နောက်တစ်နေ့မှာတော့ အမရာတော်တော်နှင့် အိပ်ရာကမထနိူင်ပါ။
မနေ့က မနက်ပိုင်းပွဲတွေကြောင့် စိတ်ပင်ပန်းရတာရော၊ ညနေ သတိုးသမီးသင်ခန်းစာ သင်ကြားရတဲ့အချိန် ဒုမြို့စားကတော် ဘန်နသီရဲ့ ပညာပြချက်တွေကြောင့်ရော လူတစ်ကိုယ်လုံး ကိုက်ခဲနေတော့တာ . .
ခေါင်းပေါ်စာအုပ်တင်ပြီးလမ်းလျှောက်ခိုင်းတာကတင် ဘယ်နှစ်ကြိမ်မှန်းမသိအောင် အခေါက်ခေါက် အခါခါ. . .
ခါးကိုညွှတ်ပြီး အရိုအသေပေးနူတ်ဆက်တဲ့ အပြုအမှုဆိုတာလည်း မှန်ရဲ့သားနဲ့ သူမကြိုက်သေးဘူးဆိုပြီး အကြိမ်ကြိမ်ပြန်လုပ်ခိုင်းတာ. .
သည်လိုနှင့်မိသားစုထမင်းလက်ဆုံစားရမယ့်အချိန်ကို ရောက်လာခဲ့ပါတယ်။ မာဂရက်သာ နားတဲ့ရက်မို့လို့ စိတ်လွတ်ကိုယ်လွတ်ပဲ အရင်နေ့ကဝတ်ခဲ့တဲ့ ကိုယ့်အဝတ်အစားတွေထဲကပဲ စိတ်ကြိုက်ပြန်ရွေးချယ်ပြီး ဝတ်လိုက်ပါတယ်။
>>ဒီနေ့က သောမတ်ကောင်မလေးရောက်လာမယ့်နေ့မို့ သိပ်အလှတွေမပြင်ချင်ပါဘူး။ ဟိုမိန်းကလေးထက် ပိုလှနေတာမျိုး မဖြစ်ချင်ဘူးလေ. . .၊ နိုဘယ်တွေ အသိုင်းအဝိုင်းမှာ အပြိုင်အဆိုင်မလုပ်ချင်ရင် အစထဲက ဘယ်အရာမှ သွားမပြိုင်တာကောင်းတယ်။ အဲ့တာကြောင့် အမရာလည်း အလိုက်တသိနဲ့ ခြေတစ်လှမ်းနောက်ဆုတ်ပြီးနေပြလိုက်ချင်တာ<<
= = = = =
ဖရန့်စ္စရဲတိုက်ရဲ့ ထမင်းစားခန်းကြီးက ပေ ၄၀ခန့်ကျယ်ဝန်းပါတယ်။
ပြတင်းပေါက် ရှည်ရှည်ကြီးတွေကလည်း ဟိုးတစ်ဖက်ခြမ်းမှ တောအုပ်ကလေးတွေအထိကို မြင်နေရပါတယ်။ နေ့လည်ခင်းမို့ ရွှေအိုရောင်နေခြည်နွေးနွေးလေးက လင်းအားကောင်းနေပြီး အခန်းထဲမှ ငွေထည်ကြွေထည် ပန်းကန်ဇွန်းခရင်း အသုံးအဆောင်များကို ပိုပြီးတောက်ပြောင်သွားစေပါတယ်။
အသားကင်နံ့၊ လတ်ဆတ်တဲ့ ဟင်းခတ်အမွှေးအကြိုင်နံ့ ဟင်းချိုရနံ့တွေက အခန်းထဲကိုဝင်လိုက်တာနဲ့ ဗိုက်ကိုဆာလောင်သွားစေပါတယ်။
စားပွဲပေါ်မှာလည်း ပင်မအစားအစာအနေနဲ့ ဧရာမကျောက်ပုစွန်ကင် နှင့် Moules-frites လို့ခေါ်တဲ့ ဘယ်လ်ဂျီယံရဲ့ နာမည်ကျော် ဂုံးဟင်းတို့ကိုမြင်တွေ့ရပါတယ်။
DU LIEST GERADE
Beloved Amara (ချစ်သော အမရာ)
Romantikငါသိပ်မုန်းတဲ့မိန်းမတစ်ယောက်ကို အဲ့လောက်ထိငါချစ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားမိဘူး။ ငါ့နှလုံးသားက ငါ့ကိုသစ္စာဖောက်သွားခဲ့ပြီ အမရာ . ပြင်သစ်မင်းဆက်မှ ဆင်းသက်လာတဲ့သားတော်တစ်ဦးနှင့် မြန်မာပြည်မှ ဥရောပအနွယ်ဝင် မိန်းကလေးတစ်ဦးတို့ရဲ့ အမုန်းပြိုင်လ...
