Ch 49

166K 10.6K 1.2K
                                    

Unicode

"ဆရာ.....ဟို......ချိန်းထားတာက ဘယ်နေရာမှာလဲ ဟင်"

ချယ်ရီ driver seat ဘေး ထိုင်နေရာမှ ကားကိုအာရုံစိုက်မောင်းနေသည့်ဆရာ့ကို မ၀ံ့မရဲ လှည့်ကြည့်ကာမေးမိသည်။ မမေးလို့လဲ မရ။ မနက် Galaxy လုပ်ငန်းစုမှ အစည်းအဝေးပြီးသည်နှင့် ပဲခူးထိ မောင်းလာသည့်ကားသည် ပဲခူးမြို့တွင်း ကော်ဖီဆိုင်တစ်ဆိုင်၀င်ကာ ကော်ဖီတစ်ခွက်၀ယ်ပြီးသည်နှင့် လာရာလမ်း အတိုင်းပြန်လှည့်လာသည်လေ။ ထို၀ယ်လာသည့်ကော်ဖီတစ်ခွက်ကိုလည်း သူ့ကိုပေးကာ *ခေါင်းကြည်အောင်သောက်လိုက်ချယ်ရီ* ဆိုသည့် ဆရာ့စကားကြောင့်ချယ်ရီတစ်ယောက်ကြောင်​တောင်တောင်မော့သောက်ရသေးသည်။ သူ့ကိုကော်ဖီ၀ယ်တိုက်ဖို့တစ်ခုတည်းနှင့်ပဲခူးထိမောင်းလာတာတော့ မဖြစ်နိုင်။ ညကတစ်ညလုံး မအိပ်ပဲ OT ဆင်းကာပြင်ဆင်လာရသည့် တင်ဒါနှင့် ပတ်သတ်သည့်စာရွက်စာတမ်းများသည်လည်း လက်ထဲတွင် ဒီအတိုင်းပင်။

"ကိုယ် ဘယ်သူနဲ့မှမချိန်းထားပါဘူး ချယ်ရီ"

"ရှင်"

ဆရာ့အဖြေကြောင့်ချယ်ရီမျက်လုံးအ၀ိုင်းသား။ အမြတ်ကြီးကြီးမားမားရမည့်စီမံကိန်းအကြီးစားဖြစ်သည့်အပြင်အမေရိကန် company မှ လာရောက်ရင်းနှီးမြုပ်နှံသည့်လုပ်ငန်းလည်းဖြစ်သည်ကြောင့် လိုချင်သည့် သူ၀ိုင်း၀ိုင်းလည်နေသည့်အထဲမှ PARAGON လုပ်ငန်းစုနှင့်တွေ့ဆုံရန်ရွေးချယ်လာခြင်းသည် ရတောင့်ရခဲအခွင့်အရေးပင်။ သို့သော် အခုတော့ ချယ်ရီ့ဆရာဖြစ်သူ ဦးဝေလင်းရှိန်ကတော့ တစ်ဖက်ကကိုယ်စားလှယ်နှင့် တွေ့ဆုံမှုကိုလျစ်လျူရှုကာ ကော်ဖီတစ်ခွက်၀ယ်ပြန်လာခဲ့လေပြီ။ သို့သော် တင်ဒါကိစ္စခေါင်းစဥ်တပ်ကာ ဆွဲထားသည့် schedule အချိန်အတွင်း ကိုယ်ဘယ်သူနဲ့မှ မချိန်းထားပါဘူး ဆိုသည့်ဆရာ့စကားကို ချယ်ရီနားမလည်တော့။

"ဆ...ဆရာ.....ချယ်ရီမနေ့က ဟိုဘက်ကိုယ်စားလှယ်နဲ့ဖုန်းပြောတော့ ဒီနေ့တွေ့မယ်လို့ကြိမ်းသေပြောလိုက်ပါတယ်ဆရာ"

"ဟိုဘက်လုပ်ငန်းကိုယ်စားလှယ်လား"

"ဟုတ်ကဲ့ဆရာ"

"အင်း.....တစ်ဖက်လုပ်ငန်းကိုယ်စားလှယ်က အနောက်မှာအိပ်လိုက်လာတဲ့ကောင်ပဲ။ လုပ်ငန်းကိစ္စဆွေးနွေးတာတို့ လက်မှတ်ထိုးတာတို့ကတော့ ဒီကောင်နိုးလာမှလုပ်လိုက်တော့"

သက်ဆိုင်သူ (Unicode+Zawgyi)Where stories live. Discover now