For Unicode
စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်များဟာ
မြဲတည် အတွက် ရွှေထက်ပင် အဖိုးတန်သော
နေ့ရက်များပင်ဖြစ်သည်။ငယ်စဉ် ဖွားဖွားနဲ့ နေခဲ့ရတုန်းက မွေးမြူပေးခဲ့သည့် စာဖတ်အကျင့်ကြောင့် မြဲတည် က စာအုပ်ဆိုရင် ထမင်းမေ့ဟင်းမေ့ ကိုဖတ်တတ်သည်။
သူအကြိုက်ဆုံးတွေကတော့ ဂမ္ဘီယလျို့၀ှက်သည်းဖို ဆန်ဆန် စာအုပ်တွေပဲဖြစ်ကာ တြိစက္က မင်းသိခ် အစရှိသည်တို့ကို ပိုကြိုက်သည်။
မြဲတည်တို့အရွယ်တွင် ရည်းစားသနာကိစ္စတွေ အစပြုနေတာတွေ ရှိနေပေမယ့်လည်း
သူကတော့ သူ့ကမ္ဘာသေးသေးလေးထဲမှာကို ပျော်မြူး၍မ၀နိုင်သေး။ဒေါက်တာမင်းထင်ကျော်တို့ ဆားပုလင်းနှင်းမောင် တို့၏ စွန့်စားခန်းတွေနှင့် ကာတွန်းဆိုလျှင်လည်း တွတ်ပီ ၊ဘေဘီဗွက်ကလုံ တို့ကအစ ဖတ်လေ့ရှိသေးသည်။
" အန်တီ....တွတ်ပီကလေ ကြုံတိုင်းရွာမှ ကျားသောင်းကျန်း မရှိဘူးလား "
စာရင်းမှတ်နေသည့်အန်တီကြီးက မထူးဆန်းသလိုပြုံးကာ ခေါင်းယမ်းရင်း
" မြဲတည်ရယ်...နင်အလွတ်မရသေးဘူးလား။ တစ်ပါတ်ခြားတစ်ခါဖတ်နေတာ "
" ကျွန်တော်က အဲ့တာကို သိပ်ကြိုက်တာ။ မဖတ်ရမနေနိုင်ဘူး..ရောင်း ပါဆိုတော့ အန်တီကမရောင်းပဲနဲ့ "
" အငှားသွက်တဲ့ စာအုပ်တွေဟဲ့ ရောင်းလို့ဖြစ်တာမဟုတ်ဘူး!
ဟိုဘက် စင်ထောင့် ရှာကြည့်ပါအုံး။မေန့ကလာအပ်ပါတယ် "" ဒါဆို ဒီသုံးအုပ်အရင်မှတ်ထားပေးအုံးနော် အန်တီ "
သူယူထားတဲ့ စာအုပ်သုံးအုပ်ကို စားပွဲပေါ်တင်လိုက်ပြီး ဟိုးဘက်ထောင့်က စင်တန်းတွေဆီ ထွက်လာခဲ့သည်။
အန်တီဖြူ တို့ စာအုပ်ဆိုင်ဟာ စာအုပ်အဟောင်းတွေရော အသစ်ထွက်သည့်စာအုပ်တွေ တပြေးညီ တင်နိုင်သူဖြစ်သည်။ ထို့အပြင် သူတို့လို ကျောင်းသားတွေအတွက် လိုအပ်သည့် မီးနင်း စာအုပ်တို့၊ အထူးထုတ်တွေတို့ကိုလည်း တစ်ဖက်မှာ ရောင်းချသေးသည်။