Chapter 257

873 63 0
                                    

Chapter 257 : တာဝန်ယူရခြင်း


ယခုအချိန်၌ ချောင်ဝေ့မင်သည် မိသားစုပိုင် ပစ္စည်းဥစ္စာများအားလုံးနီးပါးကို သုံးဖြုန်းပစ်ခဲ့ပြီဖြစ်၍ သူ့အပေါ်တွင် အကြွေးတင်နေသည့် ကျန်မိသားစု၏ ချမ်းသာကြွယ်ဝမှုကို မြင်သောအခါ သူသည် အဘယ်ကြောင့် ထိုမိသားစုအပေါ်တွင် အမြတ်မထုတ်ချင်ဘဲ နေလိမ့်မည်နည်း။ ထို့ကြောင့် သူသည် အလိုလိုပင် သူရစရာရှိသည်များကိုယူရန်အတွက် ထိုအိမ်သို့ သွားလိမ့်မည်ဖြစ်သည်။

(T/N : အကြွေးဆိုတာ ပိုက်ဆံချေးထားတာ မဟုတ်ပါဘူးနော်။ သူ့သမီးနဲ့ ကျန်ရှက ခိုးပြီး အတူတူနေလို့ သူက သမီးရှင်အနေနဲ့ သားရှင်တွေက သူ့အပေါ် တင်နေတဲ့ အကြွေး၊ နစ်နာကြေးသဘောမျိုးပါ။)

ချောင်ဝေ့မင်သည် သမီးဖြစ်သူ ချောင်ဟုန်ယဲ့ထက် ဆယ်ဆမက ယုတ်မာ၏။  သူက ကျန်မိသားစုအိမ်ရှေ့၌ စတင်၍ အော်ကြီးဟစ်ကျယ်ဖြင့် ပြဿနာရှာခဲ့ပြီး ထွက်သွားရန် ငြင်းဆန်နေသဖြင့် အနီးနားပတ်ဝန်းကျင်၌ရှိ သူတိုင်းကပင် သူ၏အော်သံကို ကြားနိုင်ချေ၏။

သူသည် ကျန်ရှက သူ့သမီးဖြစ်သူ၏ ဖြူစင်မှုကို ဖျက်ဆီးခဲ့ပြီး သူမအား "အပျက်မ" တစ်ယောက်ဟုခေါ်၍ သိက္ခာချခဲ့ကြောင်းကို ဆက်၍ပြောဆိုနေ၏။ ချောင်ဝေ့မင်၏ ဆက်တိုက်စွပ်စွဲပြောဆိုမှုများသည် ကျန်မျိုးနွယ် လင်မယားနှစ်ယောက်အား အရှက်တကွဲ အကျိုးနည်းဖြစ်စေ၍ သူတို့သည် ချောင်ဝေ့မင်အား ပါးစပ်ပိတ်ရန် ယွမ်တစ်သိန်းခန့်ပေးလိုက်ရသည်။

သို့သော် ဤသည်က အဆုံးသတ်မဟုတ်သေးပဲ ချောင်ဝေ့မင်က သမီးဖြစ်သူကို ချက်ချင်းပင် ကျန်မိသားစုထဲသို့ တွန်းထည့်ခဲ့၍ ခပ်လွယ်လွယ်ပင် ပြောသွားခဲ့၏။

"တာဝန်ယူလိုက်"

ချောင်ဝေ့မင်သည် ငတုံးတစ်ယောက် မဟုတ်သောကြောင့် သူသည် လက်ဖက်ရည်ဆိုင်တစ်ဆိုင်နှင့် အထည်ဆိုင်တစ်ဆိုင်ရှိသော ကျန်မိသားစု၏ စီးပွားရေးလုပ်ငန်းများကိုသိသည်။ ထို့ကြောင့် သူ့သမီးဖြစ်သူသာ ကျန်မိသားစုထဲတွင် ရှိနေသရွေ့ သူသည် အသက်ရှင်နေသမျှကာလပတ်လုံး အကျိုးအမြတ်များ စိတ်ကြိုက်ရရှိနေမည်မှာ အသေအချာပင်။

ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် အဖိုးရှု၏ အိမ်တွင် ရောက်နေ၍ ဤအဖြစ်အပျက်များအားလုံးကို ဘာတစ်ခုမှမသိလိုက်ပေ။

အဖိုးရှုသည် သူမ၏ ဝိုင်ကို အလွန်နှစ်သက်၍ ခေါင်းတငြိမ့်ငြိမ့်နှင့် ကျေနပ်နေကာ ရီဝေဝေကြည့်လာပြီး သူမအား ဆေးပင်များကို ထုပ်ပိုးရန် တိုက်ရိုက်ညွှန်ကြားလိုက်သည်။

"ဒီကောင်မလေးကတော့...မင်းက ဗဟုသုတအတော်လေး ကြွယ်ဝတာကို၊ ဒီဝိုင်က ဝိုင်ကောင်းတစ်ခုပဲ"

အဖိုးရှုက အားရပါးရပြုံး၍ ပြောလိုက်ပြီး အဖိုးဆီမှ ထိုကဲ့သို့သော အမူအယာမျိုးကို မြင်ရခြင်းက ရှားရှားပါးပါးပင်။

အဖိုးရှုသည် အလွန်ထူးဆန်းသည်ဟု ကျင်းယွင်ကျောင်း အမြဲခံစားခဲ့ရသည်။ ပုံမှန်အားဖြင့် သူသည် မရယ်မပြုံးတတ်ဘဲ လူများအား အေးတိအေးစက် ဆက်ဆံလေ့ရှိ၏။ ယခုအချိန်၌ သူသည် အဖိုးကန်ထက်ပင် ဝိုင်ကို ပို၍စွဲလန်းနေသည်။ ထို့အပြင် သူသည် ဝိုင်ကို စသောက်လိုက်သည်နှင့် မရပ်နိုင်တော့ပေ။ သို့ရာတွင် သူဝိုင်သောက်သည့်အချိန်တိုင်း ဆေးပင်များနှင့် ပြည့်နေသော အနောက်ဘက်ခြံဝန်းထဲတွင် သူတစ်ယောက်တည်း သော့ပိတ်နေလေ့ရှိပြီး သပ်သပ်ရပ်ရပ် စီထားသော ဆေးပင်များကို စတင်မွှေနှောက်ကာ သူသည် ထိုဆေးပင်များအပေါ်တွင် နက်နက်ရှိုင်းရှိုင်း မုန်းတီးနေသည့်အလား ရှုပ်ပွသွားအောင် ဖွပစ်လေ့ရှိသည်။

သို့သော် သူထိုသို့ဖြစ်သည့်အချိန်တိုင်း ကျင်းယွင်ကျောင်းအား ကြည့်သည့်အကြည့်များက အနည်းငယ် ကွဲပြားနေသည်ကို မြင်ရလေ့ရှိသည်။

အထူးသဖြင့် အဖိုးရှုသည် အရက်မူးသည့်အခါတိုင်း ကျင်းယွင်ကျောင်းအား ကြင်ကြင်နာနာ ငေးကြည့်နေလေ့ရှိသည်။ တစ်ခါက သူသည် ကျင်းယွင်ကျောင်းအားကြည့်ရင်း မျက်ရည်များပင် ကျဆင်းလာရာ သူမသည် အလွန်အမင်း ထိတ်လန့်သွားခဲ့ဖူး၏။

"အဖိုး၊ ဒီဝိုင်က အရသာရှိပေမယ့် အဖိုး ထိန်းပြီးတော့ သောက်သင့်တယ်။ မဟုတ်ရင် မနက်ဖြန် အဖိုးအိပ်ယာနိုးရင် ခေါင်းကိုက်နေလိမ့်မယ်"

ကျင်းယွင်ကျောင်းက လေးလေးစားစား ပြောလိုက်၍ ကျောင်းသားတစ်ယောက်က သူတို့၏ ဆရာအား ပြောနေသည့်အလားပင်။

ထိုအခါ အဖိုးအို၏ မျက်နှာတွင် မည်သည့်အမူအယာကိုမှ ထုတ်ဖော်မပြသော်လည်း သူသည် ကျင်းယွင်ကျောင်း၏ စိုးရိမ််ပေးမှုကြောင့် ကျေနပ်သွားပြီး ပြန်ဖြေလိုက်၏။

"ဒီအဖိုးကြီးက သိပြီးသား။ မင်းလို ပေတိပေစုတ်ကလေးမလေးတစ်ယောက်က ငါ့ကို သတိပေးစရာမလိုပါဘူး"

"ရှင်းယွမ်၊ သူ့ကို ဆေးစာပေးလိုက်"

အဖိုးရှုက ကျင်းယွင်ကျောင်းအား ပြန်ဖြေပြီးသည်နှင့် ထအော်လိုက်သည်။

ထိုအခါ ဦးလေးရှင်းယွမ်က အံ့အားသင့်သွားသော်လည်း သူသည် အဖိုးရှု၏ ညွှန်ကြားချက်များကို ရိုရိုသေသေ လိုက်နာပြီး စာရွက်အစိမ်းရောင်တစ်ရွက်ကို ယူဆောင်လာသည်။ ထိုစာရွက်သည် အလွန်လက်ရာမြောက်၍ မည်သည့်ရနံ့မှန်း ကွဲကွဲပြားပြား မသိနိုင်သော ရနံ့လေးတစ်ခု မွှေးပျံ့နေပြီး အတွင်းထဲ၌မူ မည်သည့်စာမှကို ရေးသားမထားဘဲ ရွှေရောင် နွယ်ချိုမြစ်တစ်ခု၏ပုံကို ရိုက်နှိပ်ထားရာ ကျင်းယွင်ကျောင်းသည် အဓိပ္ပါယ်ကို နားမလည်ပေ။

"ဒီဟာက ဆေးဝါးပြိုင်ပွဲတစ်ခုရဲ့ ဖိတ်ကြားလွှာပဲ၊ အနိုင်ရတဲ့သူက အကျိုးအမြတ်တစ်ချို့ရမယ်။ မင်းကို အဲဒီပြိုင်ပွဲကို လွှတ်မယ့် ဆရာရဲ့ဆုံးဖြတ်ချက်က မင်းရဲ့ကောင်းကျိုးအတွက်ပါပဲ။ ပြိုင်ပွဲကျင်းပမယ့် ရက်နဲ့အချိန်ကိုတော့ ပုံနှိပ်ထားတဲ့ ရွှေရောင်နွယ်ချိုမြစ်ထဲမှာ ရေးထားတယ်။ မင်း အိမ်ကိုပြန်ပြီးတော့ ကိုယ်တိုင် ရှာဖွေလေ့လာသင့်တယ်"

ဦးလေးရှင်းယွမ်က ရှင်းပြခဲ့သည်။

ကျင်းယွင်ကျောင်းသည် သေသေချာချာ နားမလည်သေးသော်လည်း လက်ရှိ အဖိုးအို၏ ရီဝေဝေအခြေအနေကြောင့် သူမသည် လေးနက်သောအမူအယာဖြင့် ခေါင်းညိတ်ပြလိုက်၏။

"အိုး...ပြီးတော့ နင်းမြို့တော်မှာ ဆရာနဲ့ ဆေးကုချင်နေတဲ့သူတွေ မရေမတွက်နိုင်အောင်ရှိတယ်။ အရင်ကတော့ သူတို့အားလုံးကို ငြင်းခဲ့ပေမယ့် အခုကစပြီး အဲဒီလူနာတွေအားလုံးကို မင်း ကုပေးရမယ်။ ဆရာက သူတို့ကို မင်းရဲ့ဖုန်းနံပါတ် ပေးပြီးသွားပြီ။ ဒါကြောင့် မနက်ဖြန်ကစပြီး မင်း အလုပ်များတော့မှာ သေချာသလောက်ပဲမို့လို့ ကိုယ့်ကိုကိုယ် သေချာပြင်ဆင်ထားပါ"

ဦးလေးရှင်းယွမ်က ထပ်ဖြည့်ပြောလိုက်၏။

ထိုအခါ ကျင်းယွင်ကျောင်းက အဖိုးရှုအား တအံ့တသြကြည့်လိုက်သည်။

အဖိုးရှုသည် ဆေးဖော်စပ်သူတစ်ယောက်ဖြစ်သော်လည်း သူ၏ ဆေးကုသမှုစွမ်းရည်ကမူ မနိမ့်ကျပေ။ ထို့ကြောင့် လူအများက သူ့ထံသို့ အကူအညီလာတောင်းကြခြင်းမှာ မထူးဆန်း။ သို့သော် ယခု သူသည် ထိုလူနာများအားလုံးကို သူမနှင့် မိတ်ဆက်ပေးနေသည်တဲ့။ ဤကြင်နာသော အပြုအမူက အဖိုးရှု၏ ကျင်းယွင်ကျောင်းအပေါ် အလွန်မျက်နှာသာပေးမှုကို ဖော်ပြလိုက်ခြင်းပင်။

သူမသည် ငယ်ရွယ်လွန်းသောကြောင့် သူမကိုယ်တိုင်က လူနာတစ်ယောက်အား ကုသပေးပါမည်ဟု တောင်းဆိုလျှင်တောင်မှ မည်သူကမှ သူမ၏ ကမ်းလှမ်းချက်ကို လက်ခံမည်မဟုတ်ပေ။ သို့သော် အဖိုးရှု၏ ကူညီပေးမှုကြောင့် လက်တွေ့တွင် သူမ၏ ဆေးပညာကျွမ်းကျင်တိုးတက်မှုနှင့် အတွေ့အကြုံများသည် အာမခံချက်ရရှိထားပြီးဖြစ်သည်။

"ကျေးဇူးတင်ပါတယ် အဖိုး"

ကျင်းယွင်ကျောင်းက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်၏။

တစ်ခါတစ်ရံ သူမသည် သက်ကြီးရွယ်အိုများကို မြင်သောအခါ ဝမ်းနည်းတတ်သော်လည်း လူတစ်ယောက်သည် တစ်ဖက်လူ၏ ကိုယ်ရေးကိုယ်တာကိစ္စရပ်များကို အလွန်အကျွံ မမေးမြန်းရပေ။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် အနာဂတ်၌ သူတို့အား ပို၍ ရိုသေလေးစားစွာ ဆက်ဆံပေးရန်သာ ဆုံးဖြတ်လိုက်သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now