Chapter 247 : ရှင်းလင်းခြင်း
တုလင်းသည် နှစ်မီတာကျော်လောက်အထိ လွင့်ထွက်သွားကာ သူ့ခေါင်းမှာလည်း လူတစ်ယောက်နှင့် ရိုက်မိလုနီးပါးဖြစ်သွား၍ ကြောက်လွန်းသောကြောင့် တုန်ရီနေသည်။ ကံကောင်းသည်မှာ သူသည် ကိုယ်ခံပညာရပ် အနည်းငယ် တတ်ထားသောကြောင့် သူ့ကိုယ်သူ ဟန်ချက်ထိန်းထားနိုင်လိုက်၏။ ထိုအခါ သူသည် သူ့ကိုယ်သူ ထင်သလောက် အားမနည်းကြောင်း သိလိုက်ရ၍ အတော်လေး စိတ်လှုပ်ရှားသွားသေးသည်။
လူသားတိုင်း၏ နှလုံးသားထဲတွင် ပုန်းကွယ်နေသော သူရဲကောင်းတစ်ယောက်ရှိ၏။ လက်ရှိအချိန်၌ တုလင်းသည် သူ့ကိုယ်သူ အရပ်ရှည်၍ ခွန်အားကြီးလာသကဲ့သို့ ခံစားနေရသည်။
သို့သော် သူသည် လီရှောက်ယွင် တိုက်ခိုက်နေသည်အား မြင်သောအခါ စောင့်မကြည့်ဘဲ မနေနိုင်ချေ။
လီရှောက်ယွင်သည် ကျင်းယွင်ကျောင်း၏ နောက်ရှိ တုလင်း၏ နေရာကို အစားဝင်လိုက်သော်လည်း သူက အရပ်ပိုရှည်သည်ဖြစ်ရာ ကျင်းယွင်ကျောင်းက သူ့အား ကာကွယ်ပေးနေသည်နှင့် တူသော်လည်း လက်တွေ့၌ သူကသာ သူမ၏အနောက်မှ တိုက်ခိုက်လာသမျှ အားလုံးကို ပိတ်ဆို့ကာကွယ်ပေးနေခြင်းဖြစ်သည်။ သူ၏ မျက်လုံးများကလည်း သူမ ပတ်ဝန်းကျင်ရှိ လူအားလုံး၏ လှုပ်ရှားမှုများကို မြင်နိုင်ပုံရ၏။ ထို့ကြောင့် လူတစ်ယောက်က အနောက်မှ တိုက်ခိုက်လာသည်နှင့် သူသည် ကျင်းယွင်ကျောင်းအား ချက်ချင်း သတိပေးတတ်၍ တစ်ခါတစ်ရံ၌ သူကိုယ်တိုင် တိုက်ခိုက်တတ်သည်။
ကျင်းယွင်ကျောင်းသည် အနည်းငယ် ကူကယ်ရာမဲ့ ဖြစ်နေ၏။
သူက တိုက်ခိုက်နည်းတွေ မသိဘူးလား။
သို့သော် သူမကြောင့် ဤကိစ္စထဲသို့ သူ ဝင်ပါနေရသည်ကို တွေးမိသောအခါ သူမ သည်းခံပေးလိုက်သည်။ တစ်နည်းအားဖြင့် ထိုလူများသည် သူမအား မသေစေနိုင်ပေ။
မြင်ကွင်းသည် ပရမ်းပတာဖြစ်နေသော်လည်း လေးကန်နေခြင်းလည်း မရှိပေ။
သတ်ချင်ဖြတ်ချင်စိတ်များ ပြင်းထန်နေ၍ မျက်လုံးများနီရဲနေသော ရွာသားများသည် အကြောက်တရားမရှိဘဲ ကမူးရှူးထိုး ရှေ့တိုးနေကြ၏။ သို့သော် အံ့သြစရာကောင်းသည်က သူတို့သည် တစ်ယောက်ချင်း လူစေ့အောင် အရိုက်ခံနေရ၍ လူတိုင်းက သူတို့၏ ခေါင်းများကို ဖိကိုင်ထားကြရသည်။ ထိုအချိန်၌ ကျင်းယွင်ကျောင်းအား ကြည့်နေသော သူတို့၏ မျက်လုံးများမှာ လုံးဝပြောင်းလဲသွားပြီဖြစ်၏။ ဤကျင်းယွင်ကျောင်းသည် တီဗီ၌ မြင်ရသော သိုင်းဆရာကြီးများနှင့် တူညီလုနီးပါးပင်။ မိနစ်ပိုင်းအတွင်းမှာပင် သူတို့အားလုံးသည် မတ်တပ်မရပ်နိုင်လောက်အောင်ပင် အရိုက်ခံလိုက်ရရာ မည်သို့မျှ ထပ်၍ တိုက်ခိုက်နိုင်မည်မဟုတ်တော့ချေ။
တုလင်းသည် ကျင်းယွင်ကျောင်း၏ လက်ထဲ၌ တုတ်ကိုင်ထားသည်ကို ကြည့်ရင်း တူထုသည့် ကလေးဂိမ်းအကြောင်းကို မတွေးမိဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ သူမ သေချာ ရှင်းရှင်းလင်းလင်း မထုနိုင်လျှင် အလုပ်ဖြစ်မည် မဟုတ်ပေ။
(T/N : တူထုတဲ့ဂိမ်းဆိုတာ အပေါက်ကလေးတွေထဲက ထွက်လာတာလေးတွေကို ဂိမ်းဆော့တဲ့သူက တူလေးကိုင်ပြီး လိုက်ထုရတဲ့ဂိမ်းကို ပြောတာပါ။ ထုလိုက် ထွက်လာလိုက်၊ ထပ်ထုလိုက်နဲ့ အဆက်မပြတ် ထုနေရတာမျိုးပါ။)
နာရီဝက်ပင် မကြာလိုက်၊ ရန်လိုနေသော ရွာသားများအားလုံး အရေးနိမ့်သွားကြသည်။
ထိုအခါ ကျင်းထျယ်ကျွင်းက အရိုက်ခံထားရ၍ ပြန်လည် မတိုက်ခိုက်နိုင်တော့သည့် အိမ်နီးချင်းများကို ကြည့်လိုက်၏။ သူတို့၏ ခန္ဓာကိုယ်များက တုန်ယင်နေပြီး အားလုံး အထိနာနေကြသည်။
နောက်ပိုင်းကျရင် သူတို့က သူ့ဆီက ဆေးဖိုးဝါးခတွေများ တောင်းနေကြဦးမှာလား။ ဒီလိုဆိုရင်တော့ လွယ်လွယ်လေးနဲ့ ရှုံးသွားတာ မတန်ဘူးလေ။
"မိုက်မဲပြီးတော့ ဝတ္တရားမသိတတ်လိုက်တာ။ ဒီလူတွေအားလုံးက မင်းရဲ့ လူကြီးမိဘတွေလေ။ ကျင်းယွင်ကျောင်း၊ မင်းက တကယ့်ကို အသိဥာဏ်မရှိတာပဲ"
ဝမ်ရှင်းဖန်းက အသံအိုးကွဲမတတ် အော်ဟစ်၍ ပြစ်တင်ရှုတ်ချလိုက်သည်။
"ကျွန်မက ဘာလို့ မလုပ်ရဲရမှာလဲ။ ရှင်တို့အားလုံးက လက်နက်ကိုင်ပြီး အကြမ်းဖက်နေကြလို့ ကျွန်မက ကျွန်မကိုယ်ကျွန်မ ကာကွယ်နေတာလေ"
ကျင်းယွင်ကျောင်း၏ အေးစက်စက်အသံက သူတို့ဂုဏ်သိက္ခာများကို တစ်စက်မှမကျန်အောင် တိုက်စားသွား၏။
ထို့အပြင် ထိုလူများအား သင်ခန်းစာပေးရုံသာဖြစ်သောကြောင့် သူမ၏ တိုက်ခိုက်မှုများက မကြမ်းတမ်းလွန်းခဲ့ပေ။
သူမ၊ လီရှောက်ယွင်နှင့် တုလင်းတို့သည် ကိုယ်ခံပညာတတ်သောကြောင့် သူတို့က အန္တရာယ်ဖြစ်အောင် မလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူမတို့သာ ကိုယ်ခံပညာမတတ်ခဲ့လျှင်ရော။ သူမတို့အား ထိုလူများက မရိုက်ဘဲ နေမည်လား။ ထို့အပြင် သူမတို့က တိုက်ခိုက်သည့်အချက်ကို ဘေးဖယ်ထားလျှင်တောင်မှ သူတို့က လက်နက်များပင် ကိုင်ဆောင်ထားကြသည်။ သတိတစ်ချက်လွတ်လိုက်သည်နှင့် သူမတို့သုံးယောက် အသတ်ခံလိုက်ရနိုင်၏။
ထို့နောက် ကျင်းယွင်ကျောင်းက သူမအား စိုက်ကြည့်နေသောကြောင့် ဝမ်ရှင်းဖန်း ရင်တုန်လာသည်။
ဤနေရာရှိ လူများစွာအနက် အဝေးမှ စောင့်ကြည့်နေသော ကလေးများမှလွဲလျှင် ရန်ပွဲထဲသို့ အနည်းငယ်မျှပင် ဝင်မပါသူမှာ သူတို့လင်မယားနှစ်ယောက်သာ ရှိ၏။
ငါးမီတာအတွင်း မည်သူကမျှ သူတို့အနားသို့ ထပ်တိုးမလာရဲတော့ပေ။ ကျင်းယွင်ကျောင်းက သူမ၏ လက်ထဲရှိ သစ်သားတုတ်ကို အဝေးသို့ လွှင့်ပစ်လိုက်ရာ ထိုသစ်သားတုတ် မြေကြီးပေါ်သို့ ဗုန်းခနဲ ကျသွားသော အသံကပင် လူတိုင်း၏ နှလုံးသားအား ရင်ဘတ်ထဲမှ ခုန်ထွက်သွားတော့မတတ် တုန်လှုပ်သွားစေသည်။
ထို့နောက် သူတို့သုံးယောက်သည် ချက်ချင်းပင် ထွက်သွားကြလေ၏။
ကျင်းထျယ်ကျွင်းနှင့် ဝမ်ရှင်းဖန်းတို့သည် ဒေါသထွက်လွန်း၍ သူတို့၏ အသည်းနှလုံးများကို မီးတိုက်ခံနေရသည့်အလား ပူလောင်နေကြသော်လည်း သူတို့သည် အကြမ်းနည်းသုံး၍ တိုက်ခိုက်ပြီး ဆဲရေးကျိန်ဆဲပြီးသွားပြီဖြစ်၍ အနုနည်းဖြင့် ချော့မော့ခြင်းကလည်း အလုပ်မဖြစ်တော့ပေ။ သူတို့ ဘာများလုပ်နိုင်ဦးမည်နည်း။
တကယ့်ကို ရှုပ်ထွေးနေသည့် အခြေအနေဖြစ်သည်။ လူတိုင်းသည် ဒဏ်ရာရနေကြပြီး သူတို့၏ အိမ်နီးချင်းများက ကိုယ့်သဘောနှင့်ကိုယ် စေတနာဖြင့် လာရောက်ကူညီကြခြင်းဖြစ်သော်လည်း အနာဂတ်တွင် ကောင်းမွန်သောဆက်ဆံရေးကို ဆက်ထိန်းထားရန် သူတို့လင်မယားသည် သစ်သီးများ၊ လိမ်းဆေးများ ဝယ်၍ လူမှုရေးအရ သတင်းသွားမေးရန် လိုအပ်သေး၏။
ကျင်းထျယ်ကျွင်း၏ ခြေလှမ်းများမှာ လေးလံနေ၍ ထိုလင်မယားသည် တစ်ယောက်နှင့်တစ်ယောက် ဖေးမရင်း အိမ်ထဲသို့ ဝင်လာခဲ့ကြသည်။
သို့သော် သူတို့ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ကျင်းမင်ခိုင်က တစခန်းထလာပြန်၏။ အစောပိုင်းက သူ၏ မိဘများသည် သူ့ကိုထိခိုက်မိမည်ဆိုးသောကြောင့် အပြင်မထွက်ခိုင်းသဖြင့် သူသည် အပြင်ဘက်၌ ဖြစ်ပျက်နေသည်များအား မသိပေ။ သို့ရာတွင် ယခု သူတို့က အိမ်ထဲသို့ ပြန်ဝင်လာသော်လည်း ထိုရိုင်းစိုင်းသော အစ်မကြီးကိုမူ မမြင်ရသေးချေ။
ကျင်းလင်သည်လည်း သူမ၏ မိဘများက ကျင်းယွင်ကျောင်းကို ပြန်ဖမ်းခေါ်လာနိုင်လိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။ တကယ်တမ်း ဤအစ်မကြီးသည် အစ်မလတ်ကဲ့သို့ မနူးညံ့၍ အလျှော့မပေးတတ်သော်လည်း သူမထံတွင် ပစ္စည်းကောင်းများစွာရှိပုံပေါ်၏။ အကယ်၍ မိဘများသာ ရှိနေလျှင် ထိုပစ္စည်များအားလုံးသည် သေချာပေါက် ကျင်းရှို့၏ အပိုင်များ ဖြစ်လာလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ရှောင်မင်သည် ယောက်ျားလေးတစ်ယောက်ဖြစ်သောကြောင့် ထိုပစ္စည်းများကို သုံးနိုင်မည် မဟုတ်။
"အမေ၊ အမေ ဘာလို့ အစ်မကြီးကို ပြန်ခေါ်မလာတာလဲ။ သူက ကျွန်တော့်အရုပ်ကားကို ယူသွားတယ်"