Chapter 254 : လူအများအား တပတ်ရိုက်ပြောဆိုခြင်း
သူမသည် အစကတည်းက သံသယရှိနေသော်လည်း တစ်စုံတစ်ယောက်က သူမအား အကွက်ဆင်ရန်အတွက် သူမ၏ မိဘအစစ်များဟူသော အချက်ကို သုံးလာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။
ကျင်းယွင်ကျောင်းက ထိုမိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးချက်ရလဒ်က အတုဖြစ်နိုင်သည်ဟု ပြောလိုက်သောအခါ နားထောင်နေသူသုံးယောက်၏ တုံ့ပြန်မှုများက ယခင်ကထက်ပင် ပို၍ပြင်းထန်လာသည်။ ကျင်းယွင်ကျောင်း မတရားသဖြင့် အကွက်ချကြံစည်ခံရသည်ကို ရှောင်ဟိုင်ချင်းက မည်သို့ သည်းခံနိုင်မည်နည်း။
"အခုအချိန်မှာတော့ ဒီကိစ္စကို ဘယ်သူ့မှ ပြောမပြသေးနဲ့ဦးနော်"
ကျင်းယွင်ကျောင်းက သူတို့အား သတိပေးလိုက်သည်။
မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးချက်ရလဒ်များက မထွက်သေးရာ ထိုလူများက သူမအား အကွက်ချကြံစည်ရဦးမည်ဖြစ်၏။ ထို့နောက်တွင်တော့ သူတို့သည် သူမ၏ လက်စားချေမှုအတွက် ပြင်ဆင်ထားသင့်သည်။
ကျင်းယွင်ကျောင်း သူမ၏ မိဘအရင်းများနှင့် တွေ့ရန် ကျင်းမိသားစုသို့သွားသည့်အကြောင်းကို သူမ၏ အရင်းအနှီးဆုံး သူငယ်ချင်းသုံးယောက်သာသိ၏။ သူတို့မှလွဲလျှင် အတန်းထဲရှိ အခြားလူများအားလုံး မသိကြသည်ဖြစ်ရာ ဒုတိယမြောက်နေ့တွင် သူမသည် ကျောင်းသို့ ပုံမှန်အတိုင်းသာ လာခဲ့သည်။
ကျောင်းဝန်းသည် သန့်ရှင်းစင်ကြယ်နေပြီး ပတ်ဝန်းကျင်အနေအထားကလည်း ဘေးလူများအား သန့်စင်၍ လတ်ဆတ်သော ခံစားချက်ကို ပေးစွမ်းနေ၏။
သို့ရာတွင် ကျင်းယွင်ကျောင်း မျှော်လင့်ထားသည့်အတိုင်း ကျောင်း၏ တိတ်ဆိတ်အေးချမ်းမှုကို ကျင်းမိသားစုက ရောက်လာပြီး ဖျက်ဆီးလိုက်သည်။ အကယ်၍ ကျင်းယွင်ကျောင်းအား ကျင်းမိသားစု ရောက်လာခြင်းအပေါ် မည်သို့လုပ်ချင်ကြောင်းမေးပါက သူမသည် နေမြဲအတိုင်းသာနေ၍ သူတို့အား လျစ်လျူရှုထားမည်သာဖြစ်သော်လည်း မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးရန်အတွက် လိုအပ်သော နမူနာများအကြောင်းကို တွေးမိသွားသောအခါ နောက်ဆုံးတွင် သူမသည် စိတ်ကိုပြင်ဆင်လိုက်ပြီး ကျောင်းရုံးခန်းသို့ ဦးတည်သွားလိုက်၏။
ထိုအခါ သူမ ရောက်သွားသည်နှင့် ဝမ်ရှင်းဖန်းသည် ချက်ချင်းပင် ဘမ်းခနဲမြည်အောင် ဒူးထောက်လိုက်သည်။
မူလက ကျင်းယွင်ကျောင်းသည် မိဘအရင်း ဟုတ််၊ မဟုတ် စစ်ဆေးချက်အတွက် နမူနာများယူရန် သူတို့၏ အနားသို့ ကပ်ရမည့်နည်းလမ်းကို စဥ်းစားနေသော်လည်း ယခုအခါ ဝမ်ရှင်းဖန်းက ဒူးထောက်ချလိုက်သည်ဖြစ်ရာ ဤသည်က ဘုရားပေးသော အခွင့်အရေးတစ်ခုပင်။
ထို့နောက် ကျင်းယွင်ကျောင်းသည် ဝမ်ရှင်းဖန်းအား ကူတွဲပေးရန်အတွက် ရှေ့တိုးသွားလိုက်ပြီး တစ်ချိန်တည်းမှာပင် ဝမ်ရှင်းဖန်း၏ ဆံပင်နှစ်ချောင်းကို မသိမသာယူလိုက်သည်။
"ရှင်က ကျွန်မရဲ့ရှေ့မှာ ဒူးထောက်ပြီးတော့ ကျွန်မကို အသက်တိုအောင် လုပ်နေတာလား။ ရှင်က ကျွန်မရဲ့အမေလို့လည်း ပြောသေးတယ်၊ ဒါပေမယ့် ကျွန်မ အရင်က လူမြင်ကွင်းမှာ အမေက သမီးကို အရှက်မရှိ ဒူးထောက်တာမျိုး တစ်ခါမှမမြင်ဖူးဘူး"
ကျင်းယွင်ကျောင်းက သူမ လိုချင်သည့် နမူနာဆံပင်များကို ရပြီးနောက် အေးတိအေးစက် ပြောလိုက်၏။
ထိုကဲ့သို့ ကျင်းယွင်ကျောင်းက ရှေ့တိုးလာပြီး သူမအား တွဲထူပေးလိုက်သောအခါ ဝမ်ရှင်းဖန်းက ကျင်းယွင်ကျောင်းသည် ယခင်ကကဲ့သို့ပင် သူတို့အပေါ်၌ မပြောင်းလဲသေးဘဲ စာနာစိတ်အနည်းအကျဥ်းရှိနေဆဲဟု ထင်လိုက်မိသည်။
"မင်း ဘ ... ဘယ်လိုလုပ်ပြီး ..."
"ကျွန်မက ဘာလို့ မလုပ်နိုင်ရမှာလဲ။ မနေ့က ရွာသားတွေအများကြီးက ကျွန်မနဲ့ ကျွန်မရဲ့မိတ်ဆွေတွေကို ဝိုင်းပြီးတော့ ရန်မူတာကို ရှင်တို့တွေက ခွင့်ပြုပေးခဲ့တယ်လေ။ ဖြစ်လာမယ့် အကျိုးဆက်တွေကို ရှင် နားမလည်သေးဘူးလား"
ကျင်းယွင်ကျောင်းက ဆက်ပြောလိုက်၏။
"သြော်...ဟုတ်သားပဲ၊ မနေ့က ရှင်တို့ တိုက်ခိုက်ခဲ့တဲ့လူက ကျိုတိုကလာတဲ့ ဆွေကြီးမျိုးကြီးတစ်ယောက်ပဲ။ မနေ့က ရှင်တို့ရဲ့ ရုတ်ရုတ်သဲသဲ လုပ်ရပ်ကြောင့် သူက အခုထိ ထိတ်လန့်နေတုန်း။ ဘယ်သူသိမှာလဲ၊ သူက ပြန်လာပြီး ရှင်တို့ကို တရားစွဲမလားဆိုတာ။ အဲဒီအချိန်ကျရင် ရှင်တို့အားလုံး ပြန်ပေးဆပ်ဖို့လိုတယ်နော်"
ထိုစကားကို ကြားသောအခါ ဝမ်ရှင်းဖန်း၏ နှလုံးသားက အလန့်လွန်၍ တစ်ချက်ဆောင့်ခုန်သွားသည်။ ယမန်နေ့က ကျင်းယွင်ကျောင်းအား လာကယ်ခဲ့သည့် လူရွယ်နှစ်ယောက်သည် သာမန်မဟုတ်ကြောင်း သူမ သေသေချာချာ ပြောနိုင်၏။
ထို့အပြင် သူမ၏ ဘဝ၌ ထိုမျှဟိတ်ဟန်ကြီးလွန်းသူကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။
"ဒါပေမယ့် ရှင်တို့တွေ စိတ်အေးအေးထားလို့ ရပါတယ်။ ရှင်တို့က ကျွန်မရဲ့မိဘတွေလို့ ပြောနေတာဆိုတော့ ကျွန်မလည်း သူတို့ကို အချိန်အကြာကြီး ဆက်တိုက်တောင်းပန်လိုက်တယ်။ ကံကောင်းတာက သူတို့က ပြဿနာကို ထပ်ပြီးတော့ အရစ်မရှည်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မက ရှင်တို့ကို အရမ်းစိုးရိမ်နေတာ။ ရှင်တို့တွေ ကျွန်မကို ကျေးဇူးတင်ရင်တောင်မှ ဒူးထောက်ပြီးတော့ ကျေးဇူးတင်ဖို့အတွက် ဒီနေရာထိလာဖို့ မလိုပါဘူး။ တော်ကြာ အကြောင်းစုံကိုမသိတဲ့ ဘေးလူတွေက ကျွန်မ, မကောင်းမှုကျူးလွန်ခဲ့တယ်ထင်ပြီး သိချင်နေကြလိမ့်မယ်"
ကျင်းယွင်ကျောင်းက ထိုစုံတွဲအား စောဒကတက်ခွင့်ပင် မပေးဘဲ ထိုစကားများကို ခပ်သွက်သွက်ဖြင့် ဆက်တိုက်ပြောချလိုက်သည်။
ထိုအခါ ကျင်းယွင်ကျောင်း၏ စကားများကိုကြားပြီးနောက် ထိုစုံတွဲသည် ခဏမျှ ကြောင်အ,သွား၏။
ဝမ်ရှင်းဖန်း၏ အတော်ဆုံးစွမ်းရည်မှာ သူမ၏ အမှားများကို သံရှည်ဆွဲ၍ ညည်းညူငိုယိုခြင်းဖြစ်သည်။ သို့သော် သူမ မငိုကြွေးရသေးမီမှာပင် ကျင်းယွင်ကျောင်းက အခွင့်ကောင်းယူ၍ တည်ငြိမ်သောအမူအယာဖြင့် ကိစ္စများကို အဆင်ပြေချောမွေ့အောင် လုပ်ခဲ့ပြီးပြီဖြစ်၏။
ထိုစုံတွဲသည် ကျင်းယွင်ကျောင်း၏ ကျောင်းသို့ ရောက်လာစဥ်က ဆရာ၊ ဆရာမများနှင့် စကားစမြည်ပြောရင်း အများဆုံးအချိန်ဖြုန်းနေခဲ့သော်လည်း သူတို့သည် လူတိုင်းကို သူတို့က သမီးဖြစ်သူအား မည်မျှချစ်ကြောင်းကိုသာ ထုတ်ပြောချင်နေသောကြောင့် ကျင်းယွင်ကျောင်း၏ မကောင်းကြောင်းကိုပြောရန် အခွင့်အရေးမရှိခဲ့ပေ။ သူတို့မိသားစု၏ အခြေအနေက ဆင်းရဲကြပ်တည်းသောကြောင့် ကျင်းယွင်ကျောင်းသည် သူတို့၏ သမီးတစ်ယောက်အနေနှင့် မိသားစုအား ကူညီသင့်ကြောင်းကိုသာ ထပ်ခါတလဲလဲ ပြောခဲ့ကြသည်။
ထို့ကြောင့်လည်း ဆရာ၊ ဆရာမများက ထိုစုံတွဲကို သံသယမဝင်ခဲ့ခြင်းပင်။
"ရှောင်ယွင်ရေ၊ မင်းက ငယ်ရွယ်ပြီး မရင့်ကျက်သေးတော့..."
"ကျွန်မက ငယ်သေးပေမယ့် အမြဲတမ်း ကျွန်မကိုယ်ကျွန်မ ထောက်ပံ့ခဲ့တာမို့လို့ ရှင်တို့တွေက ကျန်တဲ့မိသားစုဝင်တွေကို ပြုစုပျိုးထောင်ပေးတဲ့နေရာမှာပဲ အာရုံစိုက်ထားပြီး စိတ်ချလက်ချနေလို့ရပါတယ်။ ရှင်တို့တွေ ကျွန်မအတွက် ယွမ်တစ်ပြားတစ်ချပ်တောင် သုံးစရာမလိုပါဘူး"
ကျင်းယွင်ကျောင်းက သူမ၏ စကားကို ချက်ချင်းဖြတ်ပြောလိုက်ရာ ဝမ်ရှင်းဖန်းသည် အနည်းငယ် မျက်နှာပျက်သွား၍ သူမ၏ ရင်ထဲ၌ ချော်ရည်ပူများ လောင်ကျွမ်းနေသည့်သဖွယ် ပူလောင်သွားရတော့လေသတည်း။