Chapter 222 : ပူးပေါင်းဆောင်ရွက်ခြင်း
ကျင်းယွင်ကျောင်း၏ ရိုက်ချက်မှ ခပ်ပြင်းပြင်းမြည်သံသည် တစ်တန်းလုံးကို ပဲ့တင်ထပ်သွား၍ အတန်းထဲရှိ လူတိုင်းက အံ့သြတကြီး လှမ်းကြည့်လာကြသည်။
"ကျင်းယွင်ကျောင်း၊ နင် ရူးနေတာလား"
ကျန်ရှက အော်ဟစ်လိုက်ပြီး သူ၏ မျက်နှာက စပ်ဖျဥ်းဖျဥ်း နာကျင်နေကာ နားထဲတွင်လည်း တဝီဝီမြည်သံများကိုပင် ကြားနေရ၏။
'ဖြန်း'
ကျင်းယွင်ကျောင်းက သူမ၏ တိုက်ခိုက်မှုကို ဘက်ပြောင်းလိုက်ပြီး နောက်တစ်ချက် ထပ်ရိုက်လိုက်သည်။
ထိုအခါ ကျန်ရှ၏ ပါးနှစ်ဖက်လုံးသည် ချက်ချင်းပင် ဘာဘွန်းမျောက်ဖင်ကဲ့သို့ နီရဲသွား၏။ ကျင်းယွင်ကျောင်းက အေးစက်စက် လှောင်ရယ်လိုက်ပြီး သူ့ကို အထင်သေးစွာ ကြည့်လိုက်သည်။
"ငါ ရူးလား၊ မရူးဘူးလားဆိုတာ နင် မကြာခင် သိမှာပေါ့"
သူမ၏ စကားဆုံးသည်နှင့် ရိုက်ချက်များက ကျန်ရှ၏ မျက်နှာဆီသို့ ဟာရီကိန်းမုန်တိုင်းအလား တရစပ်ကျရောက်လာ၏။ ကျင်းယွင်ကျောင်း အသုံးပြုသည့် စာအုပ်သည် မထူသော်လည်း ထိုရိုက်ချက်အပေါ်တွင် ထည့်ထားသော ခွန်အားကြောင့် အရိုက်ခံရသူကို များစွာ နာကျင်စေသည်။ ထိုမျှသာမက ကျန်ရှသည် ကျင်းယွင်ကျောင်းကြောင့် လွတ်လမ်းမရှိတော့ဘဲ သူ၏ ထိုင်ခုံ၌သာ ပိတ်မိနေ၏။
ခဏမျှကြာသောအခါ ကျန်ရှသည် ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ အသံကျယ်ကြီးနှင့်အတူ လဲကျသွားသည်။ သူက နာကျင်စွာ အော်ဟစ်၍ သူ၏ စာရေးခုံအောက်မှ တွားသွားရန် ဟန်ပြင်လိုက်သော်လည်း သူ ခေါင်းထွက်လာသည့်အခိုက်မှာပင် ကျင်းယွင်ကျောင်းက သူ့အား ကြွက်တစ်ကောင်ကို အမြီးမှ ဆွဲသကဲ့သို့ တရွတ်တိုက် ဆွဲသွား၏။ ချက်ချင်းပင် သူမသည် သူ့အား နံရံဘက်သို့ ကိုင်ပေါက်လိုက်ပြီး သူ၏ စာရေးခုံပေါ်မှ စာအုပ်များနှင့် စတင်ပစ်ပေါက်လေတော့သည်။
ကျင်းယွင်ကျောင်း၏ ရက်စက်ကြမ်းကြုတ်သောပုံစံက သူမ၏ အတန်းဖော်များအား ဆွံ့အ,သွားစေ၏။
စာသင်နှစ်စပင် ရှိသေးသော်လည်း ဤဖြစ်ရပ်က သူတို့အတွက် ကျင်းယွင်ကျောင်း လူတစ်ယောက်အား ရိုက်နှက်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်ပေ။
နောက်ဆုံးအကြိမ် အရိုက်ခံရသူမှာ မည်သူနည်း။ သူမ၏ မွေးစားအဖေနှင့် ချောင်ဟုန်ယဲ့ ဖြစ်သည်။ သူတို့သည် အော်ဟစ်ငိုကြွေးသည်အထိ အရိုက်ခံရသော်လည်း သူတို့ကျူးလွန်ခဲ့သော ပြစ်မှုများအားလုံးအတွက် ထိုက်တန်ပေ၏။ ကျန်ရှကရော။ သူ ဘာလုပ်ခဲ့သနည်း။ ကျင်းယွင်ကျောင်း ဒေါသထွက်နေပုံအရဆိုလျှင် သူတို့သာ သူမကို ဆက်လွှတ်ထားပါက ကျန်ရှသည် သေသည်အထိ အရိုက်ခံရမည်လား။
ထိုကြောင့် အတန်းခေါင်းဆောင် ကျီသာ့ယုံးသည် ကြားဝင်ဖျန်ဖြေပေးရန် ဟန်ပြင်လိုက်သော်လည်း သူ ဝင်ဆွဲခါနီးမှာပင် ရှောင်ဟိုင်ချင်းက သူ့ကို အနောက်သို့ ပြန်ဆွဲခေါ်လိုက်သည်။
"အတန်းခေါင်းဆောင်၊ နင် အဲဒီနေရာကို သွားချင်တာ သေချာလို့လား။ ငါ အာမခံတယ်၊ အခု ငါ့ရဲ့ယွင်ကျောင်းက သွေးဆာနေတာ၊ သူ နင့်ကို သေချာပေါက် မှတ်မိမှာ မဟုတ်ဘူး။ နင်သွားရင် ငါလည်း နင့်ကိုကယ်နိုင်မှာ မဟုတ်ဘူးနော်"
ရှောင်ဟိုင်ချင်းက စေတနာနှင့် သတိပေးလိုက်သည်။
ကျီသာ့ယုံက တုန်ယင်သွားပြီးနောက် တံတွေးမြိုချလိုက်ကာ မေးလာ၏။
"ကျင်းယွင်ကျောင်းက ခေါင်းရော ကောင်းသေးလား"
ဒါက ပုံမှန်ဖြစ်နေကျကိစ္စများ ဖြစ်လာလေမှာလား။
ကြောက်စရာကောင်းလွန်းတယ်။ ကျန်ရှကို ဘယ်လောက်တောင် ဆိုးဆိုးဝါးဝါးရိုက်ပစ်နေလဲဆိုတာကို ကြည့်ပါဦး။
နေပါဦး ... နေပါဦး ... နေပါဦး။ ဒါ မဟုတ်သေးဘူး။
အတန်းခေါင်းဆောင်ကျီက ခေါင်းယမ်းလိုက်၏။ ဤကဲ့သို့ မလိုအပ်သည်များကို စဥ်းစားနေရမည့် အချိန်မဟုတ်ပေ။ သူသည် သနားစရာကောင်းသော ကျန်ရှကို ကြည့်လိုက်၊ ရက်စက်ကြမ်းကြုတ်သော ကျင်းယွင်ကျောင်းကို ကြည့်လိုက်နှင့် တွေဝေနေပြီးနောက်တွင် ဆရာရုံးခန်းသို့ အလျင်အမြန် ပြေးသွားလေသည်။
လက်ရှိအချိန်တွင် ကျန်ရှသည် လူရုပ်ပင် မပေါ်တော့ချေ။ သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပြီး ကျင်းယွင်ကျောင်း၏ ရိုက်ချက်များအောက်တွင် မလှုပ်ရှားနိုင်တော့။
ကျန်ရှ၏ နဂိုမူလရုပ်ရည်ကို ၇/၁၀ ဟု အဆင့်သတ်မှတ်နိုင်သော်လည်း ယခု ကျင်းယွင်ကျောင်းထံမှ အရိုက်အနှက်ခံပြီးနောက်တွင် သူ၏ ရုပ်ရည်မှာ ချက်ချင်းပင် ၃/၁၀ အဆင့်ဖြစ်သွားသည်။
သို့သော် ကျင်းယွင်ကျောင်းသည် ကျန်ရှအား အနည်းငယ်မျှပင် သနားစိတ်မဝင်သည့်အပြင် သနားငဲ့ညာမှုလည်း မရှိဘဲ သူ့အား ဆက်လက်၍ ကန်ကျောက် ထိုးကြိတ်နေသည်။
နှစ်မိနစ်ကျော်မျှကြာသောအခါ ဆရာကျီသည် ချွေးများစိုရွှဲနေသော မျက်နှာနှင့် အပြေးအလွှား ရောက်ရှိလာပြီး သူနှင့်အတူ လူတစ်စုကိုလည်း ခေါ်ဆောင်လာခဲ့၏။ စာသင်ခန်းထဲသို့ လှမ်းမြင်လိုက်ရသောအခါ သူသည် မေ့လဲလုနီးပါးပင် ဖြစ်သွားရသည်။
ဆရာတစ်ယောက်အနေဖြင့် သူသည် ကျန်ရှအား စိတ်ပူနေသည်မှာ သိသာသော်လည်း လူကြီးတစ်ယောက်၏ တစ်ကိုယ်ကောင်းဆန်သော အမြင်နှင့်မူ သူသည် ဤကိစ္စကြောင့် ကျင်းယွင်ကျောင်း တစ်ခုခုဖြစ်သွားမည်အား ပို၍ စိုးရိမ်မိ၏။
ဤကိစ္စကိုသာ အခြားလူများက ချဲ့ကား၍ အတင်းပြောကြပါက သူမသည် ပညာဆက်လက်သင်ကြားနိုင်လျှင်တောင်မှ သူမ၏ ဘဝတွင် ထာဝရ ဖျောက်ဖျက်မရသော အစွန်းအထင်းတစ်ခု ဖြစ်ကျန်ခဲ့လိမ့်မည်။
"ရပ်စမ်း။ ကျင်းယွင်ကျောင်း၊ မင်း အခုချက်ချင်း ရပ်လိုက်တာ ပိုကောင်းမယ်"
ကျင်းယွင်ကျောင်းသည် ဆရာကျီ၏ အသံကိုကြားသည်နှင့် ချက်ချင်းရပ်လိုက်သည်။ ထို့နောက် သူမသည် နောက်ပြန်ဆုတ်လိုက်ပြီး သူမ၏ အိတ်ထဲမှ တစ်ရှူးအစိုတစ်ရွက်ကို ယူကာ သူမ၏ ဖိနပ်များနှင့် လက်များကို သုတ်လိုက်၏။ သူမ၏ အပြုအမူများမှာ လူသတ်သမားက လူသတ်ပြီးနောက် သက်သေဖျောက်နေသည့် အပြုအမူနှင့်ဆင်တူနေသဖြင့် စောင့်ကြည့်နေသူများအား ကြက်သီးမွေးညှင်းထစေသည်။
ထို့နောက် ဆရာကျီက သက်ပြင်းများချနေစဥ်မှာပင် ကျင်းယွင်ကျောင်းက သူ့ဆီသို့ လျှောက်လာပြီး ပြောလိုက်၏။
"ဆရာ၊ ကျေးဇူးပြုပြီး စိတ်လျှော့ပါ။ ကျွန်မ ဆရာနဲ့ ပြည့်ပြည့်ဝဝ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဆရာ လိုအပ်သလို ညွှန်ကြားတဲ့အတိုင်း လုပ်မှာပါ"
သူမသည် မတိုက်ခိုက်မီကပင် သူမကိုယ်သူမ ကာကွယ်ရမည့် နည်းလမ်းကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ထို့ကြောင့် သူမက လူတစ်ယောက်ကို ရိုက်တော့ရော၊ ကျန်ရှသည် ထိုလုပ်ရပ်နှင့် အပြည့်အဝ ထိုက်တန်၏။ သူသည် အသက်ရှင်နေသေး၍ လှုပ်ရှားနိုင်သေးသည်။ ထို့အပြင် သူမ သူ့ကို ရိုက်နေစဥ်က ဒဏ်ရာကြီးကြီးမားမား ရမသွားစေရန် သူမ၏ ခွန်အားကို ထိန်းချုပ်ထားခဲ့ရာ သူသည် ပြင်းပြင်းထန်ထန် နာကျင်ရုံသွားသာဖြစ်၏။ သူမသည် ကိုယ့်ဒုက္ခကိုယ်ရှာသည်အထိ မတုံးအ,သေးပေ။