For Unicode
ကော်ဗူးကြီးများဖြင့် ထည့်ထားသော အသားတုကြော် နှင့် ငါးပိကြော် တို့ကို ကြိမ်ခြင်းထဲပြောင်းထည့်ကာ ကျန်နေသေးသော ကြက်သားကြော်ဗူးကို ကော်ဖီထုတ်များနှင့်အတူ ရောထည့်လိုက်သည်။
ထို့နောက် ဖေဖေက မြို့ထဲရှိကားဂိတ်သို့ မြဲတည်တို့ သားအမိနှစ်ယောက်ကို လိုက်ပို့ပေးကာ မန္တလေးဘက်သို့ထွက်မည့် ဒိုင်နာ ကားတစ်စီးပေါ် တင်ပေးသွား၏။
ကော်လံပါသည့် အရောင်စင်းတီရှပ်နှင့် ဂျင်းဘောင်းဘီအသစ်တစ်ထည်ကို ၀တ်ထားရသော မြဲတည်သည် လူကြားထဲ တွင် နေရခက်နေသည်။
မမခိုင်တို့ ကျောင်းကို မြဲတည် သိပ်မလိုက်ဖြစ်ပါ။ အမြဲလိုလို ဖေဖေနဲ့မေမေသာ သွားကြတာဖြစ်၏။
အခုဖေဖေ့အလုပ်က အရေးကြီးတာကြောင့် အထုတ်တွေ ကူဆွဲရန် မြဲတည် ကျောင်းကနေခွင့်ယူကာ လိုက်ခဲ့ရခြင်းဖြစ်၏။မေမေက သူမ၏နံ့သာဖြူ ယပ်တောင်လေးခပ်ကာ ဘေးက အဒေါ်ကြီးတစ်ယောက်နှင့် စကားလက်ဆုံကျနေသည်။ ဆေးကျောင်းသူ သမီးတစ်ယောက်ဖြစ်သော မမခိုင်၏ အကြောင်းကတော့ မပါမဖြစ်ပါပင်။
မူးနောက်ရီဝေအောင် ကားစီးလာရပြီးနောက် မမခိုင်တို့ ကျောင်းအထိ သူတို့ ကားတစ်ခါငှားစီး၍ လာရပြန်သည်။
မြဲတည်က ကားမူးတတ်သူမဟုတ်သော်လည်း အခုမူအနည်းငယ် ခေါင်းနောက်နေပြီ ဖြစ်သည်။
မေမေတို့က တွေ့နေကျဖြစ်ဟန်တူသော ကျောင်းထဲရှိ စားသောက်ဆိုင်တန်းများဆီသို့၀င်ကာ ဆိုင်တစ်ဆိုင်ကို ရွေးပြီး ထိုင်လိုက်သည်။
လှပကျော့မော့သော အစ်ကိုကြီး အစ်မကြီးတွေကလည်း ဆိုင်အနှံ့မှာရှိနေကာ မြဲတည်ပင်လျှင် အားကျတတ်ကြွလာရသည်အထိပင်။" ဒီကို ကော်ဖီ တစ်ခွက် ပါကွယ် "
မေမေက လှမ်းအော်တော့ စားပွဲထိုးအစ်မကြီးတစ်ယောက် ပြေးလာကာ။ ကော်ဖီထုတ်နာမည်တွေ ရွတ်ပြသည်။ မေမေကတော့ သူသောက်နေကျ gold roast ကိုသာ မှာ၏။
မြဲတည်ကတော့ ဘာမှာရမှန်းမသိတာကြောင့် အအေးတစ်ဗူးပဲ မှာလိုက်သည်။