PART 39
“ရှင်းပြကြည့်...”သပိတ်သည် ထိုင်ခုံတစ်လုံးကို ခြေထောက်ဖြင့်ဆွဲသွားပြီး ပန်းဧကရာဇ်ရှေ့တွင်ချပေးလိုက်၏။ သူ စားပွဲပေါ်တင်ပါးလွှဲကာ လက်ပိုက်ထားသည့်အနေအထားနှင့် ပန်းဧကရာဇ်ပြောလာမည့်အကြောင်းအရာကို နားထောင်ဖို့ အသင့်ပြင်ထားသည်။
“ပထမဆုံး...မပြောပြခဲ့တာက မယ်မယ်တို့ကိုကြောက်လို့ပါ”
သပိတ် ခေါင်းတစ်ချက်ညိတ်သည်။
“ငါ့ကိုရော မင်းကြောက်စရာလိုခဲ့လို့လား ခေတ်နေ့ဆက်ဆိုရင်...”
“နေ့ဆက် လုံးဝမဟုတ်ပါဘူး....”
“ဘာကိုယုံကြည်ပြီး မင်းကမဟုတ်ဘူးပြောနိုင်တာလဲ။ အသိစိတ်လွတ်တဲ့အထိ မင်းတို့အဖွဲ့ မူးရူးခဲ့တာဆို ဘယ်သူမှန်းမသိခဲ့ဘူးဆို... "
“ဧအသိလွတ်ခဲ့တာမှန်ပါတယ် ဒါပေမဲ့ နေ့ဆက်မဟုတ်ဘူးဆိုတာ ဧအသိဆုံးမို့ပါ ကို... တကယ်ပါ ဧမလိမ်ပါဘူး”
“တကယ်ကို ဘယ်သူလို့ မသိဘူးလား”
“ဟုတ်...။ မသိတဲ့အတွက် ကို့ဆီကို အကူအညီလာတောင်းခဲ့တာပါ။ ဧ လူမသိသူမသိနဲ့ဒီလိုအခြေအနေဖြစ်သွားတာကို မယ်မယ်များသိသွားရင် ဆိုတဲ့အဖြစ်ကိုတောင် မတွေးရဲတဲ့အထိအကြောက်လွန်ပြီး အကူအညီမဲ့နေလို့ ကို့ဆီအကူအညီလာတောင်းတာပါ။ မယ်မယ့်ကိုကြောက်လို့ပါ... တော်ဝင်ကို ဘယ်သူနဲ့ရလဲ မေးရင် ဧမသိဘူး၊ မယ်မယ်သိရင်သေသွားလိမ့်မယ်၊ သူ့ဆွေဂုဏ်မျိုးဂုဏ်တန်ဖိုးကို ဧကြောင့် ဂုဏ်သိက္ခာထိခိုက်ပျက်စီးပြီး နာမည်ပျက်သွားလိမ့်မယ်... ဧကြောင့် မယ်မယ့်ဂုဏ်...”
သူမရင်ဘတ်ကိုသူမပုတ်ရင်း စကားရပ်သွားသည့် ပန်းဧကရာဇ်ဆီမှ ထိခိုက်နာကျင်နေသောမျက်ရည်စတို့ကို သပိတ်က ဒီအတိုင်း ထိုင်ကြည့်နေသည်။
“အဲဒီဂုဏ်က ဘာများ မက်မောစရာရှိလို့လဲ... ပြောပါအုံး... မင်းအပေါင်းအဖော်တွေထဲက ဘယ်သူ့ကို မင်းသံသယဝင်မိတာရှိလဲ တစ်ယောက်ယောက်ဖြစ်ဖြစ် ဘယ်သူလို့ထင်လဲ”
“မသိတော့ဘူး...”
ဧ တကယ်မသိနေပါ။
ထိုတုန်းက ကိုနှင့်စေ့စပ်ပွဲလမ်းကြောင်း ဖျက်သိမ်းခံရမှုကြောင့်အရှက်ကွဲခံရသည်၊ ဆွေတော်မျိုးတော်တို့အသိုင်းအဝိုင်းကြားမှာ သူ့နာမည်ငယ်ရတော့မည်ဆို၍ မယ်မယ်က ဧကိုဓါးကြိမ်းကြိမ်းကာ စိတ်အဆိုးကြီးဆိုးသွားသည်။ ဧကို သမီးအဖြစ်ပါစွန့်လွှတ်မည်ဟု ကြွေးကြော်ပြီး ဧကိုစံအိမ်မှာမထားတော့ဘဲ နေချင်သည့်နေရာမှာသွားနေဟု ဆိုကာ စွန့်လွှတ်ခဲ့သည်။
YOU ARE READING
သူ့ထံသို့အပ်နှံထားသော ငါ၏ချစ်ခြင်း ထာဝရရှင်သန်စေသတည်း...
Romanceကိုကိုနဲ့ ညီမလေး ဇာတ်လမ်း