10

55.6K 3.4K 211
                                    

သရက်ပင်များဆီမှဖူးသစ်စသရက်ကင်းတို့၏ရနံ့သည် ရင်းနှီးပျံ့ချိုစွာပင် လမ်းတစ်လျှောက်ကို ကူးလူးနေသည်။

ညက လေကြမ်းသွားတာမို့ မြေပြင်ပေါ် ကျနေသော သရက်ညှာကိုင်းတစ်ချို့ရယ် သရက်ကင်းလေးများရယ်ကို ဈေးထဲတွင် ဟင်းရွက် ရောင်းသော ဒေါ်ကြီးမွန်က ဆောင့်ကြောင့်လေးထိုင်ကာ အိတ်တစ်လုံးနှင့်ကောက်နေ၏။

ထိုအဒေါ်ကြီးသည် ကွမ်းတစ်ပျစ်ပျစ်နှင့် အနီရောင်ကွမ်းဂျိုးများပေါ်သည်အထိ အမြဲပင် ရယ်နေတတ်သူဖြစ်ကာ မြဲတည်ကို ချစ်ခင်ရှာသည်။

မေမေကတော့ မြဲတည် ဘယ်သူနှင့် ခင်ခင်သိပ်မကြိုက်တတ်။ အနေမတတ်သည့်ကလေး လို့ပဲ တဖွဖွ နှုတ်မှ ရေရွတ်လေ့ရှိ၏။

" ကြီးမွန် သားကူကောက်ပေးမယ် "

တကယ်က တစ်ဖက်ရပ်ကွက်က သူငယ်ချင်းဆီကို အလည်သွားမည်အပြု လမ်းတွင် မနေနိုင်စွာပင် ကြီးမွန်နားပြေးထိုင်ကာ သရက်သီးကြွေလေးများကို ကောက်ပေးလိုက်သည်။

" အမလေး ရှိုးစမိုးတွေနဲ့ကို ကောက်ပါနဲ့တော်။ ဖုန်တွေပေမယ်....ပြီးတော့ လက်ကို အစေးတွေကပ်မယ် ခိုင်ကလေး ရဲ့ "

ကြီးမွန်က မြဲတည်ကို ခိုင်ကလေး ဟု အမြဲခေါ်တတ်သည်။ သားသမီးမရှိသော အပျိုကြီးမို့ အချစ်ပိုတာလည်းပါသည်။

" ရတယ် ကြီးမွန်။ ဒါလေးကို ခရမ်းချဉ်သီးငါးပိချက်လေးနဲ့ မြုပ်စားရင် ကောင်းမှာပဲနော်"

သရက်ကင်းလေးတစ်ခုကို ထောင်ကြည့်ကာ မြဲတည်က ရေရွတ်လိုက်ပြီး ဟထားသော အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။

" စားချင်ရင် ကျွေးချင်ပါ့တော်။ ခိုင်ကလေး အမေက ဆူမှာမို့လို့သာ "

မြဲတည်က ပြုံးလိုက်ရင်း

" မေမေက မမခိုင်ကျောင်းပိတ်ကတည်းက သားဖက်ကို အာရုံမရပါဘူး။ ကြီးမွန်အားတဲ့နေ့မှ သားကို ပြော လာစားမယ် "

လူကြီးတွေနဲ့ဆိုအပြောချိုတဲ့မြဲတည်ကို ကြီးမွန်က ချစ်စနိုးကြည့်ရင်း ထရပ်သည်။

" ဒီလောက်ဆို ရပါပြီတော်။ ထ သွားစရာရှိတာသွားတော့ "

မြဲတည်လည်းဆတ်ခနဲ ထအရပ် ကျိုးကျပြီး တွဲလောင်းချိတ်နေသော သစ်ကိုင်းက မျက်လုံးအောက်နားကို ခြစ်ချသလိုဖြစ်သွားတာမို့ မျက်လုံးထဲထူပူကာ အားခနဲ အော်ပြီး ပြန်ပစ်လဲကျသွားသည်။နာကျင်တာမို့ မျက်လုံးနှစ်လုံးကိုစုံမှိတ်ပြီး မဖွင့်ပဲ နေနေမိတာကြောင့် ကြီးမွန်ခမျာလည်း ပိုစိတ်ပူသွားဟန်ပင်။

သ၀ဏ်လွှာပါး မေတ္တာထားစေWhere stories live. Discover now