Chapter 211: ယုတ္တိမရှိသော
ကျင်းယွင်ကျောင်းသည် စကားဆုံးသောအခါ ကျင်းထျယ်ကျွင်း၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ ထွက်ခွာသွားတော့သည်။ သူမ၏ ကျက်သရေရှိ၍ အထက်စီးဆန်သော်လည်း အေးစက်လှသည့် ပုံရိပ်နောက်ကွယ်တွင် သူသည် အံအားသင့်စွာ ကျန်ရစ်ခဲ့၏။
ကျင်းထျယ်ကျွင်းသည် သားသမီးသုံးယောက်ရှိသူ ဖြစ်ပြီး ထိုကလေးများအနက် သမီးနှစ်ယောက်ပင် ပါရှိသည်။ သူတို့နှစ်ဦးစလုံးသည် ကျင်းယွင်ကျောင်းထက် အသက် သိပ်မငယ်သော်လည်း သူမနှင့် လုံးဝ မတူပေ။
ဝမ်ရှင်းဖန်းသည် ဆရာဝန်နှင့် ပြပြီး၍ ပြန်ထွက်လာသောအခါ အပြင်ဘက်၌ သူမကို စောင့်နေသည့် ခင်ပွန်းသည်တစ်ဦးတည်းကိုသာ မြင်လိုက်ရသောကြောင့် မေးလာသည်။
"ရှောင်ယွင်ရော ဘယ်မလဲ"
"သူ ထွက်သွားပြီ"
ကျင်းထျယ်ကျွင်း၏ အမူအယာက အကျည်းတန်သွားပြီး ဆက်ပြောလာသည်။
"သူက ငါတို့ရဲ့သမီး မဖြစ်သေးတာမို့လို့ တအား တာဝန်ကျေနေစရာ မလိုဘူးလို့လည်း ပြောသွားသေးတယ်"
သူ့ စကားကို ကြားလိုက်သောအခိုက်တွင် ဝမ်ရှင်းဖန်း၏ မျက်လုံးများက အံ့သြထိတ်လန့်စွာဖြင့် ပြူးကျယ်သွား၏။
"ဘယ်လို..."
ဘယ်လိုတောင် လိုက်လျောညီထွေမနေတတ်တဲ့ ကလေးလဲ။ မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်ရလဒ်တွေ ထွက်မလာသေးရင်တောင်မှ သူ့ရဲ့စိတ်ထဲမှာ အဖြေတစ်ခု ရှိမနေသင့်ဘူးလား။ ဒါက ဘယ်လိုမျိုး ဆယ့်ခြောက်နှစ် သမီးလဲ။ အဲဒီ ရေခဲလို အေးစက်စက် အမူအယာက ငါတို့ကြားမှာ နက်ရှိုင်းရှိုင်း မုန်းတီးမှုတွေ ရှိနေသလိုပဲ။
နှစ်ယောက်သား အကြည့်ချင်းဆုံသွားသော်လည်း ဘာမှ ဆက်မပြောမိကြချေ။ သူတို့သည် မိဘအရင်းဟုတ်မဟုတ် စစ်ဆေးခြင်းအတွက် ပေးချေခဲ့ရသည့် အဖိုးအခကိုသာ တွေးမိလိုက်ကြ၍ နှမြောလွန်းသဖြင့် အသားများပင် နာလာကြ၏။
ကျင်းယွင်ကျောင်းသည် နင်းမြို့တော်သို့ ရောက်နေသည်ရာ ရုံးချုပ်သို့ တစ်ချက်သွားကြည့်ရန် စဥ်းစားမိသည်က သဘာဝပင်။