အပိုင်း (၃၆) Roma - Be My Pet

5.4K 143 22
                                        

 နောက်တစ်နေ့ နံနက်မှာတော့ အမရာတို့ချစ်ဇနီးမောင်နှံ ၂ဦးဟာ အီတလီနိူင်ငံရဲ့ မြို့တော် ရောမ (Rome) သို့ ကုန်းလမ်းခရီးဖြင့် သွားရောက်ခဲ့ကြပါတယ်။

ရောမကိုရောက်ဖို့ နာပိုလီကနေ ၂ နာရီခွဲလောက်ပဲ ကားမောင်းခဲ့ရပါတယ်။ Naples နဲ့ ဘေးချင်းကပ်မှာ တည်ရှိတဲ့ မီးတောင်ပေါက်ခဲ့ဖူးတဲ့ Pompeii မြို့ဟောင်းကိုတော့ လမ်းမသင့်လို့ သွားမလည်ဖြစ်ခဲ့ပါဘူး။

ရောမရောက်ရင် ရောမလိုကျင့်ရတယ်ဆိုတဲ့ ဆိုရိုးစကားလေးတွင်ခဲ့ဖူးတဲ့ ရောမမြို့တော်ဟာ မြေထဲပင်လယ်ထဲမှာကျနေတဲ့ ဘွတ်ဖိနပ်လေးနဲ့တူတဲ့ အီတလီနိုင်ငံလေးရဲ့ အလယ်ဗဟိုမှာတည်ရှိပြီး၊ အနောက်တောင်ပိုင်း တာရေးနီးယမ်းပင်လယ်ရှိရာ ကမ်းစပ်ကို မေးတင်လို့မြို့ကလေး တည်ထားပါတယ်။ အီတလီရဲ့ အသက်သွေးကြောတို့ ပေါင်းစုရာ နှလုံးသားမြို့တော်လေးပေါ့။

ရာသီဥတုအားဖြင့်လည်း မြောက်ပိုင်းဥရောပနိုင်ငံတွေနဲ့မတူဘဲ အခြားစပိန်၊ ပေါ်တူဂီ၊ ဂရိတို့လို ဆောင်းတွင်းမှာတောင်စိမ်းစိုပြီး နေရောင်ခြည်နွေးနွေးလွင်လွင်ကို လှုံခွင့်ခြုံခွင့်ရတဲ့နိုင်ငံလေးပါ။

တစ်နိုင်ငံလုံး မြောက်ပိုင်းကလွဲရင် ပင်လယ်ပတ်လည်ဝန်းရံနေပေမယ့် အီတလီဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ စပိန်တို့ ပေါ်တူဂီတို့လို ပင်လယ်မုန်တိုင်းဒဏ်တွေကို ဘယ်တော့မှ အထူးတလှယ်မခံစားခဲ့ရပါဘူး။

ကုန်းပတ်လည်ဝန်းရံနေတဲ့ မြေထဲပင်လယ်ဒေသရဲ့အလယ်မှာ ရပ်တည်နေရတာမို့ ရေတက်ရေကျဒဏ်ကလွဲရင် ကျန်တဲ့ တိုင်ဖုန်းကြီးတွေလည်း သူ့ဆီကိုရောက်မလာနိုင်ကြဘူးလေ. . .

ပထဝီအနေအထားအရ ဥရောပရဲ့ အလယ်ဗဟိုအချက်အချာကျပြီး ရေလမ်းခရီးကလည်း လမ်းပန်းသင့်လေတော့ နဂိုထဲက လာဘ်မြင်ပြီးထက်မြက်တဲ့ ရိုမာန်လူမျိုးတွေဟာ ကျားကိုအတောင်ပျံတပ်သလို ဥရောပတခွင်မှာ ဓနဥစ္စာကို သူမတူအောင် ရှာဖွေစုဆောင်းနိုင်ခဲ့ကြပါတယ်။ ဂျာမဏီ၊ အင်္ဂလန်စတဲ့ ဥရောပနိုင်ငံတွေကအစ ရောမကုန်သည်သူဌေးကြီးတွေလာပြီဆိုရင် တည်းခိုဖို့ စားဖို့သောက်ဖို့ နေရာထိုင်ခင်းတွေ ရေပူစမ်းတွေနဲ့ ဧည့်ခံပြီးတော့ တဝမ်းတခါးအတွက် ပိုက်ဆံရှာခဲ့ကြရတာပါ။ အင်္ဂလန်ဆို ဆင်းရဲလွန်းလို့ လူတွေကိုပါ ငွေဝယ်ကျွန်အဖြစ် ရောမကိုရောင်းချခဲ့ရတဲ့ ခေတ်တစ်ခေတ် ရှိခဲ့ဖူးပါတယ်။

Beloved Amara (ချစ်သော အမရာ)Tempat di mana cerita hidup. Terokai sekarang