Chapter 241 : ပါးရိုက်၍ နားကိုက်ခြင်း (၁)
သူတို့၏ စကားအသွားအလာက အဆင်မပြေတော့သည်ဖြစ်ရာ ထမင်းလည်း ဆက်စားနေစရာ မလိုတော့။ သူမသည် မိဘများမရှိဘဲ အချိန်အတော်ကြာ နေလာခဲ့သည်ဖြစ်၍ အနာဂတ်တွင်လည်း သူမတစ်ယောက်တည်း ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်ပေသည်။
ထို့နောက် ကျင်းယွင်ကျောင်းက မတ်တပ်ရပ်လိုက်ပြီး ထွက်သွားရန်အတွက် တံခါးပေါက်ဆီသို့ ဦးတည်လိုက်သော်လည်း ကျင်းမင်ခိုင်က ရုတ်တရက် ထရပ်လိုက်ပြီး သူမအား တားဆီးရန် ပြေးလာ၏။
"အစ်မကြီး၊ နင့်အိတ် ငါ့ကိုပြ"
သူက လေသံမပြောင်းပေ။
"ငါက နင့်ရဲ့အစ်မကြီး မဟုတ်ဘူး။ နင့်ရဲ့အစ်မကြီးက လူပြတ်တဲ့နေရာမှာ အချိန်အကြာကြီး အစွန့်ပစ်ခံထားရတော့ ငတ်ပြီးသေသွားပြီ"
ကျင်းယွင်ကျောင်းက သရော်လိုက်ပြီး ကျင်းမင်ခိုင်အား ဘေးသို့ ချက်ချင်း တွန်းဖယ်လိုက်သည်။ သို့ရာတွင် သူမ၏ ဤလုပ်ရပ်က ဝမ်ရှင်းဖန်းနှင့် ကျင်းထျယ်ကျွင်းတို့အား ရုတ်တရက် ဒေါသထွက်သွားစေ၏။ ထိုကြောင့် ကျင်းထျယ်ကျွင်းက စားပွဲခုံကို လက်ဝါးဖြင့် ခပ်ကြမ်းကြမ်းရိုက်လိုက်ပြီး ကြိမ်းဝါးလိုက်သည်။
"အခုချက်ချင်း မင်း ရောက်တဲ့နေရာမှာ ရပ်လိုက်စမ်း"
ထိုအချိန်တွင် ဝမ်ရှင်းဖန်းသည် ကျင်းမင်ခိုင်အား ကူတွဲပေးရန် ကပျာကယာ ပြေးလာပြီး
"သားလေး၊ အဆင်ပြေရဲ့လား။ ဘယ်နား နာသွားသေးလဲ"
"အမေ၊ သူ ကျွန်တော့်ကို ရိုက်တယ်။ အစ်မကြီးက တကယ်ပဲ ကျွန်တော့်ကို ရိုက်ရဲတယ်။ သူက ဒီကိုရောက်တဲ့ ပထမဆုံးရက်မှာတောင် ဒီလိုလုပ်နေရင် အနာဂတ်ကျ ကျွန်တော် ဒီမိသားစုထဲမှာ ဘာလုပ်ပိုင်ခွင့်မှ ရှိတော့မှာ မဟုတ်ဘူး။ အမေ ကျွန်တော့်ကို ကျောင်းထွက်ခွင့်ပဲ ပေးလိုက်ပါတော့။ ကျွန်တော် ကျောင်းထွက်ပြီး အလုပ်မှာ ဝင်ကူမယ်၊ နောင်အနာဂတ် အမေတို့ အနားယူသွားတဲ့အချိန်ကျရင် အမေတို့ကို သူ ကျွေးမွေးစောင့်ရှောက်ပေးမှာတွေကို မျှော်လင့်စောင့်စားနေလို့ရတာပေါ့"
ကျင်းမင်ခိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် အရှက်မရှိ အော်ပြောလိုက်သည်။
ဆယ်နှစ်အရွယ်ကလေးတစ်ယောက်အနေနှင့် အမှားအမှန်ခွဲခြားနိုင်သင့်သော်လည်း ကျင်းမင်ခိုင်ကမူ စည်းမျဥ်းဥပဒေများ၊ လိုက်နာရမည်များကို မျက်လုံးထဲ မထည့်သည်အထိ သူ၏ မိဘများက သူ့အား အလိုလိုက်ဖျက်ဆီးထားသည်။ အကယ်၍ သူ၏လုပ်ရပ်မှာ မှားနေကြောင်း သူသိလျှင်တောင်မှ လူတိုင်းအား သူပြောသမျှလုပ်သမျှကိုသာ လိုက်နာစေချင်၏။
ထိုအခါ ကျင်းမင်ခိုင်၏ စကားလုံးများက ဝမ်ရှင်းဖန်း၏ နှလုံးသားထဲသို့ ဓါးသွားများအလား စူးနစ်ဝင်သွားရာ သူမသည် ဒေါသလည်းထွက်၊ ရင်လည်း နာသွားသည်။
သူတို့သည် ဤသမီးဖြစ်သူအား သူတို့၏ သားလေးကို အနိုင်ကျင့်ရန်အတွက် ပြန်လာစေခြင်း မဟုတ်။ ကျင်းမင်ခိုင်သည် သူတို့မိသားစု၏ ရတနာလေးဖြစ်၍ မည်သူ့ကိုမှ သူ့အား အနိုင်ကျင့်ခွင့် မပြုနိုင်ပေ။
ထိုအချိန်၌ ကျင်းထျယ်ကျင်းကလည်း ထလာပြီး အကျိုးသင့်အကြောင်းသင့် ပြောလာသည်။
"ရှောင်ယွင်၊ မင်းကို ကျောင်းထွက်ခိုင်းတာ တကယ်ပဲ မင်းအမေရဲ့အမှားပါ။ သူ ဒီစကားတွေကို ဒေါသထွက်တုန်းခဏ ပြောလိုက်တာရယ်။ ဒါပေမယ့် မင်းက မင်းရဲ့မောင်လေးကို ဒီလိုမျိုးဆက်ဆံတာကတော့ တကယ် ရက်စက်လွန်းတယ်"
"အမှန်ပဲ။ မင်းက ငါ့ဗိုက်ထဲက ထွက်လာတဲ့ ကလေးပါ။ ဘာလို့များ ငါ့ရဲ့သောကတွေကို နားလည်မပေးနိုင်ရတာလဲ"
ထို့နောက် ဝမ်ရှင်းဖန်းက စတင်၍ ငိုယိုလိုက်ပြီး သူမ၏ လက်များကို ကျင်းယွင်ကျောင်း၏အရှေ့၌ ဖြန့်ပြလာသည်။
"ငါ့ရဲ့လက်နှစ်ဖက်ကို ကြည့်ပါဦး။ ကြမ်းတမ်းပြီး ကြည့်ရဆိုးလိုက်တာ။ မင်းရဲ့အဖေနဲ့ငါက ငါတို့မိသားစုအတွက် ပိုက်ဆံရှာနိုင်အောင် အလုပ်တွေ ကြိုးစားလွန်းလို့ ဒီလက်တွေက ဒီလိုဖြစ်သွားတာလေ။ နောက်ဆုံး ငါတို့အသက်ကြီးတဲ့အခါ ငါတို့ကို ပြုစုစောင့်ရှောက်နိုင်ပြီး ငါတို့ကွယ်လွန်သွားတဲ့အခါကျရင်လည်း ငါတို့ကို ကောင်းကောင်းမွန်မွန် ပို့ဆောင်ပေးနိုင်မယ့် သားလေးတစ်ယောက်ကို ဒီအရွယ်ထိရောက်အောင် ပြုစုပျိုးထောင်လာခဲ့တယ်။ ဒါပေမယ့် မင်းကို ကြည့်ပါဦး။ မင်းက အိမ်ကိုရောက်တာနဲ့ ငါတို့ရဲ့ကလေးကို သေလောက်အောင် အနိုင်ကျင့်နေတယ်"
"ငါတို့က မင်းကို စိတ်ပျက်နေပြီလို့ မင်းကထင်နေပေမယ့် ငါတို့က မင်းကို ဘယ်လိုလုပ် စိတ်ပျက်မှာလဲ။ ငါက မင်းကို မွေးထားခဲ့တာပါ။ ပြီးတော့ မင်းက မင်းရဲ့အဘွားကြောင့် စားရမဲ့သောက်ရမဲ့နဲ့ အစွန့်ပစ်ခံခဲ့ရတယ်။ ဒါပေမယ့် မင်း အခုချိန်မှာတော့ အကောင်းဆုံး လုပ်နိုင်နေပြီ မဟုတ်လား။ မင်းက ရုပ်ချောပြီးတော့ စာလည်း တော်တယ်။ ဘာကများ မင််းနဲ့ နှိုင်းယှဥ်စရာရှိဦးမှာလဲ။ ဒါ့အပြင် ဒီနေ့ ငါ ဒီတစ်စားပွဲလုံးအပြည့် ဟင်းပွဲတွေ ပြင်ဆင်ဖို့အတွက် အများကြီး ကြိုးစားအားထုတ်ထားရတာ။ ဒါပေမယ့် ဘာဖြစ်သွားလဲ။ မင်းက နှစ်ခါပြန်တောင် မကြည့်ဘဲ ထွက်သွားချင်နေတယ်လေ။ ဒါက သမီးတစ်ယောက် လုပ်သင့်တဲ့ လုပ်ရပ်လား"
ကျင်းမိသားစုက သူတို့အကြီးဆုံးသမီးအား ရှာတွေ့လာသည့်အကြောင်းအရာသည် ရွာထဲ၌ ပြောစရာ အတင်းအဖျင်းတစ်ခုဖြစ်နေသည်။ ထို့ကြောင့် မနက်အစောကြီးကတည်းက ကျင်းမိသားစု ပြန်ရှာတွေ့လာသည့် သမီးဖြစ်သူကို မြင်ဖူးချင်သောကြောင့် ရွာသူရွာသားများသည် ခြံတံခါးဝနားတွင် ရစ်သီရစ်သီ လုပ်နေကြ၏။
ထို့အပြင် ဝမ်ရှင်းဖန်း၏အသံမှာ အတော်လေး စူးရှနေ၍ ဘေးပတ်ဝန်းကျင်မှ အိမ်နီးချင်းများက ရှင်းရှင်းလင်းလင်း ကြားနိုင်ကာ ပွဲဆူအောင် ဖန်တီးနေသည်။
ဤရွာငယ်လေး၌ ရွာသူရွာသားများကြားရှိ ဆက်ဆံရေးမှာ သင့်သင့်မြတ်မြတ်ရှိ၏။ ထို့ကြောင့် ကျင်းယွင်ကျောင်းက သူမ၏ မိဘအရင်းအချာများကို အထင်သေးနေသည်ဟု သူတို့ကြားသောအခါ အများစုမှာ စိတ်ဆိုးဒေါသထွက်သွားကြ၏။ ထိုကြားလိုက်သူများအားလုံးသည် ကျင်းအိမ်၏ ခြံတံခါးဝအပြင်ဘက်၍ စုရုံး၍ ရောက်ရှိလာကြသည်။
"ဒီကောင်မလေးက ဒီလောက်လှတာကို ဘာလို့ အကျင့်စရိုက်က ဆိုးဝါးနေရတာလဲ။ ရှောင်မင်ရဲ့အမေက မနက်အစောကြီးထပြီး ချက်ပြုတ်ထားရတာ။ ဒီမျက်လုံးဖြူမြေခွေးမကို ကျွေးဖို့အတွက်နဲ့လေ"
(T/N : မျက်လုံးဖြူမြေခွေးမဆိုတာ အေးတိအေးစက်နဲ့ အကြင်နာမရှိတဲ့သူ၊ ရက်စက်တဲ့သူတွေကို ခေါ်တာပါ။)
"ဒါတင် ဘယ်ကမလဲ။ ငါ သူတို့အိမ်တံခါးဝ အပြင်ဘက်မှာ ရပ်နေတုန်းက ကြားခဲ့တာ၊ ရှောင်မင်က သူ့ရဲ့အိတ်ကို ကြည့်ချင်ပေမယ့် အဲဒီအစ်မအကြီးဆုံးဆိုတဲ့ ကောင်မက မပြချင်ဘူးတဲ့။ သူက အိတ်ကို ဖွင့်ပြလိုက်ရင် သူ့ရဲ့ဘဝကြီးက အန္တရာယ်ရှိနေသလိုလိုပုံစံနဲ့ ထမင်းဝိုင်းကနေ ထပြီးတော့ပဲ ထွက်သွားချင်နေတာတဲ့"
ခြံတံခါးဝရှိ ရွာသူရွာသားများသည် ကျင်းယွင်ကျောင်းက အလွန်ကြီးမားလှသော အမှားတစ်ခုကို ကျူးလွန်ခဲ့သည့်အလား လက်ညှိုးတထိုးထိုးနှင့် ပြစ်တင်ပြောဆိုနေကြသည်။
ကျင်းယွင်ကျောင်းသည် အတိတ်ဘဝ၌ပင် ဤကဲ့သို့သောမြင်ကွင်းမျိုးနှင့် တစ်ခါမှ ရင်မဆိုင်ခဲ့ဖူးချေ။