Chapter 386 : ရန်သူနှင့် မျက်နှာချင်းဆိုင်မိခြင်း
ထိုအခါ သူမ၏ နောက်မှ လူလေးယောက်သည် မြင်းတစ်စီးစီဖြင့် ထွက်လာကြ၏။ ကျီရှန်းရှန်းက သူမ၏ အကြည့်အတိုင်းလိုက်၍ ခေါင်းလှည့်ကြည့်လိုက်ရာ ချက်ချင်း အံ့အားသင့်သွားသည်။
ကမ္ဘာကြီးသည် အမှန်တကယ် ကျဥ်းကျဥ်းလေးပင်။ ကျီရှန်းရှန်းသည် နင်းမြို့တော်ကဲ့သို့ ကြီးမားသည့် မြို့ကြီးထဲ၌ သူမ မမြင်ချင်ဆုံးသူနှင့်တွေ့ရလိမ့်မည်ဟု တစ်ခါမှ မျှော်လင့်မထားခဲ့ပေ။
စန်းရန်...
ထိုအချိန်၌ စန်းရန်ကလည်း လှမ်းကြည့်လာရာ ကျီရှန်းရှန်း၏ မျက်နှာကို မြင်လိုက်ရသဖြင့် သူမ၏ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်း အေးခဲသွားသည်။ ထို့နောက် ကျီရှန်းရှန်း၏ ဘေးရှိ လူနှစ်ယောက်အား ဆက်ကြည့်လိုက်ရင်း သူမ၏ အကြည့်များက ကျင်းယွင်ကျောင်းဆီသို့ ချက်ချင်းရောက်ရှိလာ၏။ ထိုအခါ သူမ၏ တစ်ကိုယ်လုံး ဒေါသများပြည့်နှက်လာ၍ မြင်းဇက်ကြိုးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ကာ မျက်ဝန်းများထဲ၌ လူသတ်ချင်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။
ကျင်းယွင်ကျောင်း၊ သည်ကောင်မစုတ်လေးကလည်း သည်ရောက်နေတယ်ပေါ့။
"ဝမ်ဝမ်၊ နင် ဘာလို့ သူတို့နဲ့ ငြင်းခုံနေတာလဲ"
စန်းရန်က သူမ၏ ခံစားချက်ကို အတတ်နိုင်ဆုံး ပြန်ထိန်းလိုက်ပြီး အနီရောင်နှင့် မိန်းကလေးအား ပြုံး၍ မေးလိုက်သည်။
ထိုအခါ တစ်ဖက်လူက ခပ်တိုးတိုး လှောင်ရယ်လိုက်ပြီး ...
"ဆူဆူညံညံ မလုပ်စမ်းပါနဲ့ဟယ်။ သူတို့နဲ့ တန်လို့လား။ ငါ ဒီနေရာမှာ သူတို့ကိုယ် သူတို့ ချောတယ်ဆိုပြီး လေကြီးနေတဲ့သူတချို့ တွေ့ထားလို့လေ၊ ငါ သူတို့ကို ပညာမပေးဘဲ မနေနိုင်ဘူး။ တကယ်တမ်းကျ ဒီနေရာက ခွေးတွေ၊ ကြောင်တွေ လာချင်သလိုလာနိုင်တဲ့နေရာမှ မဟုတ်တာ"
"နင် ပြောလို့ပြီးပြီလား။ ငါတို့က နင့်ကို ရန်မစမိဘူးနော်။ ငါ့ကို စော်ကားပြောဆိုဖို့ ဒီလောက်တောင် စိတ်ဝင်စားနေတာလား"