Chapter 258

854 63 0
                                    

Chapter 258 : အဆိပ်မိခြင်း

ကျင်းယွင်ကျောင်းသည် အဖိုးရှု၏အိမ်မှ ထွက်လာပြီးသည့်နောက်တွင် သူမ ရက်အနည်းငယ်ကြာအောင် စောင့်စားနေသည့် လီရှောက်ယွင်က နောက်ဆုံး၌ ဆက်သွယ်လာ၍ ရလဒ်များကို လှမ်းပြောလာသည်။

သံသယဝင်စရာမလိုအောင်ပင် သူတို့သည် သွေးသားတော်စပ်မှု မရှိပေ။

နောက်ဆုံးတွင်တော့ ယနေ့ည၌ ကျင်းယွင်ကျောင်းသည် ပြုံးနိုင်သွား၍ ဆေးဘူးကို သူမ၏နေရာလွတ်နယ်မြေထဲသို့ သိမ်းဆည်းထားလိုက်၏။ သူမသည် အတော်လေး စိတ်ပျော်နေသောကြောင့် အပြန်လမ်းတွင် အချိန်တစ်ခုကြာအောင် စျေးဝင်ဝယ်ခဲ့ပြီး ပစ္စည်းအတော်များများ ဝယ်လာခဲ့သည်။

လမ်း၌ သူမသည် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်သွားရင်း အထဲသို့ ခေါင်းငဲ့ကြည့်လိုက်ရာ လူများရုတ်ရုတ်သဲသဲ ရှုပ်ထွေးနေသည်ကို တွေ့လိုက်ရ၍ အထဲသို့ ဝင်သွားလိုက်သည်။ သူမသည် တံခါးမကြီးကိုဖြတ်၍ ခြေချလိုက်သည်နှင့် ကြမ်းပြင်ပေါ်၌ လဲကျနေသော လူသုံးယောက်ကို တွေ့လိုက်ရ၏။ သူတို့၏မျက်နှာများနှင့် နှုတ်ခမ်းများမှာ မဲနက်နေပြီး အကြောဆွဲနေကာ တချို့က အော့အန်နေကြသည်။ မြင်ကွင်းမှာ စက်ဆုပ်ဖွယ်ကောင်းလှ၍ သူတို့၏လက်ချောင်းများကလည်း ပြာနှမ်းနှမ်းဖြစ်နေ၏။

အဆိပ်မိနေသည့် မြင်ကွင်းမျိုးပင်။

ထိုအခါ ကျင်းယွင်ကျောင်းက ရှေ့သို့ ချက်ချင်းပြေးသွား၍ သူမ၏အမူအယာကလည်း ပြောင်းလဲသွားသည်။ အဘယ့်ကြောင့် ဤကဲ့သို့သာမန်လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှ လူများသည် ရုတ်တရက်ပေါ်ထွက်လာသည့် ရင်ကွဲမြက်နှင့် အဆိပ်ခတ်ခံရသနည်း။

ရင်ကွဲမြက်ကို ရွှေစံပယ်ဟူ၌လည်း သိကြ၍ အနည်းငယ် ရှုရှိုက်မိရုံဖြင့် လူတစ်ယောက်အား လေငန်းဖမ်းသွားစေနိုင်သည်။ အလွန်အဆိပ်ပြင်းသော်လည်း တွေ့ရခဲသည့် အပင်အမျိုးအစားတစ်မျိုးဖြစ်၏။

ဤကဲ့သို့ ပမာဏများများနှင့် ပြင်းပြင်းထန်ထန် အဆိပ်မိပါက သေပင်သေစေနိုင်သည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် အချိန်ဆွဲမနေဘဲ သူမ၏ အိတ်မှတစ်ဆင့် နေရာလွတ်နယ်မြေထဲမှ လတ်ဆတ်သည့် ဂျပန်ခရမ်းပြာပန်း အနည်းငယ်ကို ထုတ်ယူလိုက်ပြီး ဆိုင်ထဲသို့ မျက်စိကစားလိုက်၏။ ထိုအခါ သူမသည် ထိုအပွင့်များကို ထောင်းရန် လိုအပ်သည့် မီးဖိုချောင်သုံးပစ္စည်းများကိုရှာတွေ့သွားပြီး ရေအနည်းငယ်ထည့်၍ ထောင်းလိုက်ကာ ထိုထောင်းပြီးသားအရည်ကို စစ်လိုက်ပြီးနောက် အဆိပ်မိနေသူသုံးယောက်ဆီသို့ အပြေးအလွှား ယူသွားသည်။

"အားလုံး၊ လမ်းဖယ်ပေးကြပါ"

သူမသည် သန်မာသောကြောင့် လူများအား ဘေးသို့တွန်းဖယ်လိုက်နိုင်ပြီး တွေဝေခြင်းမရှိဘဲ ထိုအရည်များကို အဆိပ်မိနေသူများ၏ ပါးစပ်ထဲသို့ လောင်းချလိုက်သည်။

ထိုအဆိပ်သည် အကြီးစားအဆိပ်တစ်မျိုးဟု ဆိုနိုင်သော်လည်း အဆိပ်ဖြေဆေးကမူ အမှန်တကယ်ပင် ရိုးရှင်းလှ၏။ ဂျပန်ခရမ်းပြာပန်းများအပြင် ဘဲသွေး၊ ဘဲငန်းသွေးနှင့် ဆိတ်သွေးများကိုလည်း အဆိပ်ဖြေရန် အသုံးပြုနိုင်သည်။ သို့မဟုတ်ပါက ပဲနီလေးနှင့် ဘာစမာတီစပါးပင်အမြစ်ကို ကြိတ်ပြီး ရေနှင့်ရော၍လည်း အသုံးပြုနိုင်၏။ သို့ရာတွင် ဤအခြေအနေ၌ အခြားနည်းလမ်းများကို ရွေးခြယ်ရန်အဆင်မပြေသောကြောင့် သူမသည် နေရာလွတ်နယ်မြေထဲရှိ ဆေးပင်များကိုသာ သုံးလိုက်နိုင်သည်။

အဆိပ်မိသူသုံးယောက်အား ကုသပေးလိုက်ပြီး နောက်ဆုံး၌ ကျင်းယွင်ကျောင်းသည် စိတ်သက်သာရာရသွား၏။ သို့သော် မမျှော်လင့်ဘဲ နောက်တစ်စက္ကန့်အတွင်းမှာပင် သူမသည် လူတစ်ယောက်ထံ၌ အဖမ်းခံလိုက်ရ၍ အဝေးသို့ ဆွဲခေါ်ခံလိုက်ရသည်။

"ကျင်းယွင်ကျောင်း၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ။ မင်း သူတို့ကို ဘာတွေတိုက်လိုက်တာလဲ"

တစ်ဖက်လူက ဆက်တိုက်မေးခွန်းထုတ်လာ၏။

ထို့နောက် သူမက ခေါင်းမော့ကြည့်လိုက်ရာ သက်ပြင်းမချမိဘဲ မနေနိုင်တော့ချေ။ အမှန်တကယ်ပင် လမ်းကျဥ်းလေးထဲ၌ ရန်သူများ ဆုံဆည်းမိခြင်းဖြစ်သည်။ ဟွားနင်ခရိုင်မြို့တွင် လက်ဖက်ရည်ဆိုင်ပေါင်းများစွာရှိသော်လည်း သူမသည် ကျန်မိသားစုပိုင်ဆိုင်သည့် လက်ဖက်ရည်ဆိုင်ထဲမှ လူများကို ကယ်တင်ခဲ့ရ၏။

"ကျွန်မ ဘာလုပ်နေလဲဆိုတာ ရှင်မပြောနိုင်ဘူးလား"

ကျင်းယွင်ကျောင်း ရယ်ချင်သွားသည်။ အဆိပ်မိနေသူများ၏ အခြေအနေက ပိုကောင်းလာသည်မှာ မျက်မြင်ပင်ဖြစ်သော်လည်း ဤအဖေကျန်ကမူ သူမအား စစ်ဆေးမေးမြန်းချင်နေသေး၏။

အဖေကျန်သည် တစ်နေ့လုံး စိတ်အခြေအနေမကောင်းပေ။ နေ့ခင်းပိုင်းက သူသည် ချောင်ဝေ့မင်ဟုခေါ်သော ခွေးချီးထုပ်ဆီ၌ ယွမ်တစ်သိန်း ခြိမ်းခြောက်ငွေညစ်ခံလိုက်ရသည်။ ထို့အပြင် ထိုအရှက်သိက္ခာမရှိသည့် မိန်းကလေး ချောင်ဟုန်ယဲ့ကလည်း သူတို့၏အိမ်၌ ဆက်နေ,နေပြီး ထွက်သွားရန် ငြင်းဆန်နေ၏။ သားဖြစ်သူကလည်း ချောင်ဟုန်ယဲ့ထံမှ အကျင့်ဆိုးများကို သင်ယူတတ်မြောက်လာသည်။ ဤရက်အနည်းငယ်ကပင် သူ၏ခေါင်းကို ချာချာလည်အောင် မူးဝေစေ၍ သူ့လက်ဖက်ရည်ဆိုင်၌လည်း ဤသို့ပြဿနာဖြစ်လိမ့်မည်မှန်း သူ မည်သို့သိမည်နည်း။

ထို့အပြင် သူသည် လက်ဖက်ရည်ဆိုင်ဖွင့်လာသည်မှာ ဆယ်နှစ်ကျော်ကြာပြီဖြစ်၍ ဤကဲ့သို့ တစ်ခါမှ မဖြစ်ဖူးပေ။

ဒီမှာရှိသမျှအားလုံးက လက်ဖက်ရည်တွေပဲလေ။ ဒါက လူကို သေစေနိုင်လို့လား။

"မင်းပဲ မဟုတ်လား။ မင်းရဲ့အတွင်းစိတ်က ဘယ်လောက်အဆိပ်ပြင်းလဲဆိုတာ ငါမသိတာလည်း မဟုတ်ဘူး။ ငါ့ဆိုင်ကိုလာပြီး တစ်ညလေးအတွင်းမှာကို ပြဿနာတွေဖန်တီးသွားတာ။ မင်းက တကယ့်ကို ရက်စက်ပြီး အတင့်ရဲနေတာပဲ။ ဒီလို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့တောင် မင်းရဲ့လက်ထဲမှာ အဆိပ်တွေရှိနေတာ။ တကယ်လို့ သူတို့သုံးယောက်သာ တစ်ခုခုဖြစ်သွားရင် မင်းတာဝန်ယူရမယ်"

အဖေကျန်က ဒေါသတကြီး စွပ်စွဲလိုက်၏။

ထိုအခါ ကျင်းယွင်ကျောင်းလည်း ဒေါသထွက်သွားသည်။

"ရှင်က ကျွန်မက အဆိပ်ခတ်တယ်လို့ ပြောနေတာလား။ ဒီဧည့်သည်တွေရဲ့မျက်လုံးတွေက ကန်းနေတယ်လို့ ရှင်က ထင်နေတာလား"

သူမသည် စကားဆုံးသည်နှင့် ထိုဧည့်သည်သုံးယောက် ထိုင်ခဲ့သောနေရာသို့ တန်းတန်းမတ်မတ်သွားလိုက်ပြီး လက်ဖက်ရည်အေးခွက်ကို ယူလာပြကာ သရော်လိုက်၏။

"ဦလေးကျန်၊ ရှင့်ရဲ့ ဒီလက်ဖက်ရည်အေးက ပိုးစာရွက်နဲ့ လုပ်ထားတာ၊ ဟုတ်တယ်မလား။ ဒါပေမယ့် နှမြောစရာကောင်းတာက ရှင်က ပိုးစာရွက်နဲ့ ရင်ကွဲမြက်ရဲ့ကြားက ကွာခြားချက်ကိုတောင် မပြောနိုင်ဘဲနဲ့ ရှင့်ရဲ့ဧည့်သည်တွေကို မှားယွင်းသောက်သုံးစေခဲ့တယ်။ အခု ရှင်က ကျွန်မကို အပြစ်တင်နေတယ်ပေါ့။ ရှင့်မှာ အပြစ်တင်ခွင့်ရော ရှိလို့လား"

"အဓိပ္ပါယ်မရှိတာ၊ ဘာရင်ကွဲမြက်လဲ။ ငါ တစ်ခါမှ မကြားဖူးဘူး"

အဖေကျန်သည် ထိုအရွက်ကြောင့် စိတ်မသိုးမသန့်ဖြစ်နေသော်လည်း ကျင်းယွင်ကျောင်း၏ စကားများကိုကြားသောအခါ မခံမရပ်နိုင်အောင် ဒေါသထွက်သွား၍ နောက်ထပ်စကားဆက်မပြောတော့ပဲ သူမဆီသို့ တဟုန်ထိုးပြေးသွားကာ လက်ထဲရှိ လက်ဖက်ရည်အေး လက်ကျန်ခွက်ကို ဆွဲလုလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ကိုင်ပေါက်လိုက်ရာ လက်ဖက်ရည်များက နေရာအနှံ့ ပြန့်ကျဲဖိတ်စင်သွားတော့သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Onde histórias criam vida. Descubra agora