Chapter 319 : ကျားခံတွင်းထဲသို့ သိုးတစ်ကောင်အား စေလွှတ်ခြင်း
ကျင်းယွင်ကျောင်းက သူမ၏ရှေ့ရှိဖြစ်ရပ်သည် သူမနှင့်မသက်ဆိုင်သည့်အလား လက်မှဖုန်များကို ခါလိုက်သည်။
ဟွားဇယ်သည် မိုးကြိုးပစ်ခံရသကဲ့သို့ တောင့်တင်းစွာ ရပ်နေပြီးနောက် တံတွေးမျိုချ၍ သူ၏ပတ်ဝန်းကျင်ရှိလူများကို ကြောင်ငေးကြည့်နေကာ ရုတ်တရက် တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထလာ၏။
"ဒါဆိုရင် ငါတို့ မင်းကို ဘယ်လိုများခေါ်သင့်လဲ။"
ဟွားဇယ်သည် သတိပြန်ကပ်သည်နှင့် အချိန်မဆိုင်းဘဲ ယဥ်ကျေးစွာ မေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် ကျင်းယွင်ကျောင်းအား ယခင်က တွေ့ဖူးသည်ဟု ခံစားလိုက်ရ၍ သူမသည် ချောင်ဟုန်ယဲ့၏ သနားစရာကောင်းသော ခပ်နုံနုံအစ်မဖြစ်ကြောင်း တွေးမိသွား၏။
"ကျင်းယွင်ကျောင်းပါ။"
သူမက ပြန်ဖြေလိုက်သည်။
"မင်း ငါ့ကို ဖုန်းခေါ်တုန်းက သူတို့ကို ပြန်တိုက်ပေးဖို့ မတောင်းဆိုခဲ့ဘူး၊ ဒါပေမယ့် ဒီအရှုပ်တွေကို ရှင်းပေးဖို့တော့ တောင်းဆိုခဲ့တယ် မဟုတ်လား။ မမလေးကျင်း၊ မင်းက တောင်းဆိုထားမှတော့ ငါ မင်းကို အမှန်အတိုင်းပြောပြပါ့မယ်။ မင်း ရိုက်ခဲ့တဲ့လူမှာ ညီအစ်ကိုတွေအများကြီးရှိတာကြောင့် မင်း သူ့ကို ဒီနေ့ရိုက်ခဲ့နိုင်လည်း အသုံးမဝင်ဘူး။ သိပ်မကြာခင် အနာဂတ်မှာ သူက မင်းကို လက်စားချေဖို့ သူ့ရဲ့ညီအစ်ကိုတွေနဲ့အတူ ထပ်ရောက်လာလိမ့်မယ်။"
ဟွားဇယ်၏ရင်ထဲ၌ ကစဥ့်ကလျားဖြစ်နေ၏။
မဟူရာသစ်နက်သည် ဆိုးဆိုးဝါးဝါး အရိုက်ခံထားရ၍ သူသည် ချွင်းချက်မရှိ အလွန်အမင်း အငြိုးအတေးကြီး၍ လက်စားချေလိုစိတ်ကြီးသူတစ်ယောက်လည်း ဖြစ်သည်။ ယခု ဟွားဇယ်သည် မဟူရာသစ်နက်နှင့်ကျင်းယွင်ကျောင်းတို့၏ ပဋိပက္ခနှင့် လုံးဝမသက်ဆိုင်သည့် ဘေးလူဖြစ်သော်လည်း မဟူရာသစ်နက်သည် ဂရုမစိုက်ဘဲ ဟွားဇယ်ကိုပါ ရန်ငြိုးထားတော့မည်ဖြစ်၏။
အထူးသဖြင့် မဟူရာသစ်နက်က သူသည် ကျင်းယွင်ကျောင်းကို အန္တရာယ်ပေးနိုင်စွမ်းမရှိကြောင်း သိထားပြီဖြစ်သည်။
ထို့ကြောင့် ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင် ကျင်းယွင်ကျောင်းက ဤကိစ္စအား ဖြေရှင်းပေးရန်အတွက် သူ့ကို ခေါ်လိုက်ခြင်းက အတော်လေး ခေါင်းကိုက်စေ၏။ သို့ရာတွင် အကူအညီတောင်းလာသူကလည်း သူမဖြစ်နေ၍ သူ ဥပေက္ခာပြုလိုက်နိုင်သော ကြုံရာကျပန်းလူတစ်ယောက် မဟုတ်ပေ။
ထို့ကြောင့် သူသည် မချင့်မရဲခံစားနေရ၏။
"ကျွန်မ သိပါတယ်၊ ဒါကြောင့် ရှင့်ကို ဆက်သွယ်လိုက်တာပေါ့။ ကျွန်မလည်း ဒီနည်းအတိုင်းပဲ မေးရဦးမယ်၊ မဟူရာသစ်နက်က အရိုက်ခံရပြီးသားပဲလေ၊ လူငါးဆယ်ကိုရိုက်တာနဲ့ လူတစ်ရာကိုရိုက်တာ ဘာများကွာခြားချက်ရှိလို့လဲ။"
ကျင်းယွင်ကျောင်းက ပြန်၍မေးခွန်းထုတ်လိုက်သည်။
"ငါတို့ အခုပြောနေတာ လူငါးဆယ်၊တစ်ရာလောက်ကို တိုက်တဲ့အကြောင်းပြောနေတာ မဟုတ်ဘူး၊ လူထောင်ချီနဲ့ တိုက်ရမယ့်အကြောင်းကို ပြောနေတာ။ ဟွားနင်ခရိုင်ရဲ့နယ်မြေအများစုက သူ့လက်အောက်မှာချည်းပဲ။"
ဟွားဇယ်က မျက်မှောင်ကြုံ့၍ ပြောလိုက်၏။
ထိုအခါ ကျင်းယွင်ကျောင်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မပြောင်းလဲသောမျက်နှာထားဖြင့်ပင် ပြန်ဖြေလာသည်။
"ဒါကြောင့် ကျွန်မတို့ သူတို့ကို တစ်ခါတည်းနဲ့ ဖြေရှင်းကြဖို့ ပြောတာပေါ့။"
သူမသည် ဤစကားအား တိုက်တွန်းနှိုးဆော်လို၍၊ ကြွားဝါလို၍ ပြောလိုက်ခြင်း မဟုတ်ဘဲ သေသေချာချာ တွေးတောစဥ်းစားပြီးမှ ဆုံးဖြတ်ချက်ချ၍ ပြောလိုက်ခြင်းဖြစ်၏။ မဟူရာသစ်နက်သည် သူမအား ဒုက္ခမပေးရမချင်း ဘယ်တော့မှ အလွတ်ပေးမည်မဟုတ်ဘဲ ထပ်ခါထပ်ခါ လာရှာနေလိမ့်မည်။ သူသည် ဤတစ်ကြိမ်တွင် လူငါးဆယ်ကျော်ခေါ်လာပါက နောက်တစ်ကြိမ်တွင် သူ၏လမ်းသရဲဂိုဏ်းတစ်ခုလုံးကို ခေါ်လာနိုင်ချေရှိသည်။ ထို့အပြင် သူသည် သူမ၏သူငယ်ချင်းများကို ပစ်မှတ်ထား၍လည်း သူမအား လက်စားချေနိုင်၏။
မဟူရာသစ်နက်သည် ဟွားဇယ်နှင့်မတူပေ။ တစ်ဖက်၌ ဟွားဇယ်သည် ကိုယ်ပိုင်စည်းမျဥ်းနှင့်အညီ နေထိုင်တတ်၍ သူ မကျော်သင့်သောစည်းကို လုံးဝမကျော်သော်လည်း မဟူရာသစ်နက်မှာမူ သူနှင့်လုံးဝဆန့်ကျင်ဘက်ပင်။
ထို့ကြောင့် သူတို့က သူမအား လက်တုံ့ပြန်မည့်အချိန်ကို စောင့်နေမည့်အစား သူတို့အား တစ်ချက်တည်း ချေမှုန်းပစ်မည်ဖြစ်သည်။
ကျင်းယွင်ကျောင်းသည် ဟွားဇယ်နှင့် အချိန်အတော်ကြာအောင် အလုပ်လုပ်ဖူး၍ သူ၏အကျင့်စရိုက်မှာ မဆိုးကြောင်း သိ၏၊ ထို့ကြောင့် သူမက သူနှင့်အတူ အလုပ်တွဲလုပ်ရန် ဆန္ဒရှိခြင်းပင်။
"မင်းဘာပြောလိုက်တယ်ဆိုတာကို မင်းသိရဲ့လား။ သူတို့ကို တစ်ခါတည်းနဲ့ ဖြေရှင်းမယ်ဟုတ်လား။ ငါ့ကို ကူညီဖို့အတွက် ညီအစ်ကို သုံးလေးရာလောက် ငါခေါ်နိုင်ပေမယ့် သူ့ကို ဖြေရှင်းဖို့တော့ မလုံလောက်သေးဘူး။"
ဟွားဇယ်က နှာခေါင်းရှုံ့၍ အေးတိအေးစက်ပြောလိုက်၏။
သို့သော် ကျင်းယွင်ကျောင်းက စိတ်မပြောင်းဘဲ ဆက်ပြောပြန်သည်။
"ရှင်က ရှင့်ရဲ့ညီအစ်ကိုတွေကိုသာ ခေါ်ပေးပါ။ ကျွန်မတို့ မရှုံးဘူးလို့ ကျွန်မ အာမခံတယ်။"
သူမသည် လမ်းသရဲများ၏ အသံတိတ်စည်းမျဥ်းများကို နားမလည်သော်လည်း အင်အားပိုကြီးသူက စည်းမျဥ်းများကိုသတ်မှတ်ကြောင်း သူမ နားလည်၏။
အကယ်၍ သူမသည် နွေရာသီကျောင်းပိတ်ရက်မတိုင်မီက ကျင်းယွင်ကျောင်းသာ ဖြစ်ပါက ထိုကဲ့သို့ အာမခံ၍စိန်ခေါ်ရဲလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ယခု လေးငါးလသည် သူမ၏နေရာလွတ်နယ်မြေထဲတွင် တစ်နှစ်ခန့်ကြာသွားပြီဖြစ်သည်။ ကိုယ်ခံပညာလေ့ကျင့်သောကြောင့် သူမ၏ခန္ဓာကိုယ်သည်လည်း တစ်နေ့ထက်တစ်နေ့ သန်မာလာ၍ သူမလေ့ကျင့်သော ကိုယ်ခံပညာရပ်မှာလည်း ပြိုင်စံရှားသည့်ပညာရပ်ဖြစ်ရာ ထိုလမ်းသရဲများလေ့ကျင့်သည့် ပညာအတုအယောင်များနှင့် မတူပေ။ ထို့ကြောင့် ရန်သူများစွာကို သွေးပင်လယ်စီးသည်အထိ တိုက်ခိုက်ရန်မှာ သူမအတွက် ပြဿနာမဟုတ်ပေ။
ထိုအခါ ဟွားဇယ်က ရုတ်တရက် သူသည် ယနေ့ အရူးတစ်ယောက်နှင့် တွေ့နေရသလို ခံစားလိုက်ရ၏။
သစ်ကိုင်းခက်ကလေးနှင့်တူသော အသက်ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်အရွယ် ပိန်လှီလှီမိန်းကလေးတစ်ယောက်သည် မဟူရာသစ်နက်ကို တိုက်ခိုက်ပြီး နယ်မြေကိုသိမ်းရန်အတွက် သူ့အား ဖုန်းဆက်ခေါ်ခဲ့သည်။
ဟွားဇယ်သည် ကပျာကယာပင် စီးကရက်တစ်လိပ်ကို ခပ်မြန်မြန် ဆွဲထုတ်လိုက်၍ မီးညှိပြီး အနည်းငယ်ရှိုက်ဖွာလိုက်၏။
"ကျင်းယွင်ကျောင်း၊ တကယ်လို့ ငါတို့ရှုံးသွားရင်ရော နောက်ဆက်တွဲအကျိုးဆက်တွေကို မင်း တွေးထားပြီးပြီလား။ ဒါက သဘောတရားအရပြောရရင် ကျားခံတွင်းထဲကို သိုးတစ်ကောင်ကို လွှတ်လိုက်သလိုပဲ၊ မင်းကို နှိပ်စက်ဖို့တော့ လူတစ်ယောက်ကို မင်း မတောင်းဆိုဘူး မဟုတ်လား၊ မင်းရဲ့ အရမ်းလှတဲ့ရုပ်ရည်ကိုတော့ ထည့်မပြောနဲ့ပေါ့။ မိုးကောင်းကင်ရဲ့အောက်မှာရှိတဲ့ အရာရာတိုင်းက ကြင်နာတတ်ပြီး အေးချမ်းနေတာ မဟုတ်ဘူးကွ၊ သာမန်မြင်ကွင်းတစ်ခုထဲမှာတင်ကို စက်ဆုပ်စရာကောင်းပြီး ရက်စက်တဲ့အရာတွေက ပုန်းကွယ်နေတာ။"
ဟွားဇယ်က ဒေါသတကြီး ပြောလိုက်သည်။
"ရှင့်ရဲ့သဘောထားကို အခြေခံပြီးပြောရရင် မဟူရာသစ်နက် လက်စားချေမယ့်အကြောင်းကို ရှင် တွေးထားပြီးသားလို့ ကျွန်မပြောနိုင်တယ်၊ ဒါ့ကြောင့် ရှင်က မဟူရာသစ်နက်ကို အပြစ်ပြုမိသွားပြီဆိုရင် ရှင်က သူလက်စားချေမှာကို စောင့်နေနိုင်သလို သူ့ကို ဆန့်ကျင်ပြီး ပြန်ခုခံတိုက်ခိုက်နိုင်တယ်၊ ဒါပေမယ့် ရှင်က ရှင့်အနာဂတ်ကို ချောက်ကမ်းပါးစွန်းမှာ လောင်းကြေးထပ်ထားရတယ်လို့ ကျွန်မတော့ မယုံဘူး။ အခု လက်တွေ့မှာ မဟူရာသစ်နက်က ကျွန်မတို့ရဲ့လက်ထဲကို ရောက်ထားပြီးသားလေ။"