Chapter 269 : ဆင်းရဲခြင်းကို မနှစ်မြို့ဘဲ ချမ်းသာခြင်းကိုသာ သဘောကျသည်
အဖိုးရှုသည် အခြားဘာအကူအညီမှမပါဘဲ သူ၏ ဂုဏ်သတင်းဖြင့်ပင် သူမ၏ခြေကြွခအား သာမန်သမားတော်တစ်ယောက် ဘယ်တော့မှ မရောက်နိုင်သည့် အဆင့်တစ်ခုအထိ မြှင့်တင်ပေးခဲ့သည်။ ထိုည၌ သူသည် ရည်ရွယ်ချက်ရှိရှိဖြင့်ပင် ဦးလေးရှင်းယွမ်အား သူမကို ဖုန်းမှတဆင့် အကြောင်းကိစ္စများကို ရှင်းပြစေခဲ့၏။
လူအများစုသည် စျေးချိုသောပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို စိတ်မချရဘဲ ဆိုးရွားသည်ဟု သတ်မှတ်ထားကြပြီး အထူးသဖြင့် ကျင်းယွင်ကျောင်းကဲ့သို့ ငယ်ရွယ်သူများက သူတို့အား ဝန်ဆောင်မှုပေး (ဆေးကုသပေး) သောအခါ၌ ဖြစ်သည်။ အကယ်၍ သူမသာ ခြေကြွခကို ယွမ်ရာဂဏန်းသာ တောင်းမည်ဆိုပါက သူမက လူနာအား ပျောက်ကင်းအောင် ကုသနိုင်လျှင်တောင်မှ လူနာများကိုယ်တိုင်က သူမ၏ ကုသရေးထူးချွန်မှုကို အခြားသူများအား ညွှန်းပေးလိမ့်မည် မဟုတ်ပေ။
တစ်ဖက်၌ သူမသည် ခြေကြွခ အမြောက်အမြားကို လက်ခံလိုက်ပါက တစ်ဖက်လူက သူမအား လေးစားသွားမည်ဖြစ်ပြီး သူမသည် အမှန်တကယ် ပျောက်ကင်းအောင် ကုသနိုင်သည်ဟု ခံစားသွားရလိမ့်မည်။ ထို့အပြင် ငွေကုန်ကြေးကျများခြင်းက အချို့လူများအတွက် အာမခံချက်တစ်မျိုးဖြစ်၍ သူတို့သည် သူမအား သူတို့ ချစ်သူ၊ ခင်သူများ၏ အသက်ကို သွန်လိုသွန် မှောက်လိုမှောက်နိုင်သည့် ကလေးတစ်ယောက်သဖွယ် ဆက်ဆံကြလိမ့်မည်။
ဦးလေးရှင်းယွမ်၏ ရှင်းပြချက်ကိုကြားသောအခါ ကျင်းယွင်ကျောင်းသည် ငိုရမလို၊ ရယ်ရမလိုဖြစ်သွားသော်လည်း အဖိုးရှု၏ တွေးခေါ်ပုံက အလွန်းအသေးစိတ်ကျသည်ကိုတော့ ဝန်ခံရပေမည်။
သူမအား ငွေကိုသာ ဂရုစိုက်သော သမားတော်တစ်ယောက် ဖြစ်မလာရေးသည် အဖိုးရှု၏ ရည်ရွယ်ချက်ဖြစ်ကြောင်း အသိအသာပင်။ သူ၏ အလိုအရ လူနာ အခြေအနေအပေါ်မူတည်၍ သူမသည် ခြေကြွခတောင်းခံနိုင်၏။ တကယ်တမ်း သူမသည် ဆေးပညာကျွမ်းကျင်သည်ဖြစ်ရာ လူနာများပေးနိုင်သည့် ပမာဏအပေါ်မူတည်၍ ခြေကြွခကို သူမဘက်မှ စ၍ ဆုံးဖြတ်ပေးနိုင်သည်။
အဖိုးရှု၏ ဤကဲ့သို့သင်ကြားမှုများသည် ကျင်းယွင်ကျောင်းအား ပို၍ အမြင်ပွင့်လာစေ၏။ သို့ရာတွင် အဖိုးရှု မခန့်မှန်းနိုင်ခဲ့သည့်တစ်ခုတည်းသောအချက်မှာ ကျင်းယွင်ကျောင်းသည် အနာဂတ်၌ သူ၏သင်ကြားမှုများကို မည်မျှ စေ့စေ့စပ်စပ် အသုံးချမည်ဆိုသည်ကိုပင်။
ဤတနင်္ဂနွေတွင် ကျင်းယွင်ကျောင်းသည် မိုးလင်းမှ မိုးချုပ်အထိ အလုပ်ရှုပ်နေသည်။
ထို့ကြောင့် ယခုအချိန်၌ ကျောင်းသွားခြင်းကသာ သူမအတွက် အနားယူခြင်းတစ်မျိုး ဖြစ်နေလေ၏။
သို့ရာတွင် နောက်တစ်နေ့ မနက်စောစောတွင် အယောက်တစ်ရာမကသော လူအုပ်ကြီးသည် ကျောင်းရှေ့၌ စုဝေးနေကြသည်။
မနက်ခင်းအစောကြီး၌ တရားမျှတမှုကို လိုချင်သောမျက်နှာများဖြင့် ဆိုင်းဘုတ်များကိုင်ဆောင်ထားသည့် လူအုပ်ကြီးအား ဖြတ်သွားသမျှ ကျောင်းသားများက နားမလည်နိုင်ဘဲ သိချင်စိတ်အပြည့်ဖြင့် စိုက်ကြည့်သွားကြသည်။
ထိုအချိန်တွင် ကျောင်းပေါက်ဝသို့ရောက်လာကြသော ကျင်းယွင်ကျောင်းနှင့် စူးချူတို့သည်လည်း ဆိုင်းဘုတ်များပေါ်တွင် စာလုံးကြီးကြီးနှင့် ရေးထားသောစာများကို မြင်သောအခါ ရပ်ကြည့်လိုက်ကြ၏။
"မိန်းမတွေက သူတို့ရဲ့မိဘအရင်းတွေကိုတောင် စွန့်ပစ်တဲ့အထိ ဆင်းရဲတာကို မနှစ်မြို့ဘဲ ချမ်းသာတာကိုပဲ သဘောကျကြတယ်။ ပညာတတ်ပေမယ့် အကျင့်မကောင်းဘူး"
စူးချူသည် ဆိုင်းဘုတ်ပေါ်ရှိစကားလုံးများကို သေချာအာရုံမစိုက်မိသော်လည်း ကျင်းယွင်ကျောင်းက လမ်းလျှောက်နေရာမှ ရုတ်တရက်ရပ်သွားသောကြောင့် သူမက သိချင်စိတ်ဖြင့် မေးလိုက်၏။
"ပြောင်ကျဲ၊ ဘာဖြစ်လို့လဲ"
"ချူချူ၊ နင် ငါနဲ့ ခဏလောက် ဝေးဝေးမှာသွားနေသင့်တယ်။ မဟုတ်ရင် ခဏနေကျ နင့်ကိုပါ လာရှုပ်ကြလိမ့်မယ်"
ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်သည်။
အကြမ်းဖြင်းအားဖြင့် ဆန္ဒပြနေသူများထဲမှ လူနှစ်ဆယ်သုံးဆယ်ခန့်သည် ရွှေချန်းရွာမှ လာကြသည်ဖြစ်ရာ ဤကိစ္စသည် သူမက သူတို့အား အပြင်းအထန်ရိုက်နှက်ခဲ့ခြင်းကြောင့်ဟု သူမ သိ၏။ ထို့အပြင် လူဒါဇင်ပေါင်းများစွာသည် မိုက်ခရိုဖုန်းများ၊ လက်မှတ်ထိုးထားသောစာရွက်များနှင့် ကင်မရာများကို ကိုင်ထားကြသည်။ သို့ရာတွင် ကျန်လူများမှာ ရွှေချန်းရွာနှင့် မသက်ဆိုင်သည့် ဆန္ဒပြသူများဖြစ်ကြကာ ထိုလူများက အားမာန်အပြည့်နှင့် "ပညာသင်ကြားခြင်း၏ အဓိပ္ပါယ်" ဟု အော်ဟစ်နေကြ၏။
ထိုမျှသာမက ကလေးများကို ကျောင်းလာပို့သောမိဘများသည်လည်း ထိုမြင်ကွင်းကိုကြည့်၍ စိုးရိမ်နေပုံရကာ ကျောင်းမှ တာဝန်ရှိအကြီးအကဲများကလည်း ပြဿနာကို ဖြေရှင်းရန် ကြိုးစားနေကြ၍ ယနေ့ တနင်္လာနေ့မနက်ခင်းသည် အလွန်သက်ဝင်လှုပ်ရှားနေသည်။
"ဘာဖြစ်လို့လဲ"
စူးချူသည် မူလက နားမလည်သော်လည်း လူအုပ်ကြီးအား စိုက်ကြည့်နေသည့် ကျင်းယွင်ကျောင်း၏ အကြည့်များကို အဓိပ္ပါယ်ကောက်မိသွားသည်နှင့် သူမ၏ အမူအယာက ချက်ချင်းပင် ပျက်ယွင်းသွား၏။
"မဖြစ်နိုင်ဘူး မဟုတ်လား။ ဒါဆို သူတို့ပြော...ပြောနေတဲ့လူက..."
ပြောင်ကျဲလား။
ထို့နောက် သူမသည် ဆိုင်းဘုတ်ပေါ်မှစာများကို ဖတ်ကြည့်လိုက်သည်။
ချမ်းသာတာကို သဘောကျပြီး ဆင်းရဲတာကို မနှစ်မြို့ဘူး၊ ဟုတ်လား။ အဓိပ္ပါယ်မရှိလိုက်တာ။
စူးချူသည် ချက်ချင်းပင် ဒေါသထွက်သွား၍ လက်သီးတင်းတင်းဆုပ်လိုက်ကာ ...
"ကျွန်မ အစ်မကို ကူပြီးတော့ သူတို့နဲ့ရင်ဆိုင်မယ်။ သူတို့က ဘာအဆင့်ရှိလို့ အစ်မကို ဒီလိုခေါ်ရတာလဲ။ သူတို့က အစ်မရဲ့မိသားစုဝင်အရင်းအချာတွေနဲ့ လုံးဝမတူဘူး"
သူမတို့အားလုံးသည် ထိုနေ့ညက ကျင်းယွင်ကျောင်းထံမှ မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်ရလဒ်များကို သိထားပြီးဖြစ်၏။ ထို့ကြောင့် သူမတို့သည် သူတို့ကိုယ်သူတို့ သူမ၏ မိသားစုဝင်များဖြစ်သည်ဟုဆိုကာ မဏ္ဍပ်တိုင်တက်ရန် ကြိုးစားနေကြသည့်အုပ်စုကို တစ်စက်မှအကောင်းမမြင်ပေ။
"နင်တို့က သိပေမယ့် တခြားသူတွေက မသိသေးဘူးလေ"
ကျင်းယွင်ကျောင်းက သူမ၏ အေးစက်သော အရှိန်အဝါများကို ထုတ်ပြလိုက်ရင်း မမျှော်လင့်ဘဲ ပြုံးလိုက်သည်။
"တကယ်တော့ ဒါက သူတို့ဖန်တီးထားတဲ့ ဒီလိုပဋိပက္ခကြီးနဲ့ ဆက်နွယ်နေတဲ့ လက်နက်ကောင်းတစ်ခုပဲ"
အမြင့်သို့တက်လေ၊ အကျနာလေ ဖြစ်သည်။
ကျင်းမိသားစုသည် အမှန်တကယ်ပင် ဆင်းရဲချို့တဲ့သောမိသားစုဖြစ်သော်လည်း ဆင်းရဲချို့တဲ့ခြင်းက လူတစ်ယောက်အား လူယုတ်မာအဖြစ်သို့ပြောင်းသွားစေရန်အတွက် အကြောင်းပြချက်ကောင်း မဟုတ်ပေ။ ကမ္ဘာပေါ်၌ မပြည့်စုံသောသူများစွာရှိ၍ သူမသည်လည်း သူတို့ထဲမှ တစ်ယောက်အဖြစ် အသားကျနေပြီဖြစ်သည်။
"ပြောင်ကျဲ၊ ဘာဆက်လုပ်မှာလဲ။ မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးချက်ရလဒ်တွေကို ထုတ်ပြပြီး သူတို့မျက်နှာတွေကို ပစ်ပေါက်ပစ်မှာလား"
စူးချူက ထိုသို့မေးလိုက်ပြီးနောက် သူမ၏ စိတ်ထဲတွင် သေချာသွားပုံရ၍ မျက်လုံးများက တောက်ပလာသည်။
"အလောတကြီးလုပ်ဖို့ မလိုသေးဘူး။ တကယ်လို့ နင် လူတစ်ယောက်ကိုဖျက်ဆီးချင်တယ်ဆိုရင် အရင်ဆုံး သူတို့ကို အရူးထခွင့်ပေးရတယ်၊ ဒါက အချို့လူတွေအတွက် စောလွန်းနေသေးတယ်လေ"
ထို့နောက် ကျင်းယွင်ကျောင်းသည် သူမ၏ကျောပိုးအိတ်ကိုချွတ်လိုက်၍ စူးချူအား ပေးလိုက်ပြီးနောက် ခပ်ပြုံးပြုံးပင် ထိုလူများဆီသို့ လျှောက်သွားလိုက်လေ၏။