For Unicode
တစ်လမ်းလုံး အော်ငိုလိုက် ထုရိုက်လိုက်နှင့် ပင်ပန်းသွားသော ကောင်လေးသည် ယခုမူဘေးတွင်ခွေခွေလေးအိပ်မောကျသွားပြီ ဖြစ်၏။
အမြန်လမ်းမကြီးတွင် တစ်ချို့သော ခရီးသည်တင်ကားကြီးများမှ လွဲ၍ ကားအသွားအလာကျဲနေကာ မိုးချုပ်ပြီမို့ နှစ်ညဆက်တိုက်မအိပ်ရသေးသော သူ၏မျက်လုံးတို့မှာလည်း ကျိန်းစက်လျှက် ရှိသည်။
ရုတ်တရပ် ဖြစ်ပေါ်လာသည့်စိတ်ကြောင့်ဆိုပေသည့် သ၀ဏ်သည် သူ့လုပ်ရပ်ကို နောင်တရမနေ။ ထိုအစားကြည်နူးမှုသာ ပို၍ဖြစ်သေးသည်။
သူ၏ အရာအားလုံးကို အမြဲထွက်ပြေးရှောင်ပုန်းခြင်းဖြင့်သာ ဖြေရှင်းတတ်သော ကလေးငယ် ဤသို့ အပိုင်သိမ်းမှသာ သူ့ဆီရောက်လာတော့မည်လေ။အစက မန္တလေးကိုပဲ ခေါ်လာမည် စိတ်ကူးပြီးမှ စိတ်ကူးပြောင်းကာ ပြင်ဦးလွင်က အိမ်ကိုပဲ သ၀ဏ် ဦးတည်လာခဲ့သည်။
ထင်းရှူးပင်တွေ က ခပ်မြင့်မြင့်အုတ်တံတိုင်းနံဘေးမှာ ကပ်လျှက်ပေါက်နေကာ အမြင်လှပလှသော တိုက်က မေမေ သူ့အမည်နဲ့၀ယ်ကာ မွေးနေ့လက်ဆောင်ပေးခဲ့တာ ဖြစ်၏။
မီးရောင်များလင်းနေသော်လည်း ခြံစောင့်ဦးလေးအရိပ်အယောင်ကို မမြင်တာမို့ သ၀ဏ် စဉ်းစားနေသည်။ တိတ်ဆိတ်သောပတ်၀န်းကျင်လည်းဖြစ်ကာ ဘေးက ကောင်လေးနိုးမည်စိုး၍လည်း ဟွန်းမတီးချင်။
ထို့ကြောင့် ကားလေးကိုပြန်ကွေ့ကာ အသိအစ်ကိုတစ်ယောက်၏ ဟိုတယ် ကိုပဲ သွားဖို့ဆုံးဖြတ်လိုက်၏။
ကားပြန်အကွေ့ တစ်ချက်ယိမ်းသွားတာကြောင့် မြဲတည်က ညည်းညူကာ မျက်လုံးလေးပွင့်လာသည်။ ဦးနှောက်နဲ့ ပြင်ပကမ္ဘာမချိတ်ဆက်သေးခင်စပ်ကြား ကြောင်ကာ သ၀ဏ့်ကိုတလှည့် အပြင်ကိုတစ်လှည့်ငေးကြည့်နေပြီးမှ ထရှုံ့ရှုံ့ထငိုပြန်၏။
ထိုပုံစံလေးမှာ ချစ်ဖို့ကောင်းလွန်းလှရကား သူ၏ရင်ထဲ မီးစလေးများတိုက်စားနေသလားလို့တောင်ထင်ရ၏။
" အခု ဘယ်လိုလုပ်တော့မှာလဲဗျ။ ဖေဖေတို့တော့ သိနေလောက်ပြီ "