For Unicode
မြဲတည်၏ ပိတ်ရက်တို့သည် ရေတိုက်စားခံရသော ကမ်းပါးကဲ့သို့ တတိတိ ပြိုကျ ကုန်ဆုံးလာနေကာ မကြာမှီ ပင် ကျောင်းပြန်တတ်ရတော့မည်ဖြစ်သည်။
အတန်းကြီး တွေရယ်ဟု သတ်မှတ်ကာ တရိုတသေ ဆက်ဆံခဲ့ရသော ကိုးတန်း ကို ကိုယ်တိုင်ရောက်တော့မှာဆိုတော့ တစ်ဖက်ကလည်း ရင်ခုန်သလို နောက်တစ်ဖက်ကလည်း စာတွေမကျက်ချင်ပြန်သဖြင့် စိတ်ပူပင်ရသည်။
မြဲတည် တစ်ယောက် ပျော်တစ်၀က် ၊စိတ်ညစ်တစ်၀က် ဖြင့်ပင် သက်ပြင်းချလျှက် အညိုရောင် အိတ်တစ်လုံးထဲ သို့ သူစုဆောင်းထားသော ၀တ္တုစာအုပ်လေးများကိုထည့်လိုက်သည်။
ကိုကြီးမိုးရိပ်က စာဖတ်ရတာမကြိုက်ဘူးတဲ့။
သူဖတ်ဖြစ်တာ ကျောင်းက ပြဌာန်းစာအုပ်တွေပဲ ရှိသည်လို့ပြောဖူးသည်။ မြဲတည်က သူနဲ့ဝါသနာတူစေချင်တာမို့ စာအုပ်တွေခနခန ယူသွားကာ ဖတ်စေတော့လည်း မရ။ ရှေ့တင် တစ်ရွက်စ နှစ်ရွက်စ လှန်ကြည့်ကာ ခေါင်းခုအိပ်ပစ်တာ ချည်း။သို့သော် ဇွဲ မလျှော့သော မြဲတည်က နေ့တိုင်းသွားလည်ကာ စာအုပ်တွေကိုလဲ ယူသွားမြဲပင်။
အခုလည်း စာအုပ်ထည့်ထားသော အိတ်ရယ် မနက်မေမေ ဈေးက၀ယ်လာသည့် အာလူးပူတင်း ဗူးလေးရယ် ပိုက်ကာ အိမ်ပေါ်ကဆင်းလာတော့ အိမ်ရှေ့ခန်းတွင် လက်သည်းနီ ဆိုးနေသော မမခိုင်နှင့် တွေ့၏။မမခိုင်က မြဲတည်ကို ဆတ်ခနဲ လှမ်းကြည့်ကာ သူမ၏ လက်သည်းလှလှလေးကို တဟူးဟူး မှုတ်လျှက် မျက်နှာကို မဲ့ပြ၏။
" ဟိုလက်ဖက်ရည်ဆိုင်က အရိုင်းစိုင်း ဆီလား"
" မမခိုင် သူများကို အဲ့လိုမပြောနဲ့ သိလား "
အရမ်းကာရောလဲ ပြန်မပြောရဲ ခံလည်းမခံချင်တာကြောင့် မြဲတည် ကွင်းထိုးဖိနပ်လေးကို မြန်မြန်စီးကာ အိမ်ထဲကနေ ထွက်ဖို့ပြင်သည်။
" နာနေလိုက်တာ သူ့ယောက်ဖကို "
" ကိုကြီး မိုးရိပ်က မမခိုင်ကို မကြိုက်ပါဘူး "
" ဘာ !!!မြဲတည် နင်သေမယ် "
မမခိုင်၏ မကျေမလည် အသံက နောက်နားကျန်ခဲ့ပြီ ဖြစ်ကာ မြဲတည်ကတော့ ဒုန်းစိုင်း ပြေးလာသည်။
