Chapter 300 : ကျွဲတစ်ကောင်ကဲ့သို့ တုံးအခြင်း
လက်ဖက်ရည်ဆိုင်ထဲ၌ တိတ်ဆိတ်ငြိမ်သက်နေ၍ ချူးရုန်သည် ကျင်းယွင်ကျောင်း မကြာခင်ရောက်လာရန်သာ မျှော်လင့်နေရသည်။ သူသည် အမှန်တကယ်ပင် ဤအခြေအနေနှင့်ပတ်သတ်ပြီး ဘာလုပ်ရမှန်း မသိပေ။
သို့သော် သူ စောင့်မျှော်နေဆဲမှာပင် လက်ဖက်ရည်ဆိုင်အတွင်း၌ ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
နင်းမြို့တော်မှ အုပ်စုသည် တိုင်ပင်စရာမလိုဘဲ ရုတ်တရက် ထရပ်လိုက်ကြ၍ ဆိုင်ဝင်ပေါက်သို့ လျှောက်သွားကြသည်။ မူလက ချူးရုန်သည် နောက်ဆုံး၌ ကျင်းယွင်ကျောင်း ရောက်လာပြီဟု တွေးလိုက်သော်လည်း သူလှမ်းကြည့်လိုက်သောအခါ အဖိုးအိုတစ်ယောက်နှင့် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ် ယောက်ျားလေးတစ်ယောက် အတူဝင်လာသည်ကိုသာ မြင်လိုက်ရလေ၏။
"အကြီးအကဲထန်၊ ခင်ဗျားလည်း ဒီကိုရောက်လာတယ်ပေါ့။ အပြင်ထွက်ပြီး မကြိုဆိုလိုက်ရလို့ ခွင့်လွှတ်ပါ ခင်ဗျာ"
အစောပိုင်းက ချူးရုန်နှင့် စကားပြောခဲ့သော ဒါရိုက်တာအဖွဲ့ဝင်သည် အလွန်အမင်း ယဥ်ကျေးလှစွာဖြင့် လက်ဆွဲနှုတ်ဆက်ရန်အတွက် လက်ကမ်းပေးလိုက်ပြီး ခါးညွှတ်၍ပင် နှုတ်ဆက်လိုက်သည်။
"အို...ရှောင်ရှု့ပဲ။ မင်း ရောက်နေတာ မြန်လိုက်တာ"
အကြီးအကဲ ထန်က သူ့အား တစ်ချက်ငဲ့ကြည့်၍ ပြုံးပြလိုက်၏။
ထိုအချိန်တွင် တစ်ဖက်မှ ဒုတိယမြို့တော်ဝန်သည် အံ့အားသင့်နေသော မျက်နှာဖြင့် လျှောက်လာ၍ ...
"အကြီးအကဲထန်၊ ခင်ဗျားကရော ဘာကြောင့် ဒီကိုရောက်လာတာလဲ"
"ကျုပ်မြေးရဲ့ ကျေးဇူးရှင်လေးက ကျုပ်ကို ဒီနေရာက လက်ဖက်ရည်က ကောင်းတယ်ဆိုလို့ တစ်ခါလောက် လာမြည်းကြည့်တာပါ"
အကြီးအကဲထန်က စကားဆုံးသည်နှင့် လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်လိုက်သည်။
ထိုအခါ လူအုပ်ကြီးက ရှဲသွားပြီး သူ့အတွက် လမ်းဖယ်ပေးကြ၏။
အစိုးရ အရာရှိများသည် သာမန်လူများကို အဖတ်လုပ်၍ စကားမပြောဟူသည့် ဆိုရိုးစကားရှိသော်လည်း အကြီးအကဲထန်သည် နင်းမြို့တော်၌ အကြွင်းမဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။ သူသည် နယ်ပယ်ပေါင်းစုံ၌ စီးပွားရေးလုပ်ငန်းများစွာရှိ၍ အလွန်အရည်အချင်းပြည့်ဝသူဖြစ်ရာ ငွေကြေးကသာ အရာရာဖြစ်၍ ဒုစရိုက်များနှင့်ပြည့်နေသော ယနေ့ခေတ်တွင် သူ၏အဆင့်အတန်းမှာ အလိုအလျောက်ပင် ထင်ရှားကြီးကျယ်လှ၏။ သူ၏ အသက်အရွယ်ကလည်း သူ၏ ခံ့ညားကြီးကျယ်မှုကို အားဖြည့်ပေးနေသည်ပင်။
မူလက ဤနေရာသို့ အပျင်းပြေလာရောက်သည့် ခရိုင်ဦးစီးမှူးသည် အံ့သြလွန်းသဖြင့် ပါးစပ်မပိတ်နိုင်အောင်ပင် ဖြစ်နေ၏။ သူသည် မူလက ဤလက်ဖက်ရည်ဆိုင်သည် ပိုင်ယွီအန်း၏ ဆိုင်ဖြစ်သောကြောင့် လူများစွာက သူ့အား မျက်နှာသာပေးရန် လာရောက်ကြခြင်းဖြစ်မည်ဟု တွေးနေခဲ့သော်လည်း ယခုအခါ သူသည် ဘာကိုမှထပ်၍ မစဥ်းစားတတ်တော့ပေ။
ပိုင်ယွီအန်းက မည်မျှပင် အောင်မြင်နေပါစေ၊ သူသည် ဖွံဖြိုးဆဲ စီးပွားရေးလုပ်ငန်းတစ်ခု၏ အထွေထွေမန်နေဂျာတစ်ယောက်သာ ဖြစ်နေဆဲပင်။ သူ၏ အဆင့်အတန်းသည် ယခု ဤနေရာတွင် ရောက်နေသူများနှင့် လုံးဝမယှဥ်နိုင်သေး။ ထို့အပြင် ဒုတိယမြို့တော်ဝန်သည်ပင် ဤနေရာ၌ ရှိနေ၏။ နင်းမြို့တော်၌ မြို့တော်ဝန်ကို ထည့်မတွက်လျှင် ဒုတိယမြို့တော်ဝန်က ရာထူးအကြီးဆုံးပင်။
ထိုမျှသာမက နောက်မှရောက်လာသော အဖိုးအိုသည် မည်သူမှန်း သူ မသိသော်လည်း ထိုအဖိုးအို၏ အမူအယာသည် အမှန်တကယ်ပင် ဝံ့ကြွားလွန်း၍ မည်သူကမှ သူ့ကို မထီမဲ့မြင် မပြုရဲကြပေ။ ထို့အပြင် လူတိုင်းက ထိုအဖိုးအိုအား အကြီးအကဲထန်ဟု ခေါ်သောကြောင့် သူသည် နင်းမြို့တော်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ထန်လင်းအား မတွေးမိဘဲ မနေနိုင်တော့။
ထိုအချိန်၌ ချူးရုန်သည် အံ့သြလွန်း၍ ထုံနေပြီဖြစ်သည်။ အစောပိုင်းက သူသည် ပိုင်ယွီအန်းအား ဖုန်းဆက်၍ ထိုလူများ ဤနေရာသို့ရောက်လာခြင်းက ပိုင်ယွီအန်း၏ လက်ချက်လားဟု မေးခဲ့သည်။ သို့သော် ပိုင်ယွီအန်းကပင် ပို၍ အံအားသင့်သွားလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။ သူသည် ချူးရုန်အား ထိုနာမည်ကဒ်များကို သေချာသိမ်းထားခိုင်း၍ သူတို့နှင့် တွေ့ရန်အတွက် သူကိုယ်တိုင်ပင် လာချင်နေသည်။
ထို မိချောင်းကဲ့သို့သော လူများသည် တွေ့ချင်တိုင်း တွေ့လို့ရသည့် လူများ မဟုတ်သည့်အပြင် သူတို့၏ နာမည်ကဒ်များသည်လည်း လူတိုင်းရနိုင်သည့် အရာများ မဟုတ်ပေ။
အကယ်၍ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကြောင့် ထိုကဲ့သို့သော ပုဂ္ဂိလ်ကြီးများစွာ လာရောက်ကြလိမ့်မည်ဟု ပိုင်ယွီအန်းသာ ကြိုသိခဲ့ပါက သူသည် ကျင်းယွင်ကျောင်းအား လက်ဖက်ရည်ဆိုင်ကို စောစော ဖွင့်ခိုင်းမိလိမ့်မည် ဖြစ်သည်။
ပိုင်ယွီအန်းက အမှန်တကယ်ပင် ရင်ထဲ၌ ပျော်ရွှင်လှိုက်ဖိုနေသော်လည်း ချူးရုန်ကဲ့သို့ပင် ကြောင်တောင်တောင် ဖြစ်နေသေး၏။
ဤအခြေအနေသည် ယုံရခက်လှသည်ဟု သူ မတွေးမိဘဲ မနေနိုင်ပေ။ ကျင်းယွင်ကျောင်းက မည်သို့များ လုပ်ခဲ့သနည်း။
ထိုအချိန်၌ ကျင်းယွင်ကျောင်းလည်း အချိန်ကိုက် ရောက်ရှိလာသည်။
သို့သော် နောက်ဆုံး သူမ ရောက်ရှိလာချိန်၌ ဤနေရာတွင် ရှိနေသူများအားလုံးသည် ချူးရုန်ထက်ပင်ပို၍ စိတ်လှုပ်ရှားသွားကြသည်မှာ အသိအသာပင်။ သူတို့၏ တုံ့ပြန်မှုက အစောပိုင်း အကြီးအကဲထန်အား ကြိုဆိုကြသည်နှင့်ပင် အတော်လေးဆင်တူ၏။
"သမားတော်ကျင်း၊ မင်းက ဒီမှာပဲ"
"မတွေ့တာ ရက်နည်းနည်းပဲရှိသေးတယ်၊ သမားတော်ကျင်းက ပိုပြီးတော့ လှလာပြန်ပြီလားဗျာ"
"သမားတော်ကျင်း၊ အမြန်လေးလာပြီးတော့ ကျွန်တော် အပြည့်အဝ ပြန်ကောင်းလာ၊ မလာ ကြည့်ပေးပါဦး"
...
ထိုအခါ ချူးရုန်က မဲ့လိုက်သည်။
သည်လူတွေက ဖျော်ပေးတဲ့ လက်ဖက်ရည်ကို မကြိုက်ကြဘူးလား။ လက်ဖက်ရည်ဆိုင်ကို ရောဂါဆွေးနွေးဖို့ လာနေတာဆိုတော့ သည်အခြေအနေက ဘာလဲ။ အားလုံးကို မောင်းထုတ်လိုက်လို့ ရလား။
"ကျွန်မရဲ့ဆန္ဒအတိုင်း ဒီကိုလာပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ဒီနေ့ ဒီလက်ဖက်ရည်ဆိုင်က ခြောက်ကပ်နေမှာပဲလို့ တွေးမိတယ်။ ပြီးတော့ လူတိုင်းက ဒီလက်ဖက်ရည်ကို ဘယ်လိုသဘောရလဲဆိုတာ ကျွန်မ သိချင်ပါတယ်။ တကယ်လို့ လက်ဖက်ရည်က ရှင်တို့သောက်နေကျ အရသာမဟုတ်ရင် ဝန်ထမ်းတွေကိုပြောပြီး လဲခိုင်းလို့ရပါတယ်။ ဒီနေ့ အားလုံးကို ကျွန်မ လက်ဖက်ရည်နဲ့ ဧည့်ခံပါတယ်"
ကျင်းယွင်ကျောင်းက ကြေညာလိုက်၏။
ပြောရမည်ဆိုပါက သူမသည် အဖိုးရှုအား ကျေးဇူးတင်ရမည်ဖြစ်သည်။
ယခု ဤနေရာ၌ ရှိနေသူများသည် သူမ၏ လူနာဟောင်းများနှင့် လူနာများ၏ မိသားစုဝင်များ ဖြစ်ကြ၏။ သူမသည် လက်ဖက်ရည်ဆိုင် စဖွင့်တော့မည့်အကြောင်း အဖိုးရှုအား ပြောပြ၍ သူမ၏ ဂုဏ်သတင်းကို မည်သို့တိုးတက်အောင် လုပ်သင့်ကြောင်း သူ့ဆီမှ အကြံဥာဏ်တောင်းခဲ့သည်။ သို့သော် အဆုံး၌ အဖိုးရှုက သူမအား မျက်လုံးလှန်ကြည့်လိုက်ပြီး ကျွဲတစ်ကောင်ကဲ့သို့ တုံးအသည်ဟုသာ ပြောခဲ့၏။
ထို့နောက်တွင် အဖိုးရှုက လူနာများအား သူမဆီသို့ ညွှန်းပေးသည့် ရည်ရွယ်ချက် အစစ်အမှန်ကို သူမ သဘောပေါက်သွားလေသည်။
ထိုသို့ညွှန်းပေးခြင်းမှာ တစ်ဖက်က သူမ၏ ဆေးပညာ ဗဟုသုတ ကျယ်ပြန့်လာစေရန်ဖြစ်ပြီး အခြားတစ်ဖက်က သူမ၏ ဂုဏ်သတင်းနှင့် အဆက်အသွယ်များ တိုးပွားလာစေရန်သာဖြစ်ချေလေ၏။