For Unicode
မိုင်တိုင်တွေ တစ်တိုင်ပြီး တစ်တိုင် ဖြတ်ကျော်ရင်း သူတစ်ယောက်တည်း ကားမှန်ကို ခေါင်းမှီကာသာ အတွေးနယ်ချဲ့နေမိသည်။
တစ်ယောက်တည်းဆို ဘာမှကိုမလုပ်တတ်မကိုင်တတ်လွန်းသော သူ တစ်ဦးတည်းထွက်လာရသော ခရီးက အေးစက်ခြောက်ကပ်ကာ စိတ်လှုပ်ရှားမှုကင်းမဲ့နေ၏။လစ်ဟာသော နာကျင်သော ခံစားချက်ကို မည်သည့်အရာကမျှ ဖြည့်တင်းနိုင်အံ့တော့မည်မထင်။
သူဤသို့ဆောလျင်စွာ လမ်းခွဲခဲ့ရမည်မှန်းသိရင်
ပိုပြီး ကောင်းပေးချင်ခဲ့ပါသည်။
သူတွန့်တိုစွာ တမင် မခေါ်ခဲ့သော ကိုကို ဟူသည့် အသုံးအနှုန်းကိုနေ့တိုင်းသုံးမည်။
အတတ်နိုင်ဆုံး ချစ်ပြတတ်အောင် သူကြိုးစားခဲ့မိမည်ကတော့ အမှန်ပင်။ပြည့်၀၀လ၀န်းက ကားအနောက်ကို ပြေးလိုက်ရင်း သူ့ကို အဖော်ပြုပေးနေသော်ငြား မြဲတည် အထီးကျန်နေဆဲ ဖြစ်သည်။
ဒါက သူနဲ့အထိုက်တန်ဆုံးပါပဲ.......။
.
.
.ကားဂိတ်ရောက်သည်နှင့် အထုတ်တွေကို ချကာ ဘေးဘီကို ဝေ့ဝဲကြည့်မိသည်။ တစ်ချို့ကျတော့လည်း ကိုယ့်အစီအစဉ်နှင့်ကိုယ်သွားလာဖို့ ပြင်ဆင်နေကြပြီး တစ်ချို့ကတော့ လာကြိုကြသူ အဖော်အပေါင်းများနှင့် ဆူဆူညံညံရှိကြသည်။
မြဲတည် သူ၏အထုတ်များကိုဆွဲကာ လာကြိုမည့် ဒေါ်လေး ကို ရှာနေဆဲမှာပင် အဝေးမှ သူ၏နာမည်ကို ခေါ်သံကြားလိုက်ပြီး ခပ်သွက်သွက် လှမ်းလာနေသော ဒေါ်လေးကို တွေ့ရသည်။
" ကားရောက် နောက်ကျတယ်။ ဒေါ်လေးတို့က မနက် ငါးနာရီကတည်းက ရောက်နေတာကော"
အအေးဒဏ်ကြောင့် ဒေါ်လေး၏မျက်နှာက ခပ်ရဲရဲ ဖြစ်နေကာ နှာသံအနည်းငယ်ပါနေသည်။
ခေါင်းတွင် သိုးမွှေးခြုံထည်တစ်ခုကို ပေါင်းထားကာ ခပ်မှိုင်းမှိုင်းအရောင်ရှိသော ဆွယ်တာကုတ်ကို ကြယ်သီးပြည့်တပ် ၀တ်ဆင်ထားသည်မှာ တစ်မျိုးတစ်ဖုံတော့ လိုက်ဖက်နေ၏။" အထုတ်တွေပေး "
" ရတယ် ဒေါ်လေး ။ သား နိုင်တယ် "
" အေး ဒေါ်လေးတို့က ကားအ၀င်စောင့်ရင်း ရှေ့က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတာ။ တစ်ခုခုအရင်စား ပြီးမှ အိမ်သွားမယ် "
