Chapter 246 : အမှန်တရား
ကျင်းရှို့သည် စိတ်ရှုပ်ထွေးနေပြီး ကျင်းယွင်ကျောင်းအား ကွဲပြားခြားနားလှသည့် အမှန်တရားကို ပြောပြချင်နေသည်။
သူမသည် သူမ၌ အစ်မတစ်ယောက်ရှိကြောင်း မိဘများ ပြောနေကြသည်ကို ကြားဖူးခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်၏။ ထိုအစ်မသည် မွေးလာပြီးနောက်တွင် အမှန်တကယ်ပင် သူတို့၏ အဖွားဖြစ်သူထံမှ စွန့်ပစ်ခြင်းကို ခံခဲ့ရသော်လည်း သူမအား တောင်တစ်တောင်ပေါ်တွင် ထားရစ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မိဘများက သူမအား ရှာဖွေရန် လာခဲ့ကြသော်လည်း သူတို့လာသည့်အချိန်၌ သူမက သေနှင့်နေပြီဖြစ်၏။ သူတို့သည် သူမအား မြှုပ်နှံခဲ့ကြသော်လည်း ထိုကိစ္စမှာ အလွန်နိမိတ်မကောင်းသော ကိစ္စဖြစ်၍ အပြင်လူများကို အသိမပေးခဲ့ကြပေ။
ထိုအချိန်က သူတို့ပြောနေသည့်စကားများကို ကျင်းရှို့က ရှင်းရှင်းလင်းလင်း မကြားခဲ့ရသောကြောင့် စကားရှေ့နောက်မညီမှု တစ်ချို့တစ်လေရှိနိုင်သည်။ သို့ရာတွင် ကျင်းယွင်ကျောင်းက သူမ၏ အစ်မအကြီးဆုံး မဟုတ်သည်ကတော့ သေချာ၏။
ထို့အပြင် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက သူမ၏ မိဘများသည် ရုတ်တရက် သူတို့အား ငွေကြေးထောက်ပံ့မည့်သူကို ရှာတွေ့ပြီဖြစ်၍ အနာဂတ်တွင် သူမ၏ မောင်ဖြစ်သူအတွက် အိမ်တစ်အိမ်ဆောက်ပေးနိုင်မည့်ငွေ ရတော့မည်ဖြစ်ကြောင့် ဝမ်းသာပီတိဖြစ်စွာ ပြောလာခဲ့သည်။ သို့သော် ထိုတစ်ရက်တည်းမှာပင် မိဘများက သူတို့မောင်နှမသုံးယောက်အား သူတို့၏ အစ်မအကြီးဆုံးကို အပြင်၌ ရှာတွေ့ပြီဖြစ်ကြောင်း ထပ်မံ၍ ပြောလာခဲ့၏။
သူမသည် များများစားစား မသိသော်လည်း သူမ၏ မိဘများသည် သမီးများအပေါ်တွင် ချစ်ခင်နှစ်သက်မှုမရှိကြောင်း သူမသိသည်။ ထို့ကြောင့် သွေးသားတော်စပ်မှု မရှိသူတစ်ယောက်ကို သူတို့၏ သမီးအဖြစ် အသိအမှတ်ပြုရန် ဆန္ဒစောနေကြခြင်းက သာ၍ ထူးဆန်းနေ၏။
ထို့နောက် ကျင်းရှို့သည် တစ်ခုခုပြောချင်သည့်အလား ပါးစပ်ဖွင့်လိုက်သော်လည်း ကျင်းထျယ်ကျွင်းက သူမအား အမှိုက်တစ်စကဲ့သို့ နောက်ပြန်ဆွဲခေါ်သွားသည်။ ဝမ်ရှင်းဖန်းသည်လည်း နောက်ကလိုက်လာ၍ ကျင်းရှို့၏ ခန္ဓာကိုယ်အား အိမ်ထဲသို့ တွန်းထည့်ပစ်လိုက်၏။
"ကျွန်မ ရှင်တို့နှစ်ယောက်ကို တကယ်ပဲ ဒုက္ခပေးမိပါပြီ။ ဘာလို့ ရှင်တို့ အရင်ဆုံး ထွက်မသွားလိုက်ကြတာလဲ။ ရှင်တို့ ထွက်သွားပြီးရင် ကျွန်မလည်း ထွက်လာနိုင်မှာပါ"
ကျင်းယွင်ကျောင်းက တောင်းပန်နေသည့်အမူအယာဖြင့် အကြုံပြုလိုက်သည်။
ရွာသားများ၏ ခွန်အားကို အထင်သေး၍ မရချေ။ ထို့ကြောင့် သူတို့နှစ်ယောက် မတော်တဆ ဒဏ်ရာရသွားပါက အဆင်ပြေမည် မဟုတ်ပေ။
သူမ တစ်ယောက်တည်းသာဆိုပါက အခက်အခဲအချို့ရှိသော်လည်း ရုန်းထွက်နိုင်လောက်သေးသည်။
ထိုအခါ လီရှောက်ယွင်က သူမအား ပြုံး၍ ကြည့်လာ၏။
"ကိုယ်က ဒီမှာ ဝန်ထုပ်ဝန်ပိုးလုပ်ဖို့ လာတာလို့များ မင်းက တွေးနေတာလား။ တုလင်းရဲ့နောက်ကို လိုက်သွား။ ဒီနေ့ ယောက်ျားတစ်ယောက်က ရန်သူတစ်သောင်းကို တိုက်ခိုက်အနိုင်ယူနိုင်တယ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်မျိုးလဲဆိုတာကို ဒီသခင်လေးက မင်းမြင်အောင် ပြပေးမယ်"
သူက စကားဆုံးသည်နှင့် အင်္ကျီလက်များကို ခေါက်တင်လိုက်ပြီး အသင့်အနေအထားဖြင့် ပြင်လိုက်သည်။ သူ၏ အကြည့်များက အေးစက်နေကာ အရှိန်အဝါမှာလည်း ကျွမ်းကျင်တိုက်ခိုက်ရေးသမားတစ်ဦးကဲ့သို့ပင်။
ထိုအခါ ကျင်းယွင်ကျောင်းသည် ရင်ခုန်သွား၍ သူမ၏ မျက်လုံးလေးများကလည်း တောက်ပလာသည်။
"ရှင်က ကိုယ်ခံပညာတတ်တယ်ပေါ့"
"မတတ်တဲ့ သခင်လေးရှိလို့လား။ မင်းက ကိုယ့်ကို စားဖို့ပဲသိတဲ့ တုလင်းလိုများ ထင်နေတာလား"
လီရှောက်ယွင်၏ အသံ၌ ခပ်ပေါ့ပေါ့ ထီမထင်ဟန်များ စွက်နေသည်။
အမှန်အတိုင်းပြောရလျှင် သူသည် ဤနေရာသို့လာ၍ ယဥ်ကျေးမှုမရှိသော အရိုင်းအစိုင်းတစ်စုနှင့် သတ်ပုတ်နေသည်ကို အခြားလူများသာ သိသွားပါက ၎င်းသည် ရာစုနှစ်၏ အရယ်ရဆုံးဟာသတစ်ခု ဖြစ်လာလိမ့်မည်။ သို့ရာတွင် ဘာကျိန်စာမိနေမှန်း သူလည်း မသိပေ။ ဤလူအုပ်ကြီးအား မြင်သောအခါ သူသည် လူသတ်သမား အစစ်များနှင့် ရင်ဆိုင်နေရသည်ထက်ပင် ပို၍ ဒေါသထွက်လာခဲ့သည်။
လီရှောက်ယွင်၏ အမူအယာက အေးစက်၍ ကြောက်စရာကောင်းလွန်းလှ၏။ ကျင်းယွင်ကျောင်းသည် ကိုယ်ခံပညာကို လေ့ကျင့်ထားသူတစ်ယောက် ဖြစ်သော်လည်း လီရှောက်ယွင်က သူ၏ အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည့်အခိုက်တွင် သူမသည် ချက်ချင်းပင် ကျဥ်းထဲကြပ်ထဲကျသွားသလို ခံစားလိုက်ရ၍ သူမ၏ နှလုံးသားကလည်း အဆုံးမရှိ ထိတ်လန့်တုန်လှုပ်သွားသည်။
ယခင်က လီရှောက်ယွင်၏ ပုံမှန်အပြုအမူများကို ကြည့်၍ ထိုလူသည် ချမ်းသာ၍ အင်အားကြီးသော လူရှုပ်လူပွေတစ်ယောက်ဟု သူမ အမှန်တကယ်ပင် ထင်ခဲ့မိ၏။ ထို့အပြင် သူ ဟွားနင်ခရိုင်မှ ထွက်မသွားခင် ဆေးရုံ၌ တစ်ချိန်လုံးရှိနေစဥ်ကလည်း သူမ၏အရှေ့၌ သူသည် အားနည်း၍ ချူချာသော ခန္ဓာကိုယ်ရှိသည့် ရောဂါသည် မင်းသားလေးတစ်ပါးကဲ့သို့ နေပြခဲ့သည်။
သို့သော် ယခုအခါ သူ၏ ယခင်အပြုအမူများက အမှန်တရားနှင့် အတော်လေး မနီးစပ်သည့်ပုံပင်။
"ကျွန်မကို ကာကွယ်ဖို့ တုလင်းကို မလိုပါဘူး။ ကျွန်မတို့ ကိုယ့်ကိုကိုယ် ကာကွယ််ကြတာပေါ့။ ရှင်လည်း ကျွန်မကို အထင်မသေးသင့်ပါဘူးနော်"
ထို့နောက် ကျင်းယွင်ကျောင်းက ထိုမိသားစု သို့မဟုတ် ထိုအခြေအနေသည့် ပတ်သတ်သည့် မကောင်းသော အတွေးများကို ခေါင်းထဲမှ ထုတ်ပစ်လိုက်၍ ပြုံးလိုက်သည်။
ထိုအချိန်၌ နောက်တွင်ရှိသော တုလင်းမှာ ချွေးဒီးဒီးကျ၍ တုန်လှုပ်နေ၏။ အထူးသဖြင့် ခုနလေးတင်မှာပင် လီရှောက်ယွင်က ကျင်းယွင်ကျောင်းကို သူ့နောက်သို့လိုက်သွားရန် ပြောလိုက်စဥ်က သူ၏ ခြေထောက်များသည် ခေါက်ဆွဲများကဲ့သို့ ပျော့ခွေသွားလုနီးပါးပင်။
သူသည် စားဖိုမှုးလေးတစ်ယောက်သာဖြစ်၍ လွန်ခဲ့သော နှစ်အနည်းငယ်က လီရှောက်ယွင်ထံမှ ကိုယ်ခံပညာအနည်းငယ် သင်ထားဖူးသော်လည်း တစ်ခါမှ ထုတ်မသုံးခဲ့ဖူးပေ။ ဤသံဂေါ်ပြားများနှင့် ကျည်ပွေ့များနှင့်သာ ရင်ဆိုင်ရလျှင် သူသည် ဂျုံနယ်သကဲ့သို့ အထုအထောင်း အရိုက်အနှက်ခံရမည် မဟုတ်လား။
တုလင်းသည် တုန်လှုပ်နေသော်လည်း လီရှောက်ယွင်၏ ပုံရိပ်က ထိတ်လန့်စရာကောင်းလောက်အောင်ပင် မြန်ဆန်လှသည်ကို မြင်လိုက်ရသည်။ သူ၏ လက်များက တစ်ဖက်လူများ၏ လက်ထဲရှိ လက်နက်ကိရိယာများကို ဆွဲချိုးပစ်လိုက်ပြီး သူ၏ ခြေထောက်များက သူတို့၏ ရင်ဘတ်များပေါ်သို့ ရောက်သွားပြီး နောက်တစ်စက္ကန့်အတွင်းမှာပင် ဆက်တိုက် ကန်ကျောက်ပစ်လိုက်၏။
လီရှောက်ယွင်၏ တိုက်ခိုက်မှုအားလုံးမှာ သတ်ချင်ဖြတ်ချင်သည့် ရည်ရွယ်ချက်နှင့် ဖြစ်သော်လည်း ဤလူများအားလုံးသည် ကျေးလက်နေ ပြည်သူများသာ ဖြစ်ကြ၏။ ထို့ကြောင့် သူသည် သူတို့အား သင်ခန်းစာပေးနိုင်သော်လည်း သွေးထွက်သံယိုဖြစ်အောင် လုပ်မရသဖြင့် အမှန်တကယ် မကျေနပ်နိုင်ပေ။
သို့သော် မျက်လုံးထောင့်စွန်းမှနေ၍ ကျင်းယွင်ကျောင်းအား ဖျတ်ခနဲမြင်လိုက်သောအခါ သူ၏ အကြည့်များက သူမထံတွင် ရပ်တန့်သွားသည်။
သူမသည် မည်သူ၏ သစ်သားတုတ်ကို ခိုးယူလာမှန်း မသိသော်လည်း သူမ လှုပ်ရှားလိုက်သည့်အခါတိုင်း လူတစ်ယောက်ချင်းစီအား တိတိကျကျ ရိုက်နိုင်၏။ သူမထံတွင် အရိုက်ခံရသူများအားလုံးသည် တအားအား အော်ဟစ်နေကြရသည်။ ကြည့်ရသည်မှာ သူမတစ်ယောက်တည်း အခြေအနေကို အပြည့်အဝ ထိန်းချုပ်နိုင်သည့်ပုံပင်။
တစ်ဖက်၌ တုလင်းသည် သူမ၏အနောက်၌ ပုန်းနေရသည်။ သူ၏ အပြုအမူက တိုက်ခိုက်နိုင်အောင် အထောက်အကူဖြစ်စေသော်လည်း သူ၏ လုပ်ရပ်များသည် ကျင်းယွင်ကျောင်းအား စိုးရိမ်ပူပန်နေစေကြောင်း သိသာ၏။ သူမသည် သူမ၏ ကြက်ပေါက်စလေးအား ကာကွယ်နေသည့် မိခင်ကြက်မကြီးတစ်ကောင်နှင့်ပင် တူနေပြီး တုလင်းကလည်း အားနည်း၍ ချိနဲ့နေသူသဖွယ် ပြုမူနေ၏။
ထိုအခါ လီရှောက်ယွင်၏ မျက်လုံးများက ဖျတ်ခနဲ အရောင်လက်သွား၍ နောက်တစ်စက္ကန့်အတွင်းမှာပင် သူသည် ကျင်းယွင်ကျောင်း၏ဘေးမှ တုလင်းအား အဝေးသို့ ဆွဲလွှင့်ပစ်လိုက်တော့သည်။ ထို့နောက် သူသည် ကျင်းယွင်ကျောင်း၏ အနောက်ရှိ တုလင်းနေရာတွင် ဝင်ရပ်နေလိုက်ပြီး စတင်အော်ဟစ်လေတော့သည်။
"ဘယ်ဘက်မှာ...ဘယ်ဘက်မှာ။ ညာဘက်ကလည်း ထပ်ပြီး လာနေပြန်ပြီ"