အချိန်ကား မနက်နှစ်နာရီ လောက် ရှိနေပြီ ဖြစ်သော်လည်း သူတို့တစ်မိသားစုလည်း မအိပ်ကြရသေး။
မမခိုင်က ဘုရားစင်ရှေ့မှာ ပြေးကန်တော့လိုက် ပုတီးစိပ်နေသော မေမေ့အနားကို သွားထိုင်လိုက်နှင့် ပျာ နေသလို ဖေဖေကလည်း ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်လိုက် အခန်းထဲ ၀င်သွားလိုက် ဖြင့် အလုပ်ရှုပ်နေသည်။
ဒီနေ့ကား ဆယ်တန်း အောင်စာရင်း များထွက်မည့်နေ့ ဖြစ်သည်။
မြဲတည်ကိုယ်တိုင်လည်း လှုပ်ရှားသက်၀င်နေသော မိသားစုအကြား အဖုံးမဖုံးရသေးသော ပုံနှိပ်စာအုပ်တစ်ချို့ကို ဂျာနယ်အချောစား လေးများ ဖြင့် သေသပ်စွာဖုံးနေလိုက်သည်။
မမခိုင်၏ သက်ပြင်းချသံတစ်ချက်တစ်ချက်ကို နားထောင်ရင်း အခုလက်ရှိ ဆယ်တန်းဖြေထားသည့် သူတွေအကုန် ဒီလိုအခြေအနေကို ရင်ဆိုင်နေကြမလား ဟုတွေးမိသည်။
မဖြစ်နိုင်....ကိုကြီးမိုးရိပ်ကတော့ပါမှာမဟုတ်။
ဒီအချိန်ဆို အေးအေးလူလူပင် အိပ်မောကျနေဦးမည်။ပြီးတော့....ဟိုလူ ဆက်သ၀ဏ်ရောပဲ။
တုန်လှုပ်နေသည့် အမူအရာဝေးစွ ၊အိပ်ပျော်မနေရင်တောင် စာအုပ်တစ်အုပ်ကို အေးအေးဆေးဆေး ဖတ်နေလိမ့်မည် ထင်သည်။" ကဲပါ ခိုင်ရယ် ။ ဂုဏ်ထူးမျှော်ရုံပဲ မှလား "
မေမေက ပုတီးကို ချရင်း မမခိုင်၏ခေါင်းကို ပုတ်ကာ နှစ်သိမ့်သည်။ ထိုစဉ် ကြိုးဖုန်းမှ တတီတီ မြည်လာပြီး သူတို့အကုန် ခေါင်းလေးတွေ ထောင်သွားကြသည်။
ဖေဖေ့အဆက်အသွယ်ဖြင့် ပညာရေးရုံးက လူတစ်ယောက်က အောင်စာရင်း ကြိုကြည့်ပေးမည်ဟု ကတိက၀တ် ခံထားတာ အခုသိရပြီ ထင်သည်။
မြဲတည်ပင် ရင်တွေပူလာကာ ဖုန်းအနား ပြေးထိုင်လိုက်သည်။
" အေး ခိုင်မြဲသစ္စာ ခုံနံပါတ်က .... "
" .... "
" ဟုတ်ပြီ "
" ဟုတ်ပြီ "
ဖေဖေ့အသံသည် ကျယ်လောင်လာကာ လက်တစ်ဖက်က မြဲတည်၏ပုခုံးကို တင်းနေအောင် ဆုပ်ကိုင်လိုက်သည်။
