For Unicode
သေသပ်စွာလျှော်ဖွပ်ထားသော ကချင်လွယ်အိတ် လေးကို စက်ဘီးခြင်းထဲ ထည့်ရင်း မြဲတည် ဒီနေ့အတွင်း နောက်ထပ်သက်ပြင်းတစ်ခုကို ကမ္ဘာမြေပေါ် ခေါ်ယူလိုက်သည်။
ဇီးငံစေ့ပေါင်းစားရင်း စီထပ်ထားသည့် အုတ်ခဲပုံလေးပေါ် ထိုင်ကာ မြဲတည်အား ကြည့်နေသော မမခိုင်ပင်လျှင် စိတ်မရှည်ဖြစ်လာဟန်ဖြင့် အနားက ကျောက်စရစ်ခဲ လေးတွေနှင့် ပစ်ပေါက်ရင်း သွားပါတော့ ဟု မြည်တွန်ရသည်အထိ။
ဘယ်လိုမှကို စဉ်းစားလို့မရဘူး။ ကျောင်းတတ်နေတာလဲ မဟုတ်ပဲနဲ့ မနက် 9နာရီ ကနေ 11အထိ တစ်ချိန်၊ ပြီးတာနဲ့ 2နာရီကနေ 5နာရီအထိ နောက်တစ်ချိန် ဆိုပြီး ဆက်သ၀ဏ်က သတ်မှတ်ထားသည်။ တကယ်အကျင့်ပုတ်ပဲ...
သူဘယ်အချိန်မှာ သွားပြီး ဆော့ရတော့မှာလဲ မသိ။ ကိုကြီး မိုးရိပ်ဆီကိုပင်သွားလည်နိုင်တော့မည်မဟုတ်။
စက်ဘီးကို မကြည်မသာ တဂျောင်းဂျောင်းနင်းလာရင်း ကိုကြီး မိုးရိပ်ကို ၀င် နှုတ်ဆက်ဖို့လုပ်သော်လည်း ဆိုင်က လူကျ နေပုံရတာမို့ မ၀င်ဖြစ်တော့။
သည်လိုနှင့် ဆက်သ၀ဏ်တို့ အိမ်ရှေ့ရောက်တော့ စက်ဘီးကို ဘရိတ်အုပ်ရင်း တော်ရာအရိပ်လေးမှာ ရပ်လိုက်သည်။ တစ်ဖက်ဆေးခန်းကလူတွေက ကျွီ ခနဲ မြည်သော ဘရိတ်အုပ်သံကြောင့် တစ်ချက်လှမ်းကြည့်ပြီး ပြန်လှည့်သွားကြသည်။
တကယ်ပါပဲ....မြဲတည် မ၀င်ရဲဘူး။
သူလွယ်အိတ်လေးကို ကိုင်ကာ စက်ဘီးနားကမခွာနိုင်ဖြစ်နေတုန်းမှာပဲ တစ်ဖက် သံတံခါးတစ်ချပ်က ပွင့်လာကာ မရယ်မပြုံးရုပ်နဲ့ ဆက်သ၀ဏ်ကို တွေ့လိုက်ရသည်။
သံတံခါးကို လက်ဖြင့် တွန်းထားကာ ၀င်လေဟူသော သဘောဖြင့် ကြည့်နေတာမို့ မြဲတည် ခြေလှမ်းခပ်လေးလေးနဲ့ ပဲ ၀င်လိုက်ရတယ်။
" အန်တီမြ....ကလေးဖို့ မုန့်ယူခဲ့ပါဦး "
ဧည့်ခန်းထဲကအဖြတ် မီးဖိုဆောင်ဟု ယူဆရသော နေရာဘက်မှ အဒေါ်ကြီးတစ်ယောက်အား ဆက်သ၀ဏ်က လှမ်းပြောကာ မြဲတည် ကိုလည်း စိုက်ကြည့်လိုက်သည်။
