Unicode
တိမ်စိုင်နဲ့ဝူဝူပြန်သွားတော့ အဲလက်စ်နဲ့ဂျွန် ကိုရီးယားစာရောင်းသည့်ဆိုင်ခွဲဆီသို့လာခဲ့ကြသည်။ဂျွန်တို့ရုံးအောက်ထပ်မှာဖွင့်တဲ့ဆိုင်က မြန်မာအစားအစာရောင်းတဲ့ဆိုင်။အဲလက်စ်လည်းကြိုက်ပေမယ့် ဒီနေ့ဖြစ်ထားတဲ့မျက်နှာပူစရာအဖြစ်အပျက်ကြောင့် ဂျွန်အဲ့ဆိုင်မှာမထိုင်ချင်ပေ။ကိုရီးယားဆိုင်ကိုရောက်တော့ ကားရပ်ထားခဲ့ပြီး ဆိုင်ထဲဝင်လာခဲ့ကြသည်။
"သူဌေး ဆိုင်စာရင်းတွေစစ်မလို့လား"
ဂျွန်ဝင်လာတော့ ကောင်တာကဝန်ထမ်းမလေးတစ်ယောက်လှမ်းမေးသည်။
"မစစ်ဘူး ဒီနေ့ငါအဲလက်စ်နဲ့ဆိုင်လာထိုင်တာ Vip room အားလား"
"အားတယ်သူဌေးတစ်ခန်းလွတ်သေးတယ်"
ဂျွန့်ဆိုင်တွေက သမရိုးကျဆိုင်မဟုတ်။ဆိုင်အတွင်းပိုင်း၊အပြင်ပိုင်း အပြင်အဆင်အားလုံးကို ငွေကြေးအကုန်အကျခံပြီး စားသောက်သူတွေမျက်စိကျအောင် ပုံစံဆန်းဆန်းဖြင့်ပြုလုပ်ထားသည်။ဆိုင်အတွင်းထဲမှာတင် တစ်ကန့်စီထိုင်ကာစားသောက်နိုင်သည့်နေရာရှိသလို၊ လုပ်ငန်းအကြောင်းဆွေးနွေးမည့်သူများ၊မွေးနေ့ကျင်းပမည့်သူများအတွက်လည်းသီးသန့်ခန်းတွေထားရှိပေးထားသည်။
ဂျွန်နဲ့အဲလက်စ် ဆိုင်ဝန်ထမ်းခေါ်ရာအခန်းဆီသို့ဝင်လာခဲ့ကြသည်။အဲလက်စ်နည်းနည်းတော့စိတ်ပူနေမိသည်။ဘာကြောင့်လဲဆိုတော့သူနဲ့ဂျွန်စားသောက်ဆိုင်လာတိုင်း အပြင်ဘက်အခြမ်းမှာပဲ အခြားစားသုံးသူများကြားတွင် တစ်ဝိုင်းထိုင်လေ့ရှိသည်။သို့ပေမယ့် ယခုတွင်တော့ ဂျွန်ကသီးသန့်အခန်းကိုရွေးယူလိုက်တာကြောင့် အသည်းများကွဲနေသလားထင်မှတ်မိသည်။
အဲလက်စ် ဂျွန်နဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်ပြီး စားပွဲထိုးကို ဘူလ်ဂိုဂီလို့ခေါ်တဲ့ဝက်သုံးထပ်သားကင်နဲ့ ဆိုဂျူတစ်ပုလင်း၊မက်ဂျူတစ်ပုလင်းမှာလိုက်သည်။အဲလက်စ်ကအရက်သောက်နိုင်ပေမယ့် ဂျွန်ကတော့မသောက်နိုင်။တစ်ငုံဝင်ရုံနှင့်တင် လူကချာချာလည်နေတတ်သည်။ထို့ကြောင့် သူသောက်ဖို့အတွက်ပဲမှာလိုက်သည်။
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20