Chapter 370 : ကပ်စေးအိုး
ကျီရှန်းရှန်း၏ ပုံစံက စိတ်အားထက်သန်လွန်းလှ၏။ ကျင်းယွင်ကျောင်းသည် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် အမူအယာ ပြန်ထိန်းလိုက်သည်။"နင်က ဒီနေရာကို ဘယ်လိုရောက်လာတာလဲ"
ကျင်းယွင်ကျောင်းသည် ယခုထိ မယုံနိုင်ဖြစ်နေဆဲပင်။
"နင့်ကို လာရှာတာလေ။ ငါ အသည်းကွဲနေတာ။ ငါတို့အိမ်က ချွေ့မိသားစုအိမ်နဲ့ အရမ်းနီးတယ်။ ငါ ပြန်သွားရင် ချွေ့ကျွင်းဆီကို သွားပြီး မတောင်းပန်ဘဲ နေနိုင်မှာ မဟုတ်ဘူး။ အဲလိုသာ လုပ်မိရင် ငါ့အဖေနဲ့အစ်ကိုကြီးကို အရမ်း အားနာနေရမှာရယ်။ ဒါကြောင့် သေချာ စဥ်းစားကြည့်လိုက်တော့ စိတ်ပြေလက်ပျောက် အပြင်ထွက်တာက အကောင်းဆုံးပဲလေ။ ငါ ကျောင်းကို ခွင့်တိုင်ခဲ့တာကလည်း ခွင့်ရက်မစေ့သေးတော့ အားနေတာ"
ကျီရှန်းရှန်းက အသည်းကွဲနေသည်ဟုသာ အဆက်မပြတ်ပြောနေသော်လည်း ယခုအချိန်၌ သူမ၏ မျက်လုံးများသည် မဆိုစလောက်သာ နီရဲမို့တက်နေ၍ ပုံမှန်အခြေအနေနှင့် သိပ်မကွာပေ။
ခေါင်းမာတယ်၊ အသိတရားမရှိဘူး... နင် လုပ်ချင်ရာတွေပဲ လုပ်နေလိုက်။
"ဒါပေမယ့် ငါ အခု အပြင်သွားမလို့"
ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်သည်။
ထိုအခါ ကျီရှန်းရှန်းက အံသြသွားပြီး ကျင်းယွင်ကျောင်း၏ လက်ထဲရှိ ခရီးဆောင်အိတ်ကို မြင်သွား၏။
"နင်က ဘယ်သွားမလို့လဲ"
"သူငယ်ချင်းနဲ့ တွေ့ဖို့ နင်းမြို့တော်ကို ပြန်သွားမလို့"
"ဒါဆိုရင် အတူတူသွားကြမလား။ နင် ငါ့ကို ဟွားနင်ခရိုင်မှာတော့ တစ်ယောက်တည်း မထားခဲ့နိုင်ဘူး မဟုတ်လား။ နင်က ငါ့ကို တကယ်မုန်းနေတာသိပါတယ်။ ဘာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ အခုအချိန်မှာ ငါက နာကျင်နေတာဆိုတော့ ထပ်ပြီးတော့ ဒဏ်ရာရလည်း ကိစ္စမရှိဘူး။ ဒါကြောင့် နင် ငါ့ကို လိုက်ခွင့်မပေးရင် ငါ နင်နဲ့ အခုချက်ချင်း ရန်ထဖြစ်လိုက်မှာနော်"