Unicode
နေရောင်ခြည်နုထွေးထွေးက ပြတင်းမှ ဖြတ်ဝင်တော့ အိပ်ရာပေါ်ကနေသူရိန်လူးလွန့်ထလိုက်သည်။ နာရီကိုလှမ်းကြည့်မိတော့အချိန်က ကိုးနာရီတောင်ခွဲနေပြီ။ ခြေရင်းနားကအလုပ်စားပွဲပေါ်ပြန့်ကျဲနေသည့် စာရွက်တွေက သူရိန်ညက ညနက်တဲ့အထိ project တွေနဲ့ လုံးပန်းထားရခြင်းသက်သေ။ ဦးဝေ အလုပ်သွားရင်ဝတ်ဖို့ ညက ထုတ်ပေးထားသည့် အင်္ကျီက စားပွဲပေါ်မရှိတော့ဘူးဆိုတော့ ဦးဝေအလုပ်သွားပြီထင်၏
ညောင်းညာနေသည့်ကိုယ်ကို တစ်ချက်အကြောဆန့်ပြီးမှ တစ်ခုခုကို သတိရသည့် သူရိန်ကမျက်လုံးတွေလက်ခနဲ။ လှစ်ခနဲအိပ်ရာပေါ်မှ ထပြေးသည့် သူ၏ ဦးတည်ရာက ဦးဝေစာကြည့်ခန်းထဲကိုဖြစ်သည်။
ပထမဆုံးတာဝန်ယူထားသည့် အလတ်စား project တစ်ခုကို ညကလက်စသတ်ပြီးတာကြောင့်ရော ဦးဝေဆီက ချီးကျူးမှုရထားတာကြောင့်ပါ သူရိန် ဒီနေ့တော့ စိတ်တွေအတော့်ကိုကြည်လင်နေ၏ ပြီးတော့ ဒီနေ့ကဘာနေ့မို့လို့လည်း....သူရိန်သိပ်ကိုတန်ဖိုးထားရသည့် နေ့။ ဦးဝေနဲ့သူရိန်တို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့။
စာကြည့်ခန်းတံခါးကိုသူရိန်ခပ်ဖြည်းဖြည်းဖွင့်ရင်း ခေါင်းလေးအရင်ဝင်ကာ အခန်းကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။ တိတ်ဆိတ်နေသည့်အခန်းတွင်း စာရွက်နံ့ခပ်သင်းသင်းနဲ့ ဦးဝေသုံးနေကျ ရေမွှေးနံ့ တို့က ရောယှက်နေ၏ တစ်လှမ်းချင်းခပ်ဖြည်းဖြည်းဝင်ရင်း စားပွဲပေါ်ကိုလှမ်းကြည့်တော့ ရင်ခုန်နှုန်းက တလှပ်လှပ်။ သူရိန်ပြုံးလိုက်မိ၏
"ရှိနေတာပဲ"
ခပ်တိုးတိုးရေရွတ်မိသည့်အသံကအနိမ့်အမြင့်တို့မညီချင်။ ဦးဝေနဲ့ပတ်သတ်ရင် ဘယ်အချိန်ရောက်ရောက်သူရိန့်ရင်ခုန်နှုန်းတွေက လတ်ဆတ်သစ်လွင်နေဆဲ။ တစ်လှမ်းချင်းခပ်ဖြည်းဖြည်းသွားတော့ ထောင့်စွန်းကိုဖန်လုံးလေးနဲ့ဖိထားသည့် ပန်းချီကားချပ်လေးတစ်ခု။
စာရွက်၏ထောင့်စွန်းလေးတွေကနေယှက်ဖြာနေသည့် သစ်ခွပန်းရောင်စုံလေးတွေက ဦးဝေကိုယ်တိုင်ဆေးနဲ့စုတ်တံသုံးပြီးဆွဲထားတဲ့ပန်းချီလက်ရာလေး။ ဆေးသားတချို့ခြောက်စပြုနေပေမယ့် တချို့နေရာတွေကတော့ မခြောက်သေး။
YOU ARE READING
သက်ဆိုင်သူ (Unicode+Zawgyi)
General Fictionpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။