For Unicode
အဖြေရပြီးတဲ့ နောက်ပိုင်းမှာ သ၀ဏ်ဟာ မြဲတည်ကို တွေ့ရဖို့ အတော်လေးကြိုးစားနေရတယ်။အရမ်းရှက်တတ်တဲ့ ကောင်လေးက အဖြေပေးပြီး အပြန်လမ်းတစ်လျှောက်လဲ စကားတစ်ခွန်းမှ ပြောမသွား။ သူ မန္တလေးကနေ ပြန်လာသည့် ပိတ်ရက်တိုင်း မှာလည်း အိမ်မှာ ရှိမနေတတ်ပဲ ပတ်ရှောင်နေသည်။
" သား ။ ခန လာပါဦး "
ဆက်သ၀ဏ်သည် ၀တ္တုတစ်အုပ်ကို ကိုင်ထားရင်း ခိုင်မြဲတည် အကြောင်း တွေး နေမိရာမှ မေမေ့အသံကြောင့် ကိုယ်ကိုပြန်မတ်လိုက်သည်။
" ဒီကို ပိတ်ရက်တိုင်း ပြန်လာမဲ့အတူတူ ကျောင်းကို အသွားအပြန် ပဲ တတ်လိုက်ပါလား လို့...ဟင် "
သူလည်း ထိုသို့ မတွေးထား သည်တော့ မဟုတ်။ အခြေအနေတွေက ပြောင်းလဲ သွားပြီ ဖြစ်၍ ထိုမျက်နှာလေးကို တစ်နာရီလောက်ဖြစ်ဖြစ် ပိုတွေ့နိုင်ရန် ကြိုးစားရတော့မည်။
" စဉ်းစားနေပါတယ် မေမေ "
" ဟုတ်ပါပြီ "
သူတို့ သားအမိကြား စကားတွေကပြန်လည်တိတ်ဆိတ်သွားသည်။ မေမေက သူမကြည့်လက်စ ဂျာနယ်ဆီ အကြည့်ပြန် ရောက်သွားသလို သ၀ဏ်ကလည်း စာအုပ်ကိုပဲ ပြန်ဖတ်နေလိုက်၏။
အပြင်မှာ နေရောင်ကင်းကာ အမှောင်ထု၀င်လာပြီး အိမ်ရှေ့လမ်းမီးတိုင်မှ မီးများပင် လင်းလဲ့လာပြီ။ ထိုအခိုက် ရင်ထဲတွင် ပြင်းပြင်းပြပြ တမ်းတခြင်းတစ်မျိုးကိုခံစားလိုက်ရကာ သူစာအုပ်ကို အသာအယာပိတ်လျှက် ဧည့်ခန်းထဲကစာအုပ်စဉ်လေးပေါ် ပြန်ထားလိုက်သည်။
" အပြင်ခနသွားဦးမယ် မေမေ "
မေမေက သူမ၏အကျင့်အအတိုင်း အမေး မထုတ်ပါ။ ခေါင်းညိမ့်ပြလျှက် သူမ၏ အာရုံအလုံးစုံကို ဖတ်နေသော ဂျာနယ် ထဲကို မြုပ်နှံထား၏။
သ၀ဏ်သည် အစက ကားဂိုဒေါင်ရှိရာ ဘက်သို့ လျှောက်လာခဲ့သော်လည်း နောက်ပိုင်း စိတ်ကူးပြောင်းကာ လမ်းလျှောက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
တီဗွီစုကြည့်နေသော အိမ်များဆီမှ ရယ်သံ၊ စကားပြောသံတွေဟာ လမ်းမထက်လျှံကျလာကာ ကြားရသူကို အထီးကျန်မှုမှ ဖယ်ထုတ်ပေးသည်။
