Chapter 367 : ကံကြမ္မာပြောင်းလဲ၍ မြေပိုင်ရှင် ဖြစ်လာခြင်း
ကန်ကျင်းချန်၏ စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်းလည်း မျက်နှာပျက်သွား၏။
"သူ့ အဖေက ဘယ်လိုတွေစဥ်းစားနေမှန်း ငါလည်း တကယ် မသိတော့ဘူး။ ဘာပဲပြောပြော ရှောင်ဟိုင်ချင်းက သူ့သမီးပဲလေ။ သူ့ သမီးကို နင်းမြို့တော်ကို ခေါ်သွားတာက ဖြစ်သင့်တဲ့ကိစ္စဆိုပေမယ့် ကျောင်းကောင်းကောင်းတော့ ရွေးပေးသင့်တယ်။ ဒါပေမယ့် အခုကျ မကောင်းတဲ့ကျောင်းကို ရွေးလိုက်တယ်။ ငါ့ အဖေကို စုံစမ်းခိုင်းလိုက်တော့ ကျောင်းက ကိုယ်ပိုင်ကျောင်းတဲ့။ အဲ့ကျောင်းမှာ ဒုတိယမျိုးဆက် သူဌေး သားသမီးတွေ အများကြီးမရှိပေမယ့် သာမန် မိသားစုထက်တော့ ချမ်းသာတဲ့သူတွေ နေကြတာတဲ့"
ကန်ကျင်းချန်သည်လည်း စိတ်ရှုပ်နေပုံရသည်။
ထို့နောက် ကျင်းယွင်ကျောင်းက သူမ၏ မှတ်ဥာဏ်ဟောင်းများကို သေချာပြန်တွေးကြည့်လိုက်ရာ ယခင်ဘဝက ရှောင်မိသားစု၏ ပြောင်းရွေ့မှုသည် ယခုနှင့် အနည်းငယ်ကွာခြားနေကြောင်း သိလိုက်ရသည်။
အတိတ်ဘဝက ချောင်ဟုန်ယဲ့သည် ယခုအချိန်၌ ကျောင်းတက်နေသေး၍ အိမ်ပြန်လာတိုင်း ရှောင်ဟိုင်ချင်း၏ အကြောင်းကိုသာ ပြောနေခဲ့ရာ ရှောင်ဟိုင်ချင်းသည် ကျိုတို၌ တက္ကသိုလ်သွားမတက်မီအချိန်အထိ ဟွားနင်ခရိုင်၌သာ နေခဲ့ကြောင့် သိလိုက်ရ၏။
သို့သော် ယခင်ဘဝလမ်းကြောင်းက ထိုကဲ့သို့ဖြစ်လျှင် ယခုအချိန်၌ အဘယ်ကြောင့် ပြောင်းလဲသွားသနည်း။
ကျင်းယွင်ကျောင်းသည် ကြိတ်၍ ထိတ်လန့်သွားသည်။
ငါ့ကြောင့်များလား။
"ငါ့ကို ဘာလို့ စောစောမပြောတာတုန်း"
ကျင်းယွင်ကျောင်းသည် ဘာလုပ်ရမှန်းမသိဖြစ်နေ၏။
"ရှောင်ဟိုင်ချင်းက ပြောတယ်လေ။ နင်က ခွင့်တိုင်သွားတယ်ဆိုကတည်းက ကိစ္စက အရေးကြီးလို့ပဲတဲ့။ ပြီးတော့ နင်သိသွားရင်လည်း ဒီဖြစ်ရပ်ကပြောင်းသွားတာမှ မဟုတ်တာတဲ့။ ဒါကြောင့် နင်ပြန်လာတဲ့အထိ စောင့်နေတာ"