Chapter 240 : သရုပ်မှန်
ဝမ်ရှင်းဖန်းက ဤသို့ပြောသည်ကို ကြားသောအခါ ကျင်းယွင်ကျောင်းသည် သူမ၏ ရင်ထဲ၌ ပြည့်သိပ်နေမှုများ ရှင်းလင်းသွားသလို ခံစားလိုက်ရသည်။
သူမသည် ဝမ်ရှင်းဖန်းအား တွေ့သည့်အချိန်တိုင်း အနည်းငယ် နေရထိုင်ရခက်သလို ခံစားရ၏။ 'ငါတို့ရဲ့စိတ်ကို ဘောင်ခတ်ထားတာတွေက ငါတို့ ကမ္ဘာကြီးကို မြင်တဲ့အမြင်ပဲ'၊ ဤဆိုရိုးစကား၏ သဘောတရားကဲ့သို့ပင်။ ခေါင်းအစမှ ခြေအဆုံးထိ ဝမ်ရှင်းဖန်းသည် အမြင်ကျဥ်း၍ တွက်တတ်ချက်တတ်သော အိမ်ရှင်မတစ်ဦး၏ အငွေ့အသက်များကို သိသိသာသာ ထုတ်လွှတ်နေသော်လည်း သူတို့တွေ့သည့်အချိန်တိုင်း သူမသည် အမြဲတမ်း ကြေကွဲစရာကောင်းသည့် ဒရာမာတစ်ကားကို သရုပ်ဆောင်နေချင်ရာ ကျင်းယွင်ကျောင်းသည် တစ်စုံတစ်ခု မှားနေသကဲ့သို့ အမြဲခံစားနေရ၏။
သို့သော် အမှန်အတိုင်းပြောရလျှင် အစောပိုင်း၌ ဤ 'အမေ' ဖြစ်သူက အမြဲတမ်း ဟန်ဆောင်နေခဲ့ခြင်းသည် သူမအား အနည်းငယ် စိတ်ကသိကအောက်ဖြစ်စေသည်။
အကယ်၍ စိတ်အားထက်သန်မှုကိုသာ လိုချင်ပါက ရှောင်ဟိုင်ချင်းသည် စိတ်အားထက်သန်၏။ အဖိုးကန်နှင့် သူ့မိသားစု၏ သူမအပေါ် ဆက်ဆံပုံသည်လည်း ထပ်တူပင် စိတ်အားထက်သန်သည်၏ သို့သော် သူတို့သည် ဝမ်ရှင်းဖန်းနှင့်မူ ကွာခြားလှ၏။ သူတို့သည် ဝမ်ရှင်းဖန်းကဲ့သို့ သူမနှင့် စကားပြောလျှင် အမြဲတမ်း စကားတစ်ခွန်းကို ကြိုတင်ပြင်ဆင်၍ ပြောတတ်ပုံမပေါ်ဘဲ သူမအရှေ့တွင်လည်း အမြဲတမ်း သနားစရာကောင်း၍ စိုးရိမ်ပူပန်နေသော အမူအယာကို မပြတတ်ပေ။ ထို့အပြင် ဝမ်ရှင်းဖန်းသည် ကျင်းယွင်ကျောင်းက သူမ၏မိသားစုကို အသိအမှတ်ပြုသည့်အနေဖြင့် အော်ဟစ်ငိုယိုကာ ထိုအသိအမှတ်ပြုလိုက်သည့်အချိန်မှစ၍ သူမ၏ အချိန်မရွေးလိုရာခေါ်ခိုင်းနိုင်သူ ဖြစ်လာလိမ့်မည်ဟုလည်း မျှော်လင့်ထားခဲ့သည်။
အပြင်ပန်းအမူအယာများနှင့် အတွင်းစိတ်ရင်းမှန်မှာ လုံးဝ ကိုက်ညီမှုမရှိပေ။
ကျင်းယွင်ကျောင်းသည် ဤလင်မယားနှစ်ယောက်နှင့် ပထမဆုံးအကြိမ် စတွေ့ကတည်းက ဤသို့ခံစားနေရခြင်းဖြစ်သော်လည်း သူမ၌ ထုတ်မပြောနိုင်သော ကိစ္စအချို့ရှိနေသေးသည်။
"ကျွန်မရဲ့မောင်လေးကို အလျှော့ပေးရမယ်တဲ့လား။ ဘာဆိုင်လို့လဲ။ သူ့ရဲ့ နေ့စဥ်ဘဝ အစားစားတာ၊ အဝတ်အစားဝတ်တာတွေကို ကြည့်ကြပ်ပေးဖို့ ကျွန်မက ကျောင်းထွက်ရမှာလား"
ကျင်းယွင်ကျောင်းသည် စားပွဲပေါ်ရှိ အငွေ့တထောင်းထောင်း ထနေသော ဟင်းပွဲများကို ကြည့်၍ ပြောလိုက်၏။ သို့သော် သူမ၏ နှလုံးသားကမူ အေးစက်နေသည်။
သူမ၏ မွေးစားမိဘများကလည်း ဤသို့ပင်ဖြစ်၍ သူမ၏ မိဘအရင်းများကလည်း ဤသို့ပင်ဖြစ်၏။ သူမသည် ဘဝပေါင်းမည်မျှကြာအောင် လူယုတ်မာတစ်ယောက်ဖြစ်ခဲ့သောကြောင့် ဤကဲ့သို့သော ဝဋ်ဒုက္ခမျိုးနှင့် ကြုံတွေ့ခံစားနေရသနည်း။
ထိုအခါ ဝမ်ရှင်းဖန်းက သက်ပြင်းချလိုက်သည်။
"သမီးလေး၊ အမေက မင်းကို မချစ်လို့ မဟုတ်ပါဘူးကွယ်။ မင်းက အိမ်မှာ နှစ်ပေါင်းများစွာ မနေခဲ့ရဘူးလို့ ပြောပေမယ့် မင်းပြန်လာတဲ့အချိန်မှာ မင်းရဲ့မောင်လေးညီမလေးတွေနဲ့ အတူမရှိရသေးဘူးလေ။ ဒီလိုသာဆက်သွားရင် ငါတို့မိသားစုက ပိုပြီးတော့ ကမောက်ကမတွေ ဖြစ်လာနိုင်မလား။ မိသားစုက သဟဇာတဖြစ်နေရင် အရေးကိစ္စတွေအားလုံး အောင်မြင်ဖြစ်ထွန်းမယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း မင်းရဲ့မောင်လေးညီမလေးတွေက အရမ်းငယ်သေးတော့ မင်းက သူတို့ကို အလျှော့ပေးပြီး သည်းခံသင့်တယ်"
"ငါတို့မိသားစုရဲ့အခြေအနေက ဒီလိုပဲ။ ငါတို့မှာ ပိုက်ဆံမရှိဘူး။ ဒါကြောင့် အိမ်အလုပ်ကို ကူညီဖို့ မင်းရဲ့ဒုတိယညီမလေးကို လာမယ့်နှစ်ကျရင် ကျောင်းထုတ်ဖို့ ငါတို့ဆုံးဖြတ်ပြီးသွားပြီ။ အခုကျ ပိုကောင်းသွားတာပေါ့။ မင်းတို့နှစ်ယောက်လုံး အတူတူကျောင်းထွက်လိုက်ပြီးရင် ငါတို့ အခြားလူတွေကို အငှားချထားတဲ့ မြေကွက်ကို ပြန်ယူပြီး လယ်လုပ်လို့ရပြီလေ။ ဒါဆိုရင် အနာဂတ်မှာ ငါတို့ရဲ့ဘဝတွေလည်း သေချာပေါက် တိုးတက်လာမှာ"
ထိုစကားကို ကြားသောအခါ ကျင်းယွင်ကျောင်း၏ မျက်နှာသည် ဆီးနှင်းခဲများအလား အေးစက်ခက်ထန်သွားသည်။
သူမက ဝမ်ရှင်းဖန်းသည် ရက်အနည်းငယ်မျှ အောင့်အီးသည်းခံ၍ ဟန်ဆောင်နိုင်လိမ့်မည်ဟု ထင်ထားခဲ့ပြီး အနည်းဆုံး သူတို့သည် သူမကိုယ်တိုင် 'အမေ' ဟု ပါးစပ်မှထုတ်ခေါ်လာသည့်အချိန်ထိတိုင်အောင် ချော့မော့သိမ်းသွင်းပြီးမှ သားဖြစ်သူအား တဖန်ပြန်၍ အရေးပေးအလိုလိုက်လိမ့်မည်ဟု ထင်ထားခဲ့၏။ သို့သော် သူမသည် တစ်ရက်မျှကြာအောင်ပင် ထိန်းထားနိုင်လိမ့်မည်မဟုတ်ဟု ကျင်းယွင်ကျောင်း တစ်ခါမှ ထင်မထားခဲ့ပေ။
"ရှင်က ကျွန်မ အိမ်မှာ နှစ်ပေါင်းများစွာ မနေခဲ့ရတာ ကျွန်မရဲ့အပြစ်လိုလို ပြောနေတယ်"
ကျင်းယွင်ကျောင်း၏ အသံက ပေါ့ပေါ့ပါးပါးပင်ဖြစ်၍ သူမက ဆက်ပြောလိုက်သည်။
"ရှင်က အရမ်းရိုးသားတာဆိုတော့ ကျွန်မသိချင်နေတဲ့ ခဏတဖြုတ်စာ မေးခွန်းလေးတွေကိုလည်း ပွင့်ပွင့်လင်းလင်း ဖြေနိုင်လောက်မှာပါ။ အဲဒီနှစ်တုန်းက ကျွန်မကို စွန့်ပစ်ခဲ့တာ ရှင်လား ဒါမှမဟုတ် အဖွားလား"
"မင်းရဲ့အဖွား စွန့်ပစ်ခဲ့တာပါ"
ဝမ်ရှင်းဖန်းက ကျင်းထျယ်ကျွင်းအား တစ်ချက်လှည့်ကြည့်လိုက်ပြီး ဖြေလိုက်၏။
ထိုအခါ ဘေးတွင်ထိုင်နေသော ကျင်းရှို့၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။
"ဒါဆိုရင် ကျွန်မရဲ့လည်ပင်းက ကျောက်စိမ်းက ဘယ်ကနေရတာလဲ။ မိသားစုအမွေအနှစ်လား ဒါမှမဟုတ် အပြင်ကနေ ဝယ်လာတာလား"
ကျင်းယွင်ကျောင်းက ထပ်မေးလိုက်၏။
"အဲဒါက မင်းရဲ့အဖိုး ငါ့ကို ပေးခဲ့တဲ့ ပစ္စည်းပါ။ ငါက မင်းရဲ့လည်ပင်းမှာ ချည်ပေးထားတာ။ မင်းရဲ့အဖွားက မသိဘူး"
ကျင်းထျယ်ကျွင်းက ရှင်းပြလိုက်သည်။
"နောက်ဆုံးမေးခွန်း။ ရှင်တို့ ကျွန်မကို ဆယ်နှစ်ကျော်ကြာအောင် တစ်ခါမှ မမြင်ဖူးခဲ့ကြဘဲနဲ့ ကျွန်မကို တွေ့တော့ ရှင်တို့က ဘယ်လိုလုပ် တန်းမှတ်မိတာလဲ။ ကျွန်မရဲ့လည်ပင်းမှာဆွဲထားတဲ့ ကျောက်စိမ်းကို မြင်တာကြောင့်လို့တော့ မပြောနဲ့နော်။ ကျွန်မက အဲဒီပစ္စည်းကို အဝတ်ရဲ့အပြင်ဘက် ထုတ်ဝတ်လေ့မရှိဘူး"
ကျင်းယွင်ကျောင်း၏ အသံက ပြတ်သားနေပြီး ထိုစုံတွဲအား တရားခံသဖွယ် စစ်ဆေးနေသည့်အလားပင်။
ထို့အပြင် ထိုစုံတွဲ၏ စကားများက မရေရာမတိကျလွန်းသည်ဖြစ်ရာ သူတို့က သေချာပေါက် လိမ်နေခြင်းပင်။
မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးချက်ရလဒ်က မမှားရင်တော့ ဒီမိဘအရင်းဆိုတဲ့ လင်မယားနှစ်ယောက်ကိုယ်တိုင်ကပဲ ငါ့ကို စွန့်ပစ်ခဲ့တာ ဖြစ်လိမ့်မယ်။
"အကြီးဆုံးလေး၊ မင်းက ငါတို့သမီးပါ။ ဘာလို့ ငါက မင်းကို မမှတ်မိရမှာလဲ။ မင်းကို မြင်လိုက်ကတည်းက မင်းက ငါ့ရဲ့သမီးလေးပဲဆိုပြီး အမှားအယွင်းမရှိ အတည်ပြုလိုက်နိုင်တဲ့ အချက်နဲ့တင် ငါက လူမှန်ကို ရှာတွေ့ခဲ့တာပါလို့ သက်သေပြနေပြီ မဟုတ်ဘူးလား။ မင်းက ငါ့ကို ထပ်ပြီးတော့ မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးပြီး ရလဒ်တွေ ထုတ်ပြစေချင်သေးတာလား။ အဲဒီစာရွက်လေးတစ်ရွက်နဲ့တင် ငါတို့မိသားစုက ယွမ်ထောင်ဂဏန်း သုံးလိုက်ရတာ"
ဝမ်ရှင်းဖန်းက စိတ်ပျက်လက်ပျက် တုံ့ပြန်ပြောဆိုလိုက်ရာ ကျင်းယွင်ကျောင်းက မတ်တပ်ထရပ်လိုက်တော့သည်။
ဤမိဘအရင်းစုံတွဲ၏ သူမအပေါ် ထားရှိသော စိတ်ထားမှာ အတုအယောင်ဖြစ်ကြောင်း ယခင်ကတည်းက ခံစားမိခဲ့သော်လည်း သူတို့၏ သရုပ်မှန်များက လူများအား ဤမျှအေးစက်သွားစေနိုင်လိမ့်မည်ဟု သူမ တစ်ခါမျှ မထင်မိခဲ့ပေ။