Chapter 311 : စကားမတည်ခြင်း
အမေကျန်သည် သူမ၏ ဖုန်းထဲရှိ ဓါတ်ပုံများကိုမြင်သွားသည်နှင့် ဒေါသတကြီး အော်ဟစ်ဆဲဆိုတော့သည်။
"ခွေးမ၊ နင် ဒါက ဘာအချိုးချိုးတာလဲ။ စာနဲ့လဲဖို့အတွက် ငါတို့ နင့်ကို ယွမ်တစ်ထောင်ပေးပြီးသားလေ။ ဒါပေမယ့် နင်က တကယ်တမ်းကျ ကော်ပီကူးထားတာပဲ၊ နင့်စကားနင် မတည်ဘူး"
ရက်စက်လိုက်တဲ့ မိန်းကလေး၊ သူက အခုမှ ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်ပဲရှိသေးပေမယ့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ပြီး တန်ပြန်တိုက်ခိုက်ဖို့တွေတောင် လုပ်ထားသေးတယ်။
"အန်တီကျန်၊ ရှင် စကားပြောတာ ပိုပြီးတော့ ယဥ်ကျေးသင့်တယ်နော်"
ကျင်းယွင်ကျောင်းက ဖုန်းကိုကိုင်ထားရင်း ဆက်ပြောလိုက်၏။
"ရှင့်လိုလူမျိုးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မမှာ ဝှက်ဖဲ မရှိရင် အနာဂတ်မှာ ကျွန်မ ဘာဖြစ်သွားနိုင်မလဲဆိုတာ ဘယ်သူသိမှာလဲ။ လက်ရှိအခြေအနေကိုကြည့်ရင် ကျွန်မ ပြင်ထားတာ အဆင်သင့်ဖြစ်မနေဘူးလား"
အကယ်၍ အခြားသူသာ ဖြစ်ပါက သူမသည် သူတို့၏ ကတိသစ္စာကို ယုံကြည်လက်ခံပေးနိုင်သော်လည်း ကျန်ရှကမူ လုံးဝ မတူပေ။
အတိတ်ဘဝက သူမသည် ကျန်ရှ၏ ချစ်ရေးဆိုမှုများကို ငြင်းပယ်ခဲ့သော်လည်း သူက အချိန်အတော်ကြာ ဆက်လက်နှောက်ယှက်နေခဲ့ရာ သူမသည် ကျန်ရှ၏ စရိုက်ကို အဘယ်မသိဘဲ နေမည်နည်း။
ထို့အပြင် ကျန်ရှတစ်ယောက် ရည်းစားစာများကို ရေးခဲ့စဥ်က သူမသည် အဖတ်မတန်သလို ခံစားရ၍ လွှတ်ပေးထားပြီး နောက်ပိုင်းမှ သူ့အား သူမ စိတ်ကျေနပ်သည်အထိ ရိုက်နှက်ခဲ့သည်။ အကယ်၍ ထိုအချိန်တုန်းကသာ ကျန်ရှအား ပြင်းပြင်းထန်ထန် ဒဏ်ရာရသည်အထိ ရိုက်နှက်ခဲ့ပါက ဤကိစ္စသည် တရားမျှတမှုရှိတော့မည် မဟုတ်ပေ။
သို့ရာတွင် ယခုအခြေအနေကမူ ယခင်ကနှင့် မတူ၊ ကျန်ရှ၏ ဒဏ်ရာများ ကျက်သွားသည်မှာ အချိန်အတော်ကြာပြီဖြစ်၍ အမာရွတ်ပင် မကျန်တော့ချေ။
သိက္ခာကျ၍ အရှက်ကွဲသည်လား။ သူတို့နှင့် ယှဥ်ပါက မည်သူက ပို၍ အရှက်ကွဲသနည်း။
ပထမအချက်၊ သူမသည် ကျန်ရှ၏ ချစ်ရေးဆိုမှုများကို လက်မခံခဲ့။ ဒုတိယအချက်၊ သူမသည် မိမိကိုယ်ကို ချစ်မြတ်နိုး၍ တန်ဖိုးထားသူဖြစ်သည်၊ အကယ်၍ ဤသတင်းသာ အပြင်ကိုပြန့်သွားလျှင်တောင်မှ ကျောင်းက သူမအတွက် ကိုင်တွယ်ဖြေရှင်းပေးလိမ့်မည်ဖြစ်ရာ ထိုကိစ္စသည် သူမအပေါ်သို့ အကျိုးသက်ရောက်မှုပင် ရှိမည် မဟုတ်။
ထိုအခါ ရန်လိုနေသော ကျန်မျိုးနွယ် သားအမိနှစ်ယောက်သည် ချက်ချင်းပင် ငြိမ်ကျသွား၏။
ကျန်မိသားစု၌ မျိုးဆက်အဖြစ် ကျန်ရှတစ်ယောက်သာရှိသည်။
"ကျင်းယွင်ကျောင်း၊ မင်း အရမ်းတရားလွန်မလာနဲ့နော်။ ခွေးတောင်မှ ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တယ်"
အမေကျန်က အံကြိတ်၍ တုံ့ပြန်လိုက်၏။
ထိုအချိန်၌ ကျန်ရှသည် စိတ်နှင့်ကိုယ်နှင့် မကပ်ဘဲ မှင်သက်မိနေ၍ သူသည် ရည်းစားစာထဲ၌ ရေးထားသော အကြောင်းအရာများကိုသာ တွေးနေမိသည်။
ကျန်ရှလုပ်ခဲ့သော အရှုပ်တော်ပုံများကို ဖြေရှင်းရန်အတွက် ကျန်မိသားစုသုံးခဲ့သော ငွေပမာဏမှာ နည်းနည်းနောနော မဟုတ်ပေ။
သူတို့သည် ထိုရည်းစားစာများအတွက် ယွမ်တစ်သိန်းသုံးခဲ့ရ၏။ ထို့နောက် သူတို့၏ လက်ဖက်ရည်ဆိုင်တွင် ပြဿနာတက်သောအခါ အမေကျန်သည် ကျန်ရှ၏ လုံခြုံရေးဖြင့် ခြိမ်းခြောက်ခံရသောကြောင့် ယွမ်ခြောက်သိန်းတန် ခံဝန်ကတိလွှာများတွင် လက်မှတ်ထိုးခဲ့ရသည်။ ထိုမျှသာမက ချောင်ဟုန်ယဲ့နှင့် ကျန်ရှတို့ အတူတူနေသောအခါ ချောင်ဝေ့မင်က သူတို့အိမ်အထိ လိုက်လာပြီး အရှက်ခွဲခဲ့သဖြင့် ကျန်မိသားစုသည် ချောင်ဝေ့မင်၏ ပါးစပ်ကို ငွေပေး၍ ပိတ်ခဲ့ရ၏။
ထို့ကြောင့် ကျန်ရှ အထက်တန်းကျောင်း စတက်စဥ်ကတည်းက သူတို့မိသားစု ပိုက်ဆံများသည် အခြားသူများ၏ အိတ်ကပ်ထဲသို့ ဒလဟော စီးဆင်းနေခဲ့ရသည်။
ကျန်မိသားစုသည် ကြွယ်ဝသော်လည်း မည်သည့်မိသားစုကမှ ထိုကဲ့သို့ ရေရေရာရာမရှိသော အကြောင်းအရင်းများကြောင့် ပိုက်ဆံ အလဟဿကုန်ခြင်းဒဏ်ကို မခံနိုင်ကြပေ။
"ကျွန်မက ဘာအမှားကိုမှ ကျူးလွန်ခဲ့တဲ့သူ မဟုတ်ဘူး။ ကျွန်မက မျက်လုံးတစ်လုံးဆုံးရင် မျက်လုံးတစ်လုံးအစား ပြန်ပေးရတယ်ဆိုတဲ့ ဥပဒေကို လိုက်နာရုံပဲ။ တကယ်လို့ ရှင်တို့က အမှန်တကယ်ပဲ စက်ဆုပ်စရာကောင်းတဲ့ လုပ်ရပ်တွေကို ကျူးလွန်ပြီး ရမ်းကားနေဦးမယ်ဆိုရင် ကျွန်မရဲ့ဧည့်သည်တွေကိုတော့ အားနာပေမယ့် ကျွန်မ ရှင်တို့ကို အဆတစ်ရာ ပြန်လုပ်ပြမယ်။ ဘယ်သူက ရှင်တို့ကို ကြောက်မှာလဲ"
ကျင်းယွင်ကျောင်းက အေးတိအေးစက် ပြောလိုက်ရာ အမေကျန်သည် ဆွံ့အသွားပြီ ကျန်ရှက အံကြိတ်၍ ပြန်တုံ့ပြန်လိုက်၏။
"ကျင်းယွင်ကျောင်း၊ နင် ဘာလို့ ဒီလောက်ထိ ပုံကြီးချဲ့နေရတာလဲ။ နင် ငါ့အမေပြောတာတွေကို စိတ်ဆိုးတယ်ဆိုရင် သူ့အစား ငါ တောင်းပန်တယ်၊ နင့်ဖုန်းထဲက ဓါတ်ပုံတွေကိုတော့ ဖျက်ပေး"
"ဒါဆိုရင် ပိုက်ဆံရှင်းပေးလေ"
ကျင်းယွင်ကျောင်းက ပက်ခနဲ ပြန်ပြောလိုက်သည်။
"လက်ဖက်ရည်က အလကားတိုက်တာ မဟုတ်လား"
အမေကျန်က ပြန်အော်၏။
"ရှင်ပြောတာ မှန်တယ်၊ အဲဒါက အလကားတိုက်တာ၊ ဒါပေမယ့် ဧည့်သည်တွေအတွက်ပဲ အကျုံးဝင်တာလေ။ ရှင်တို့တွေက ဧည့်သည်လား။ ရှင်တို့က ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်ရဲ့ ပြိုင်ဘက်တွေပဲ၊ ပြီးတော့ ဒီနေရာကို စုံစမ်းထောက်လှမ်းဖို့၊ ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်ကို နာမည်ပျက်အောင် လုပ်ဖို့ လာတာဆိုတော့ နစ်နာကြေးတောင်းရင် မှားသွားမလား။ ပြီးတော့ ရှင် ဒီလက်ဖက်ရည်ခွက်အတွက် လျော်ကြေးလည်း ပေးရမယ် မဟုတ်လား"
ကျကွဲသွားသော လက်ဖက်ရည်ခွက်သည် ရွှံ့စေးမြေနှင့် လုပ်ထားသည့် ခွက်အစစ်ဖြစ်သည်။
ရွှံ့စေးလက်ဖက်ရည်ခွက်များကို အမျိုးအစားများစွာခွဲခြားနိုင်၍ အနိမ့်ဆုံးအမျိုးအစားသည် ယွမ်တစ်ရာခန့်၊ အလယ်အလတ်အဆင့်သည် ယွမ်ထောင်ဂဏန်းခန့်နှင့် အမြင့်ဆုံးအမျိုးအစားသည် ယွမ်သောင်းနှင့်ချီ၍ တန်၏။
တိုက်ဆိုင်စွာပင် အမေကျန် ခွဲပစ်လိုက်သောခွက်သည် သန့်စင်သော ခရမ်းရောင်ရွံ့စေးမှပြုလုပ်ထားခြင်းဖြစ်ပြီး ယွမ်သုံးထောင်ခန့်တန်သည်။
အမှန်အတိုင်းပြောရလျှင် ကျွင်းရှန်ယင်းကျန်းလက်ဖက်ရည်သည် ဖန်ခွက်နှင့်ထည့်ပါက ပို၍ အရသာကောင်း၏။ သို့ရာတွင် အမေကျန်က သူမကိုယ်သူမ လက်ဖက်ရည်နှင့်၊ လက်ဖက်ရည်စပ်ဆက်ပစ္စည်းများတွင် အလွန်ဗဟုသုတရှိသည်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် သူမသည် ကျွင်းရှန်ယင်းကျန်းလက်ဖက်ရည်ကို မှာရာတွင် အကောင်းဆုံးခွက်နှင့် ထည့်ပေးရန် ဝန်ထမ်းလေးအား တမင်မှာလိုက်ခြင်းဖြစ်၏။ သူမသည် စိတ်ရင်းအစစ်အမှန်ဖြင့် တစ်ဖက်လူအား ဒုက္ခရောက်စေချင်ခဲ့သော်လည်း တကယ်တမ်း ဒုက္ခရောက်သူမှာ သူမသာဖြစ်သည်။ ထို့ကြောင့် ဤဖြစ်ရပ်တွင် မည်သူ့ကို အပြစ်တင်ရမည်နည်း။
"ဒါက လက်ဖက်ရည်ခွက်လေးတစ်လုံးပဲ ကွဲတာ မဟုတ်လား။ နင်က ငါ့ကို အရင်က ရွံ့စေးလက်ဖက်ရည်ခွက် တစ်ခါမှ မဝယ်ဖူးဘူးလို့ ထင်နေတာလား။ ဒီခွက်တွေက ဒီလောက်စျေးမကြီးဘူးဆိုတာ ငါသိပြီးသား၊ ယွမ်သုံးထောင်က အဲလိုခွက်မျိုး ခွက်သုံးဆယ်ဝယ်လို့ ရတယ်ဟဲ့"