for Unicode
ငယ်ငယ်ကတည်းက ကြားဖူးခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။ ပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းဟာ တံခါးတစ်ခုစာလေးပဲခြားနားသတဲ့။မြဲတည်တို့နှစ်ယောက် ညနေခင်း နေ၀င်ရီတရောအချိန်ထိ နေရာအနှံ့သွားခဲ့ကြပြီး ၀င်လုလုနေလုံးကြီးကိုပါ ကြည့်ခဲ့ကြသေးတယ်။
အိမ်အပြန်မှာ နှဖူးပြင်ဆီကိုအနမ်းဖွဖွကိုလက်ခံရရှိခဲ့ပြီး တစ်လောက လုံးက အလင်းရောင်တွေ သူ့ဆီ စုပြုံကျရောက်နေသလိုကို ထင်ခဲ့ရတဲ့ လပြည့်ည တစ်ည ဖြစ်ခဲ့တယ်။
ခြံတံခါးကိုဖွင့်ပြီး အိမ်ထဲ၀င်လိုက်သည်နှင့် မေမေရယ်မေမေရယ် မမခိုင်ရယ်ကို တစ်စုတစ်စည်းထဲ တွေ့လိုက်ရတာမို့ မြဲတည် ခြေလှမ်းတွေ ရို့ သွားကာ မလုံမလဲ စိတ်ကြောင့် အပြုံးတွေကို ပိုပြီး အရှိန်တင်လိုက်တယ်။
ဖေဖေ့ရဲ့မျက်နှာက အရင်လိုသူ့အပေါ် နားလည်မှုတစ်ချို့ မရှိတော့သလိုကင်းစင်နေကာ တည်တံ့ပြီး အေးစက်နေ၏။
မမခိုင်ကတော့ စိတ်ရှုပ်ထွေးသည့်အမူအယာနှင့် မြဲတည်ကို ကြည့်နေပြီး မေမေ့လက်ကို ခပ်ဖွဖွကိုင်ထားသည်။
" မြဲတည် လာထိုင် "
" ဟုတ် "
အေးစက်ကာအာခေါင်တွေ ခြောက်သွေ့လာတဲ့ အထိ ကြောက်ရွံ့မှုက သူ့ထံ၀င်ရောက်လာသည်။ ကိုကြီးမိုးရိပ်များ လာပြောလိုက်လေပြီလားဟူသည့်အသိဖြင့် သူမည်သူ့မျက်နှာမှပင်ရဲရဲမကြည့်ဝံ့တော့။
" ဘယ်ကပြန်လာတာလဲ "
ဖေဖေက အသက်ရှူသံပြင်းပြင်းကို ချုပ်ထိန်းထားရဟန်ဖြင့်မေးတော့ မြဲတည် တစ်ယောက် ပေါင်ပေါ်တင်ထားသည့် လက်ကလေးကိုဖိဆုပ်ကာ တဖြည်းဖြည်းချင်း မျက်လုံးချင်းဆုံအောင်မော့ကြည့်လိုက်ရတယ်။
" ကောင်း မှု တော် ပါဖေဖေ "
" ဘယ်သူနဲ့သွားတာလဲ ထည့်ပြော ဟေ့ကောင်! တစ်လုံးချင်းေဖြမေနနဲ့ "
" ဖေကြီး စိတ်လျှော့"
" အို ဖေဖေ စိတ်လျှော့ပါ "
မေမေနဲ့ မမခိုင်အသံကပါ တစ်ပါတည်း ထွက်လာပြီးတဲ့နောက် မြဲတည် စကားဆက်ပြောဖို့ကို ပို၍ တွန့်ဆုတ်သွားတယ်။ သူ့ကမ္ဘာကြီးတစ်ခုလုံး ဟင်းလင်းပြင်ဖြစ်သွားသလိုခံစားရပြီး တည်ရှိမှုတစ်ခုလုံးကို ဖျောက်ပစ်လိုက်ချင်တဲ့ ခံစားချက်။