Chapter 237 : အသုံးအဖြုန်းကြီး၍ ရူးနှမ်းနေသူ
ကျင်းယွင်ကျောင်းက သူမအား တအံ့တသြကြည့်လိုက်ရာ ကျင်းရှို့၏ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီရဲနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ စကားလုံးများ နောက်ကွယ်ရှိ အကြောင်းပြချက်အား မည်သို့ရှင်းပြရမှန်းမသိသောကြောင့် ကျင်းရှို့သည် ကျင်းယွင်ကျောင်း၏ အကြည့်များအောက်တွင် ခေါင်းကိုသာ တွင်တွင်ငုံ့ထားလိုက်၏။
"ညီမလေးနဲ့ မောင်လေးက သူများပစ္စည်းတွေကို လိုက်ဖွရတာ ကြိုက်တယ်လေ။ ဒါ့ကြောင့် အစ်မ ဂရုစိုက်သင့်တယ်။ ပြီးတော့ အစ်မက အစ်မဘာသာ ရပ်တည်နိုင်တယ်လို့ အဖေနဲ့ အမေ ပြောနေတာကို ကျွန်မ ကြားခဲ့တယ်။ ဒါ့ကြောင့် အစ်မရဲ့ပိုက်ဆံတွေကို သေချာသိမ်းထားရမယ်နော်။ အထူးသဖြင့် ကျွန်မရဲ့အဖေနဲ့ အမေကို ပိုက်ဆံမပေးပါနဲ့"
ထိုစကားကိုကြားသောအခါ ကျင်းယွင်ကျောင်းသည် မှင်သက် ဆွံ့အ,သွားသည်။
ကျင်းရှို့သည် ထိုစကားများကို ပြောနေချိန်တွင် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး အပြစ်ရှိသလိုလည်း ခံစားနေရပုံပေါ်၏။ ထို့နောက် သူမသည် ကျင်းယွင်ကျောင်း အဝတ်အစားလဲပြီးသည်အထိ စောင့်ပေးပြီးနောက် ကျင်းယွင်ကျောင်းကို ဘာစကားမှ မပြောခဲ့မိသည့်အလား အခန်းထဲမှ အလျင်စလို ထွက်သွားတော့သည်။
ကျင်းယွင်ကျောင်းက နှုတ်ခမ်းကိုက်လိုက်ပြီး သူမ၏အိတ်ကို လွယ်ကာ ကျင်းရှို့၏အနောက်သို့လိုက်၍ အခန်းထဲမှ ထွက်လာခဲ့၏။
သို့သော် သူမ အခန်းပြင်သို့ ခြေချလိုက်သည်နှင့် ကျင်းလင်သည် အခန်းထဲသို့ ဝင်သွားပြီး ဟိုဟိုဒီဒီလျှောက်ပတ်ကြည့်လေသည်။ သူမ အလိုရှိသောပစ္စည်းကို မတွေ့သောအခါ သူမသည် ချက်ချင်းပင် ကျင်းယွင်ကျောင်းအား လှည့်ကြည့်၍ မေးလာ၏။
"အစ်မကြီး၊ အစ်မရဲ့ အဝတ်ညစ်တွေရော"
"ငါလွှင့်ပစ်လိုက်ပြီလေ၊ ဘာဖြစ်လို့လဲ"
ကျင်းယွင်ကျောင်းက အကြောင်းရင်းကို သိနေသော်လည်း ရည်ရွယ်ချက်ရှိရှိ မေးလိုက်သည်။
"အစ်မက အဝတ်အစားသစ်တစ်စုံ လဲပြီးပြီ မဟုတ်လား။ ဒါဆို ကျွန်မကိုလည်း ကျန်တဲ့တစ်စုံ ဝတ်ခွင့်ပြုသင့်တယ်လေ"
ကျင်းလင်က အရှက်မရှိ တဲ့တိုးပင် ပြောလာရာ ကျင်းယွင်ကျောင်းက အေးစက်စက် ပြုံးပြလိုက်၏။
အကယ်၍ ကျင်းလင်သည် အစကတည်းက သူမ၌ ဝတ်စရာ အဝတ်အစားကောင်းကောင်းမရှိဟု ပြောခဲ့ပါက ကျင်းယွင်ကျောင်းသည် နောက်တစ်ခေါက်လာသောအခါ သူမအား အဝတ်အစားအချို့ကို ပေးကောင်းပေးလိမ့်မည်ဖြစ်သော်လည်း သူမသည် ပရိယာယ်လှည့်စား၍ အတင်းအကြပ် တွန်းအားပေးရန် ရွေးခြယ်ခဲ့သည်။
သူမသည် သူတို့၏ သွေးသားတော်စပ်မှုကို အသိအမှတ်ပြုရန် ဆန္ဒရှိသော်လည်း သူမအား အခွင့်ရေးယူ အမြတ်ထုတ်ရန်တော့ ခွင့်မပြုနိုင်ပေ။
"ဒါတွေက ငါ့ရဲ့အဝတ်အစားတွေလေ။ ပြီးတော့ ငါက အဲဒီအဝတ်တွေကို ထပ်မဝတ်တော့ဘူး ဆိုရင်တောင်မှ အဲဒါတွေကို ဘာလုပ်ပစ်မယ်ဆိုတဲ့ ဆုံးဖြတ်ပိုင်ခွင့်က ငါ့ဆီမှာပဲ ရှိတယ်။ မင်း နားလည်လား"
ကျင်းယွင်ကျောင်းက မျက်ခုံးပင့်၍ ပြောလိုက်ပြီး ကျင်းလင်က သူမ၏ အိတ်ကို ရုတ်တရက် လှမ်းဆွဲလုလာသည်အား ရှောင်တိမ်းလိုက်သည်။
ကျင်းယွင်ကျောင်း၏ စကားကို ကြားသောအခါ ကျင်းလင်သည် ချက်ချင်းပင် မကျေမနပ်ဖြစ်သွား၏။
"အစ်မကြီး၊ နင် ဘာလို့ ဒီလောက်ကပ်တွက်နေတာလဲ။ နင့်ကိုယ်နင် ပြန်ကြည့်ဦး။ ငါနဲ့ အစ်မလတ်က အဝတ်အစားကောင်းကောင်းတစ်စုံတောင် မရှိတဲ့အချိန် နင်က ဒီလိုအဝတ်အစားလှလှလေးတွေ ဝတ်နေရတယ်။ ငါက နင့်ဆီက အဝတ်ဟောင်းတစ်ထည်ပဲ လိုချင်တာပါ။ ဘာများမှားလို့လဲ"
ထိုအခါ ကျင်းယွင်ကျောင်းသည် ဒေါသထွက်လွန်းသဖြင့် ဟားတိုက် ရယ်မိလိုက်သည်။ ဤကဲ့သို့ အတွေးအမြင်နှင့် စိတ်ထားရှိသူများကို သူမ နားမလည်နိုင်ပေ။
အခြားလူတွေက ပစ္စည်းတစ်ခုခုမရှိရင် သူမက သူမရဲ့ပစ္စည်းတွေကို သူတို့ဆီ ပေးရမယ်တဲ့လား။ ဒါက ဓါးပြဆန်တဲ့ အတွေးအခေါ်ကြီးပဲ။
"ကျင်းလင်၊ နင် ဆေးရော သောက်ပြီးပြီလား။ ဒီအင်္ကျီက ငါပိုင်တာမို့လို့ ငါ့စိတ်ကြိုက် လုပ်လို့ရတဲ့ အခွင့်အာဏာ ငါ့မှာရှိတယ်။ ပြီးတော့ အင်္ကျီရဲ့ဆိုဒ်ကိုလည်း ကြည့်လိုက်ဦး။ မင်း ဝတ်လို့ရမှာတောင် မဟုတ်ဘူး။ တကယ်လို့ မင်း ဝတ်လို့ရတယ်ဆိုဦးတော့၊ အင်္ကျီက မင်းရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်မယ်လို့များ ထင်နေတာလား"
ကျင်းယွင်ကျောင်းသည် အရပ် ၁၆၀ စင်တီမီတာကျော် ၁၇၀ စင်တီမီတာနီးပါး ရှိသူဖြစ်ပြီး သူမသည် ပိန်ပါးသော်လည်း ဖွံ့ဖြိုးသင့်သည့် နေရာများက ဖွံ့ဖြိုးနေဆဲပင်။ ရှောင်ဟိုင်ချင်း၏ ဖွံ့ဖြိုးထွားကြိုင်းမှုနှင့် မယှဥ်နိုင်သော်လည်း အချိုးအဆစ်ကျနသည်ဟု ယူဆနိုင်သည်။
ကျင်းလင်က ဆယ့်နှစ်နှစ်ပဲ ရှိသေးတော့ သူ့ရင်ဘတ်ကလည်း ပြားကပ်နေတုန်းပဲ။ သူ့အရပ်ကလည်း အနည်းဆုံး ခေါင်းတစ်လုံးလောက် နိမ့်တာတောင်မှ သူက ငါ့ရဲ့ အဝတ်အစားတွေကို ဝတ်ချင်နေသေးတယ်လား။
ကျင်းယွင်ကျောင်း၏ ဝေဖန်စကားကို ကြားသောအခါ ကျင်းလင်က ဆူပုတ်သွားပြီး မကျေမနပ်နှင့် ဒေါသထွက်စပြုလာသည်။
ဘာ အစ်မကြီးလဲ။ ငါက သူ့အဝတ်အစားတွေနဲ့ မတန်ဘူးလို့ ပြောပြီး ငါ့ကို လှောင်နေတာ။ သူ့ကိုယ်သူ အတော် အထင်ကြီးနေတယ်။ သူ့ရဲ့ရင်ဘတ်မှာ အသားပိုတွေ မရှိလို့လား။
သို့သော် ကျင်းယွင်ကျောင်း၏ အိတ်ကို မြင်သောအခါ ကျင်းလင်၏ စိတ်ထဲ၌ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားပြီးနောက် သူမသည် ပွစိပွစိရေရွတ်နေရင်း ကျင်းမင်ခိုင်အား ရှာရန် ပြေးသွားလေတော့သည်။
ဆယ့်နှစ်နာရီထိုးသောအခါ နေ့လည်စာ ပြင်ဆင်ပြီးသွားပြီ ဖြစ်၏။
ကျင်းရှို့သည် နေ့လည်စာ ဟင်းပွဲများကို ခူးခပ်ပြင်ဆင်ရင်း အလုပ်ရှုပ်နေပြီး တစ်မိသားစုလုံးက ထမင်းစားစားပွဲ၌ ထိုင်စောင့်နေကြသည်။
"မေမေ၊ အစ်မကြီးက သူ့အိတ်ထဲမှာ ရတနာများ ဖွက်ထားတာလား"
ထမင်းဝိုင်း၌ လူစုံသည့်အချိန်တွင် ကျင်းမင်ခိုင်က ရုတ်တရက် ခေါင်းမော့ကြည့်၍ မေးလာပြီး သူ၏ဘေးတွင်မူ ကျင်းလင်က ကျေနပ်နေသော မျက်နှာထားဖြင့် ထိုင်နေ၏။ သူမသည် ထိုင်ခုံပေါ်၌ နေမထိထိုင်မသာဖြင့် တွန့်လိမ်နေပြီး ဝမ်ရှင်းဖန်းဆီမှ ခွင့်ပြုချက်ရသည်နှင့် ကျင်းယွင်ကျောင်း၏ အိတ်ကို ချက်ချင်း ဆွဲလု၍ မွှေနှောက်ပစ်တော့မည့်အလားပင်။
ထိုအခါ ဝမ်ရှင်းဖန်းက မျက်မှောင်ကြုံ့လိုက်ပြီး ကျင်းယွင်ကျောင်းအား ကြည့်လိုက်သည်။
သို့သော် ကျင်းယွင်ကျောင်း၏ မျက်နှာပေါ်မှ အေးစိမ့်စိမ့်အငွေ့အသက်များက ဝမ်ရှင်းဖန်း၏ သတ္တိများအား လေလျှော့ခံလိုက်ရသော ပူဖောင်းတစ်လုံးကဲ့သို့ သုံးစားမရဖြစ်သွားစေ၏။
"ဘယ်လိုလုပ်ဖြစ်နိုင််မှာလဲ။ အထဲမှာ အဝတ်အစားတွေနဲ့ စာအုပ်တွေပဲရှိတာပေါ့။ မင်းတို့ကလေးတွေက ကိုယ်နဲ့မဆိုင်တာတွေကို ဝင်မပါသင့်ဘူး။ စားစရာရှိတာ မြန်မြန်စားကြ"
ကျင်းထျယ်ကျွင်းက အခြေအနေအား ဖာဖာထေးထေး ဝင်ပြောလိုက်သည်။