Chapter 66

589 106 0
                                    

လော့ဝမ်ချန် ကြက်သေသေသွားလေသည်။

ဒါဆို ဆယ့်ငါးနှစ်အရွယ်သူက ငါးနှစ်သားတုန်းက နေရာကို ပြန်လာပြီးတော့ အဲ့အချိန်မှာ လုချုံနဲ့တွေ့ခဲ့တာလား။

ဒါ ဘယ်လိုကံကြမ္မာကြီးလဲ။

ဒါပေမဲ့ ဘာလို့များ လုချုံက တစ်ခါလေးတောင် မပြောပြဖူးတာလဲ။

သူ ထိုအကြောင်းတွေကိုတွေးနေတုန်းမှာ လက်ရှိနေရာက အဖြစ်အပျက်တွေကတော့ အမြန်ရစ်ခလုတ်ဖြင့် အရစ်ခံလိုက်ရသည့်အလားပင်။ သူအောက်ပြန်ငုံ့ကြည့်ချိန်မှာ လော့ဝမ်ချန်အငယ်က ကျဥ်းမြောင်းသောပြတင်းပေါက်ကနေတဆင့် ခက်ခက်ခဲခဲတွားဝင်ကာ မြေပြင်ထက်၌ လဲနေသော လုချုံအားကြိုးဖြေပေးနေပြီ ဖြစ်လေသည်။

လော့ဝမ်ချန် ပြောစရာစကားမဲ့သွားရသည်။ ဆယ့်ငါးနှစ်အရွယ်သူက ဒီလိုမျိုး ရဲရဲတင်းတင်းနဲ့ တွယ်တက်ပြီး ရန်သူတွေအနားမှာ ရှိနေတာတောင် မသိတဲ့ သူစိမ်းကို ကယ်ပေးတယ်ပေါ့လေ။

အမှန်တွင် ရိုးသားလှသော လော့ဝမ်ချန်အငယ်လေးသည် သူနှင့်သက်တူရွယ်တူရှိသည့် လူငယ်အား လူကောင်းဟု အထင်ရှိကာ ကြမ်းကြုတ်ရိုင်းစိုင်းနေသူများသည် လူဆိုးဖြစ်ရမည်ဟု တွေးခဲ့သည်ပင်။ ထိုသို့သော ဖြစ်ရပ်မျိုးကို မမြင်ရလျှင် ကိစ္စမရှိသော်လည်း ယခုတော့ သူမြင်ခဲ့ပြီဖြစ်၍ မမြင်ချင်ယောင်ဆောင်လျက် ဆက်လျှောက်မသွားနိုင်ပေ။

ဆယ့်ငါးနှစ်အရွယ်လော့ဝမ်ချန်သည် သူ၏အသွေးထဲအသားထဲမှပင် ဖြောင့်မတ်မှန်ကန်လေ၏။

လုချုံကိုချည်ထားသည်က ကြိုးမဟုတ်သော်လည်း အလွန်ထူထဲလှသော စတီးဝိုင်ယာကြိုးဖြစ်ကာ အသားထဲ နစ်ဝင်တော့မတတ်အထပ်ထပ်ပတ်ထားလျက် တင်းကြပ်စွာ တုပ်နှောင်ထားသည်။ လော့ဝမ်ချန် အားကုန်သုံးကာ ဖြည်းဖြည်းချင်း ဖြည်လိုက်ရသည်။

ဖြည်နေစဥ်တွင်လည်း သူက နှစ်သိမ့်ပေးနေသေး၏။

'' ခဏလေး........ငါပြီးတော့မှာ။ မင်း ဟိုလူတွေဖမ်းတာခံခဲ့ရတာလား?''

သူသည် လုချုံမျက်လုံးကိုစည်းထားသော အဝတ်စနှင့် ပါးစပ်ထဲစို့ထားသော အဝတ်စို့ကို ဖယ်ရှားပေးလိုက်သည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now