For Unicode
"ခိုင် လိုက်မသွားရဘူးနော် "
ထိုစကားကိုကြားကြားချင်း မြဲတည် ကြက်သီးတို့ ထသွားကာ မဝံ့မရဲဖြင့် ရုန်းလိုက်မိသည်။ ကိုကြီးမိုးရိပ်ကတော့ ချက်ချင်းပင် ဆက်သ၀ဏ်အား တွန်းလိုက်ပြီး
" မင်း ဘယ်လိုခေါ်လိုက်တာလဲ ဟေ့ကောင်"
မိုးရိပ်က သွေးဆူနေသလောက် သ၀ဏ်က အေးတိအေးစက်နိုင်လွန်းလှသည်။ပုံစံက မခန့်သွေးသွမ်းချင်သည့် မျက်နှာထားမျိုးပင်ရှိ၏။
" ကြားလိုက်တဲ့အတိုင်းပဲ "
" မင်း! "
" ကိုကြီးမိုးရိပ်တော်တော့...လာ သွားစို့။ သားက အကြာကြီးနေမရဘူး "
မြဲတည်က မိုးရိပ်လက်ကို၀င်ဆွဲကာ အတင်းခေါ်တာတောင် သိပ်ခေါ်မရချင်။ ထိုလူနှစ်ယောက်က မီးစတွေလိုမျိုး အချင်းချင်းတောက်လောက်ရန် အသင့်ပြင်နေကြသည့်အနေအထားမျိုးတွေမို့။
မိုးရိပ်ကို ဆွဲခေါ်သွားတာကို သ၀ဏ်က မလှုပ်မယှက်ပင် စိုက်ကြည့်နေကာ မျက်နှာထက်တွင်လည်း မထီတရီ အပြုံးတို့ ပျောက်သွား၏။ မိုးရိပ်နှင့် မြဲတည် တို့၏ စက်ဘီးလေး မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားသည့်တိုင် သ၀ဏ်သည်ငြိမ်သက်စွာ ရပ်ကျန်လျှက်ရှိခဲ့ပါတော့၏။
တစ်လမ်းလုံး တည်တင်းသောမျက်နှာထားနှင့် မိုးရိပ်က ဆိုင်ရောက်သည်အထိ ကို မြဲတည်ကို စကားမပြော။
မြဲတည်ကိုမစောင့်ပဲ သူတို့အိပ်ခန်းဆောင်အနောက်ဘက်၀င်သွားတာကြောင့် မလိုက်သွားပဲ ဆိုင်ထဲက ခုံတစ်ခုံပေါ်ပဲ ထိုင်နေခဲ့တော့ ခနအကြာ ပြန်ထွက်လာပြီး လက်ကိုလာဆွဲခေါ်သည်။
ကိုကြီးမိုးရိပ်က ရုတ်တရပ်ပြန်ရောက်လာတာမို့ တန်းလျားမှာ တစ်ကိုယ်စာ ကပ်ပေးထားသည့် နေရာလွတ်လေးရှိကာ ထိုနေရာမှာပဲ အထုတ်တွေ ချထားသည်။
ညနေဆိုင်သိမ်းချိန်မို့ အကုန်လုံး၏ လွတ်လပ်ချိန်ဖြစ်ကာ ဆိုင်ကပ်ကြတာ ရှားသဖြင့် ဤနေရာတွင် သူတို့နှစ်ဦးတည်းသာ ဖြစ်လို့နေ၏။
" အဲ့ကောင်နဲ့က စာအုပ်ငှားရအောင်အထိ ရင်းနှီးနေပြီလား "
မြဲတည် ကိုယ်လေးမတ်သွားကာ ခေါင်းကို ဖြည်းဖြည်းချင်း ခါပြသည်။
