သီတင်းကျွတ် လက်ဆောင် (၁)

83.6K 5.7K 1.8K
                                    

Unicode

"ဖေဖေနဲ့မေမေကို သားတို့ ကန်တော့ပါတယ်"

"ကာယကံ၊ ဝဇီကံ၊ မနောကံနဲ့ ပြစ်မှားခဲ့မိတာရှိရင် ကျွန်တော်က ဝန်ချတောင်းပန်ပါတယ်"

ကန်တော့ခံနေသည့် သူသည် သူရိန့် ဖေဖေနဲ့မေမေဖြစ်ပြီး ကန်တော့နေသည့် သူသည် သူရိန်နှင့် ဦးဝေဖြစ်သည်။

ကြက်ပေါင်း၊ ငှက်သိုက်၊ နှို့မှုန့်၊ အိုဗာတင်း၊ ဂျင်ဆင်းရည်၊ ပုဆိုး၊ လုံချည်၊ ပခုံးတင်ပဝါ၊ ကျောက်စိမ်းစိပ်ပုတီး စသည့် သူရိန်ကိုယ်တိုင်လိုက်ရှာဝယ်ထားသည့် ကန်တော့ပစ္စည်းအစုံအလင်နှင့် ဒီနှစ်သီတင်းကျွတ်ကို သူရိန်တို့က ဖေဖေနဲ့မေမေကို လာကန်တော့ခြင်းဖြစ်သည်။ ဒီပစ္စည်းတွေကို သူရိန်က နှစ်စုံဝယ်ထားတာဖြစ်ပြီး တစ်စုံကို သီတင်းကျွတ်မရောက်ခင် တစ်ပတ်အလိုက အမေရိကရောက်အောင်ပို့ထားပေးခဲ့ပြီးဖြစ်သည်။ ဒီနေ့မနက်က video call ခေါ်ကာ ဘဘကြီးကို ကန်တော့ခဲ့ပြီးဖြစ်သည်။ အမေဖြစ်သူကို သတိရသည်ကြောင့်ထင်ပါ၏ ဦးဝေက အဖေ့ကို ကန်တော့ပြီး အခန်းထဲထိုင်ကာ မိခင်ဖြစ်သူဓါတ်ပုံကို အချိန်တော်တော်ကြာသည်အထိ ကြည့်နေခဲ့သည်လေ။ သူရိန်လုပ်ပေးနိုင်တာ ခပ်ငြိမ်ငြိမ်အနားမှာ ထိုင်ပေးနိုင်တာကလွဲဘာမှ မရှိသည်ကြောင့် စိတ်မကောင်းပါ။

ညနေတွင်တော့ ဖေဖေနှင့်မေမေကို ကန်တော့မည်ဆိုတော့ ဦးဝေပါလိုက်ခဲ့ပေးသည်က သူရိန့်ကို အတိုင်းမသိပျော်ရွှင်စေရပါသည်။ ဒါက ဒီနှစ်တွေအတွင်း သီတင်းကျွတ်ကန်တော့ဖို့ သူရိန်တို့ အိမ်ကို ပထမဆုံးအကြိမ်ဦးဝေလိုက်ခြင်းပင်။ ဦးဝေပါလိုက်ပါလာကာ ဦးချကန်တော့တော့ မေမေက မျက်ရည်မဆည်နိုင်စွာကျ၏ ဖေဖေကတော့ အပြုံးခပ်ရေးရေးနှင့်သာ နေရင်း မေမေ့ကို နှစ်သိမ့်ပေးနေသည်လေ။

"အေးကွာ....ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ စိတ်၏ ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။ ရေစက်ရှိလို့ကြုံဆုံရတဲဘဝမှာ ဘဝတစ်လျှောက်လုံး ဒီအိမ်ထောင်ရေးက ကောင်းမွန်တဲ့ရေစက်တွေအဖြစ်တည်ရှိနေပါစေ။ ဒီလိုမျိုး ခင်ပွန်းကြီးဆယ်ပါးကိုရိုသေဂါရဝပြုရတဲ့အကျိုးကျေးဇူးက သံသရာအဆက်ဆက်ကောင်းကျိုးတွေရရှိခံစားနိုင်ပါစေ။ လက်ရှိဘဝမှာလည်း ကောင်းမွန်သောအကျိုးကို လက်ငင်းဒိဋ္ဌရရှိနိုင်ပါစေ။ သိတတ်ခြင်းဆိုတာလုပ်ယူလို့ရတဲ့အရာမဟုတ်တာကြောင့် အဖေတို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ သားသမီးကပေးတဲ့ ဆန်တစ်စေ့ကတောင် မိဘတွေက သိပ်တန်ဖိုးထားကြတာမဟုတ်လား။"

သက်ဆိုင်သူ (Unicode+Zawgyi)Where stories live. Discover now