယွင်ကျောင်းသည် သက်ပြင်းတစ်ချက်ချလိုက်ရင်း နေရာလွတ်နယ်မြေထဲမှ ထွက်လာခဲ့ရာ ဖုန်းခေါ်ဆိုသူ အိုင်ဒီမှာ လီရှောက်ယွင် ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမသည် ခဏမျှ ကြက်သေသေသွားပြီး စဥ်းစားလိုက်၏။
ဒီလူက ပြန်သွားတာဖြင့် ကြာလှပြီ၊ နောက်ဆုံးတော့ အခုချိန်ကျမှ ငါ့ကို ဖုန်းခေါ်ဖို့ စဥ်းစားမိတယ်ပေါ့လေ။
"ဟယ်လို"
ထို့နောက် ကျင်းယွင်ကျောင်းသည် စိတ်တည်ငြိမ်အောင် ထိန်းလိုက်၍ ဖုန်းပြန်ဖြေလိုက်သည်။
ဖုန်းကိုင်လိုက်သည်နှင့် သူ၏ ဆွဲဆောင်မှုရှိသော အသံကို ကြားလိုက်ရ၏။
"ဘာဖြစ်လို့လဲ။ မင်း စိတ်ညစ်နေတာလား"
"ရှင် ဘယ်လိုလုပ်ပြီး သိတာလဲ"
သူမ၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။
လီရှောက်ယွင်သည် သူမထံမှ ဟယ်လိုဟူသော စကားတစ်ခွန်းတည်းနှင့်ပင် သူမ စိတ်ညစ်နေသည်ကို ခံစားမိ၏။ သူ မည်သို့ သိသနည်း။
ထိုအခါ လီရှောက်ယွင်က ခပ်ဟဟ ရယ်မောလိုက်သည်။ ကျင်းယွင်ကျောင်းသည် သူ၏ လက်ရှိအမူအယာကို မမြင်ရသော်လည်း ဖုန်းထဲမှတဆင့် စိတ်ကြီးဝင်နေမည့် သူ့မျက်နှာအား မှန်းဆကြည့်နိုင်၏။ သူ့ရယ်မောသံကို ကြားလိုက်ရုံနှင့်ပင် အရာအားလုံးကို ထိန်းချုပ်နိုင်လိုက်သည့်အလား အနည်းငယ် စိတ်ကြီးဝင်နေကြောင်း သေချာသိနိုင်သည်။ ထို့နောက် သူက ပြန်ဖြေ၏။
"မင်း ကိုယ် ဖုန်းခေါ်တာကို ကိုင်တဲ့အချိန်တိုင်း မင်းရဲ့နှုတ်ခွန်းဆက်စကားရဲ့အရှည်က သုံးလုံးပဲရှိတာလေ"
ထိုစကားကို ကြားပြီးနောက် ကျင်းယွင်ကျောင်းသည် ပြန်စဥ်းစားကြည့်လိုက်ရာ သူပြောသည်က မှားပုံမပေါ်ပေ။
သူမသည် လီရှောက်ယွင်အား ဖုန်းပြန်ဖြေသည့်အခါတိုင်း သူမကိုယ်သူမ သတိကြီးကြီးထားနေလေ့ရှိရာ သူတို့ စကားပြောသည့်အခါတိုင်း သူမ ချက်ချင်း ပြောလေ့ရှိသည်မှာ "ဘာပြဿနာရှိလို့လဲ" ဆိုသည့်စကားပင် ဖြစ်သည်။ ဤတစ်ကြိမ်၌ သူမ၏ တုံ့ပြန်မှုမှာ တည်ငြိမ်လွန်းလှ၏။
သို့ရာတွင် ကျင်းယွင်ကျောင်းသည် လီရှောက်ယွင်၏ စကားကို ကြားလိုက်ရသောအခါ မရယ်ဘဲ မနေနိုင်၍ စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။
"လီရှောက်က ဒီလောက် အာရုံစိုက်မယ်မှန်း ကျွန်မ မသိခဲ့ဘူး။ ကျွန်မ တကယ့်ကို အံ့သြရပါတယ်။ ဒါပေမယ့် ရှင့်ကို ကျေးဇူးလည်း တင်တယ်။ ကျွန်မ အခု နည်းနည်း ပျော်သွားပြီ။ အစောပိုင်းက ကျွန်မမှာ ပြဿနာနည်းနည်းရှိနေပေမယ့် အခုကျတော့ ဒါကို အတိုင်းအတာတစ်ခုထိရောက်အောင် ဖြေရှင်းနိုင်ခဲ့သလိုပဲ"
"ဒါက လူတစ်ယောက်ကို ကျေးဇူးတင်နေတဲ့အချိန်မှာ ရှိသင့်တဲ့စိတ်ထား မဟုတ်ဘူးလေ။ ဒါ့အပြင် မင်း ကိုယ့်ကို ကျေးဇူးတင်တယ်လို့ ပြောတာထက်စာရင် မင်းကို စိတ်ညစ်အောင် လုပ်နိုင်တဲ့ ပြဿနာတွေအကြောင်းကို ကိုယ်က ပိုကြားချင်တာ"
လီရှောက်ယွင်က ပြဿနာ၏ အရင်းအမြစ်ကို မသိရမချင်း အလျှော့ပေးမည် မဟုတ်သည့်အလား တည်ငြိမ်သောအသံဖြင့် ပြောလာခဲ့လေ၏။