Chapter 251 : စိတ်ဝင်စားစရာ ကိစ္စတစ်ခု
အရှေ့တွင် ထိုင်နေသော တုလင်းသည် သူတို့၏ အချစ်စမ်းနေကြသည့် စကားနိုင်လုပွဲအား သူ ကြားဝင်၍ မနှောက်ယှက်နိုင်ကြောင်း သိလိုက်ရသဖြင့် မကျေမနပ်ဖြစ်သွားသည်။
ယခင်က ကျင်းယွင်ကျောင်းသည် သူနှင့်စကားပြောလျှင် သူမ၏စကားများက ရွှေကဲ့သို့ အဖိုးတန်သည့်အလား နည်းနည်းသာပြောလေ့ရှိ၍ လီရှောက်ယွင်သည်လည်း ထပ်တူပင်ဖြစ်၏။ သို့ရာတွင် ယခု ကိစ္စများက အရေးကြီးလာပြီဖြစ်ရာ ထိုစကားနည်းသူ နှစ်ယောက်သည် စကားကိုအမျှင်မပြတ်ပြောတတ်သူများ ဖြစ်လာကြသည်။
ထိုအချိန်၌ လီရှောင်ယွင်သည် ခပ်တိုးတိုး ညည်းညူ၍ ထိုင်ခုံနောက်မှီအား မှီချလိုက်၏။ သို့သော် ထို ရိုးရိုးသာမန် လှုပ်ရှားမှုများကပင် ထူးထူးခြားခြား ကြည့်ကောင်းနေ၍ မလိုက်မဖက်ဖြစ်နေသည့် တစ်ခုတည်းသောအရာမှာ အစောပိုင်းက ကျင်းယွင်ကျောင်း ဝယ်လာသည့် အဝတ်ရုပ်လေးကို ယခု သူ၏ လက်မောင်းများကြား၌ ပွေ့ထားခြင်းဖြစ်သည်။
ထို့နောက် လီရှောက်ယွင်က သူမအား ဆက်မစ,တော့ဘဲ အလိုက်တသိရပ်တန့်လိုက်၏။ သူ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာတွင် လေးနက်မှုအချို့ရှိနေပြီး သူက ပြောလာသည်။
"သမားတော်မမလေးက ကိုယ့်ရဲ့ကျန်တဲ့ဘဝသက်တမ်းကို တာဝန်ယူပေးချင်တယ်ဆိုမှတော့ ကိုယ် စိတ်အေးသွားရပါပြီ"
"မနေ့က မင်းရဲ့စိတ်အခြေအနေမကောင်းတာကို ကိုယ်သတိထားမိတယ်။ ဒါ့ကြောင့် မင်းဖုန်းချပြီးတာနဲ့ ကိုယ် လူတစ်ယောက်ကိုလွှတ်ပြီး စုံစမ်းခိုင်းလိုက်တော့ မင်းက မိဘအရင်းဟုတ်မဟုတ် စစ်ဆေးချက်ယူဖို့အတွက် မိဘဆိုတဲ့သူတွေနဲ့အတူ နင်းမြို့တော်ကိုလာခဲ့တယ်ဆိုတာ သိလိုက်ရတယ်လေ။ နောက်ပိုင်း ကိုယ် လူလွှတ်ပြီး အဲဒီစုံတွဲရဲဲ့အကြောင်းကို ဆက်ရှာကြည့်ခိုင်းလိုက်တော့ စိတ်ဝင်စားစရာတစ်ခု တွေ့လာရတယ်။ အဲဒါက ဒီမိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးချက်ရလဒ်တွေက သူတို့ဆေးရုံကနေ ရလာတာမဟုတ်ဘူး။ ကော်ဖီဆိုင်တစ်ဆိုင်မှာ သူတို့နဲ့တွေ့ခဲ့တဲ့ မိန်းမတစ်ယောက်ဆီကနေ ရလာတာ။ အဲဒီမိန်းမက ဘယ်သူလည်းဆိုတော့ ... သူ့ကို မစ္စဟယ့်လို့ လူသိများပြီး သူ့မှာ သမီးတစ်ယောက်ပဲ ရှိတယ်။ ဒါပေမယ့် သူ့ရဲ့သမီးက ဟွားနင်ခရိုင်မှာ ကျောင်းစတက်ပြီး သိပ်မကြာခင်မှာပဲ ပြဿနာရှာမိတာကြောင့် နိုင်ငံခြားကို ပြောင်းသွားရတယ်တဲ့"
လီရှောက်ယွင်သည် ထိုစစ်ဆေးချက်လက်မှတ်၏ တရားဝင်၊ မဝင်ကို တစ်ခါမှ ရည်ရွယ်ချက်ရှိရှိ ရှာဖွေဖူးခြင်းမရှိဘဲ ဤမစ္စဟယ့်၏ အခြေအနေကိုသာ ပြောပြခဲ့ခြင်းဖြစ်၏။
သို့ရာတွင် နောက်ဆုံး၌ ကျင်းယွင်ကျောင်းက သဘောပေါက်သွားခဲ့သည်။
ထို့အပြင် သူမသည် ငတုံးမဟုတ်သောကြောင့် ထိုလင်မယားနှင့် သူမသည် သွေးသားတော်စပ်မှုရှိကြောင်းကို ဆက်၍ မယုံကြည်နိုင်တော့သည်မှာ အသေအချာပင်။
ယခင်က သူမသည် တစ်ခါမှ အလိမ်မခံရဖူးသောကြောင့် ဤသည်က သူမ၏ဘဝ၌ အနုံအ,ဆုံးသောအချ်ိန်ပင် ဖြစ်၏။
သို့ရာတွင် ယခုအခါ လီရှောက်ယွင်က ဤကဲ့သို့ စကားအများကြီး ပြောပြလိုက်သောအခါ ကျင်းယွင်ကျောင်းသည် သူမ၏ ရင်ထဲ၌ တောက်နေသော မီးတောက်များ ချက်ချင်းငြိမ်းသွားသလို ခံစားလိုက်ရသည်။
အကယ်၍ သူတို့သာ သူမ၏ မိဘအရင်းများဖြစ်ပါက သူမ မည်မျှပင်ခေါင်းမာနေစေကာမူ ဤတော်စပ်မှုအား ငြင်းပယ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် တစ်ဖက်လူက သူမအား သားသမီးပြုစုပျိုးထောင်သည့်အနေဖြင့် ထောက်ပံ့ကြေးတစ်ပြားတစ်ချပ်မှ မပေးလျှင်တောင်မှ မိဘဟုခေါ်သော မြင့်မြတ်သည့် သတ်မှတ်ချက်က်ု ထာဝစဥ်ရရှိသွားတော့မည်ဖြစ်သည်။ ထိုအခါ သူမသည်လည်း အမြဲတမ်း အထင်အမြင်သေးခံရ၍ လုပ်သမျှ အကောင်းမြင်မခံရသူတစ်ယောက်သာ ဖြစ်လာလိမ့်မည်ပင်။
ထို့အပြင် သူမသည် သူမ၏ မွေးစားမိဘများထံမှ လျစ်လျူရှုခံရသည့်အချက်ကို မေ့ထားခဲ့သော်လည်း သူမ၏ မိဘအရင်းများကပါ ထိုသို့ထပ်လုပ်ပါက သူမသည် အမှန်တကယ် ငိုစရာမျက်ရည်ပင် ကျန်တော့မည်မဟုတ်။
"လီရှောက်ယွင်၊ ရှင့်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ရှင် ကျွန်မကို တစ်ခုလောက်ထပ်ပြီးတော့ ကူညီနိုင်မလား"
ကျင်းယွင်ကျောင်းက ခဏစဥ်းစားနေပြီးနောက် တောင်းဆိုလိုက်သည်။
"ပြောပါ"
လီရှောက်ယွင်သည် အနည်းငယ် ဂုဏ်ယူသွားပုံပေါ်၏။
"ကျွန်မကို နောက်တစ်ကြိမ် မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးဖို့ ကူညီပေးပါ။ တောင်းဆိုချက်က ဒီတစ်ခုတည်းပါပဲ။ ရှင် မြို့တော်ကို ပြန်ရောက်ရင် လုပ်ပိုင်ခွင့်အရှိဆုံးအဖွဲ့အစည်းကို မေးပြီးတော့ ရှင်နဲ့ပိုပြီး ရင်းနှီးတဲ့နေရာမှာ စစ်ဆေးမှုလုပ်ပေးနိုင်မလား။ နမူနာတွေ ရှင့်ဆီကိုပို့ပေးဖို့ ကျွန်မ နည်းလမ်းရှာလိုက်ပါ့မယ်"
ကျင်းယွင်ကျောင်းက ရှင်းပြလိုက်သည်။
သူတို့သည် သူမ၏ မိဘအစစ်များမဟုတ်သောကြောင့် သူမအား နောက်တစ်ဖန်ပြန်၍ လာရှာနိုင်ချေမှာ အတော်လေး မြင့်မား၏။ ထိုအချိန်တွင် သူတို့ထံမှ ဆေးစစ်ရန်အတွက် ဆံပင်နမူနာအချို့ရနိုင်လိမ့်မည်ဖြစ်သည်။
"ရတာပေါ့၊ ပြဿနာမရှိဘူး"
လီရှောက်ယွင်က ချက်ချင်းပင် သဘောတူလိုက်၏။
"ကျေးဇူးအများကြီးတင်ပါတယ်"
သူမ၏ သဘောထားမှာ လှိုက်လှိုက်လှဲလှဲရှိလှသည်။
ဤတစ်ကြိမ်၌ သူ့ကြောင့်သာ မဟုတ်ပါက သူမသည် သေချာပေါက် ရက်အနည်းငယ် နေရပြီးမှသာ ပြန်လွတ်လာနိုင်မည်ဖြစ်၏။ ထို့နောက်တွင်လည်း သူမသည် မည်မျှကြာအောင် ထိုပြဿနာမီးကို ငြိမ်းသတ်နေရမည်မှန်း မသိပေ။
"မင်း တကယ် ကိုယ့်ကို ကျေးဇူးတင်ချင်တယ်ဆိုရင် နောက်နှစ်နှစ်ကြာလို့ အထက်တန်းပြီးရင် မြို့တော်ကို လာခဲ့"
လီရှောက်ယွင်က ရုတ်ထရက် ထ၍ အကြံပေးလိုက်ရာ ကျင်းယွင်ကျောင်းက အံ့သြသွားသော်လည်း ပြန်ဖြေလိုက်သည်။
"သေချာပေါက် လာခဲ့ပါ့မယ်"
သူမက အရင်ကတည်းက မြို့တော်ကိုသွားဖို့ ရည်ရွယ်ထားပြီးသားပါ၊ ဟုတ်ပြီလား။ သူမကလည်း သူမရဲ့ထူးခြားတဲ့ ပါရမီအရင်းခံတွေကို အမြဲတမ်း ဖုန်တက်နေအောင် မထားနိုင်ပါဘူး။ မြို့တော်က တရုတ်နိုင်ငံရဲ့အကြွယ်ဝဆုံးနဲ့ အစည်ကားဆုံးမြို့တော်ကြီးတစ်ခုပဲ။ တကယ်လို့ သူမသာ ကမ္ဘာကြီးနဲ့ထိတွေ့ဖို့အတွက် အဲဒီကိုမသွားရင် သူမရဲ့ဘဝသက်တမ်းတစ်ခုလုံးကို အလဟဿဖြုန်းတီးသလိုဖြစ်သွားမှာပေါ့။
သို့ရာတွင် လက်ရှိအချိန်၌ သူမသည် အနည်းငယ် အင်အားနည်းလွန်းနေကြောင်း ကျင်းယွင်ကျောင်း သတိထားမိသည်။ သူမ ရက်အတော်ကြာ ခေါင်းကိုက်နေရသော ကိစ္စတစ်ခုလုံးကို စုံစမ်းအဖြေထုတ်ရန် လီရှောက်ယွင်သည် တစ်ညသာ အချိန်ယူရ၏။ ၎င်းက သူတို့၏ အင်အားချင်း ကွာခြားချက်ပင်။
ထိုအချိန်လေးအတွင်းမှာပင် သူမ၏ ရင်ထဲ၌ အင်အားကြီးလိုစိတ်များ တဖွားဖွားပေါ်ထွက်လာ၏။
ကျင်းယွင်ကျောင်း၏ အကြည့်များက နက်ရှိုင်းလှသည်။ သို့သော် ပြတင်းပေါက်ဘက်သို့ လှည့်နေသည့် လီရှောက်ယွင်၏ ခပ်ချောချော မျက်နှာပေါ်တွင် ထိန်းချုပ်မရနိုင်စွာ ပေါ်ထွက်လာသည့် ရည်ရွယ်ချက်ရှိရှိ အပြုံးကိုမူ သူမ သတိမထားမိလိုက်ပေ။