for unicode
ဘာလိုလိုနဲ့ မြဲတည်ပင် တတိယနှစ် ကို ရောက်လာခဲ့ပြီ။အတိအကျပြောရရင် ဒုတိယနှစ် စာမေးပွဲဖြေအပြီးပင်။
ဒီကြားထဲတွင် ကိစ္စတွေသည်သာမာန်အတိုင်းသာဖြတ်သန်းစီးဆင်းနေပြီး မည်သည်မှ ထူးထူးခြားခြားပြောင်းလဲခြင်းမရှိ။
ထူးခြားတာဆို၍ ဦးနီတွတ်ရဲ့လက်ဖက်ရည်ဆိုင်ကို ပိုချဲ့ကာ သေချာပြန်ပြင်ဆင် ဆောက်လုပ်ထားခြင်းပင်ရှိမည်။
သူနှင့် ဆက်သ၀ဏ် ၏ ဆက်ဆံရေးသည်လည်း ရှေ့မတိုး ၊နောက်မဆုတ်သဘောဖြင့်သာ ရှိနေသေးသည်။ တစ်ခုတိုးတတ်သည်မှာကတော့ သူတို့နှစ်ဦးတည်း သွားသွားလာလာ ရှိလာခြင်းဖြစ်သည် ဆိုရမည်။
ယနေ့ကား အောင်စာရင်းထွက်မည့်ရက် ဖြစ်သော်လည်း မည်သူမျှ ရင်မခုန်။ အောင်ရုံလောက်ကတော့ မြဲတည်လည်း ဖြေနိုင်ခဲ့သည်ပင်။
သို့သော် သူ့မိဘတွေကတော့ ဂုဏ်ထူးတန်းကို ၀င်စေချင်သည်။ ဒီလောက်ကတော့ ရအောင်ကြိုးစားသင့်သည်ဟု မေမေက တစ်လျှောက်လုံးပြောလာတာဖြစ်၏။
သိန်းတန်ကလည်း ယနေ့ကျမှ အလည်လွန်နေ၍ သူ့အိမ်သို့ မြဲတည် သွားရှောင်၍ မရ။
ထိုစဉ်" မြဲတည် အောင်စာရင်းထွက်ပြီတဲ့လေ။ ဟိုဘက်အိမ်က ကောင်မလေးတောင် ကြည့်လာခဲ့ပြီ "
မေမေက တံမြက်စည်းတစ်ချောင်းကို ကိုင်ကာ လှည်းနေရင်းကနေ ပြတင်းပေါက်ဘက်ငေးနေသော မြဲတည်ကို လှမ်းပြောသည်။
" ဟုတ်။ သိန်းတန် လာမှ သွားကြည့်လိုက်မယ်"
" မေမေတို့ ပြောထားတာသိတယ်နော် "
မြဲတည် ဟုတ် ဟု တိုးတိုးလေးဖြေလိုက်သည်။ သိကြားမင်းဆင်းကယ်ရင်တောင် မြဲတည်က စတားပါမည်မဟုတ်။ သူဖြေလာတာသူပဲ သိသည်မဟုတ်ပါလား။ သို့သော်ငြား ဒါကို မေမေ့အား မပြောရဲဖြစ်နေသည်။
ထိုစဉ် တစ်မနက်ခင်းလုံး ပျောက်နေသည့် သိန်းတန်က ဆိုင်ကယ်ကို ဟွန်းတီး ကာ မြဲတည်တို့အိမ်ထဲ ၀င်လာသည်။ ထို့နောက် အဆင်သင့်ပင် တံမြက်စည်းလှည်းနေသော မေမေ့အားပြုံးပြလျှက် မြဲတည်ရှိလာ လာမည်ပြင်၏။