For Unicode
ဆိုင်ကယ်တွေကို ရင်ပြင်အနီးက ဆိုင်ကယ်ရပ်သည့် နေရာမှာပဲ အပ်ပြီးနောက် ဘုရားပေါ်သို့ သူတို့လေးယောက် တတ်လာခဲ့ကြသည်။
ပန်းရနံ့များ ပူဇော်ထွန်းညှိထားသော အမွှေးတိုင် တို့မှ နံ့သာ နံ့တို့က အေးချမ်းသော နေရာဒေသနှင့်လိုက်ဖက်နေသည်။
မြဲတည်ကတော့ ဘုရားကို ဦးသုံးကြိမ် ချကာ ကျန်သည့် လူတွေ ဘုရားရှိခိုးနေဆဲ ဖြစ်တာကြောင့် ထိုင်စောင့်နေလိုက်၏။
ဒေဝါအောင်ကလဲ ဘုရားရှိခိုးရင် အနည်းငယ်ကြာတတ်ပြီး လင်းလက်ကတော့ တတွတ်တွတ်ရေရွတ်ကာ ဆုတောင်းတတ်သည်။
မြဲတည်သည် သူ၏ဘေးက ဆက်သ၀ဏ်ကို မသိမသာလေးလှမ်းကြည့်လိုက်ရာ လက်အုပ်ချီ မျက်လုံးမှိတ်လျှက် ငြိမ်သက်နေသည်ကို တွေ့ရသည်။
မြဲတည် သည် ဒိတ်ခနဲ ခုန်လာသော ရင်ဘတ်ကြောင့် လန့်သွားကာ အပြစ်သားတစ်ယောက်လို ခံစားလိုက်ရ၍ ရှေ့မှ မြတ်စွာဘုရား၏ မျက်နှာတော်ကို ကြည့်မိသွားသည်။
ထို့နောက် နေရာမှ ထကာ အပြင်ဘက်သို့ထွက်လိုက်ပြီး တရုတ်စကားပင်အောက်နားမှ ခုံလေးပေါ်သို့ သွားထိုင်လိုက်သည်။ မှိန်ရေးရေးမြင်နေရသော ဧရာ၀တီမြစ် နှင့် စိမ်းညို့အုပ်မှိုင်းသော တောတောင် အရိပ်က ခါတိုင်းလို သူ၏ စိတ်နှလုံးကို မအေးမြစေနိုင်ပါ။
ပူလောင်ပြင်းရှသော ခံစားချက်သည် ဆက်သ၀ဏ်ကို တွေ့တိုင်း အဖျားဒီဂရီ တတ်သလို မြင့်တတ်လာ၍ ထိုလူကို မတွေ့ချင်။
" မြဲတည် "
ဒေဝါအောင်၏ခေါ်သံ ကြား၍ နောက်ကိုလှည့်ကြည့်တော့ ထိုသုံးယောက်က ဘုရားရှိခိုးပြီးစီးပြီဖြစ်ကာ မြဲတည်ကို စောင့်နေဟန်ဖြင့် ရပ်နေကြသည်။
" အစ်ကိုသ၀ဏ် ဘယ်သွားချင်လဲ "
" ပုဂံသားကများ စစ်ကိုင်းသားကို ဘယ်သွားချင်လဲ တဲ့ "
သိန်းတန်ကို လင်းလက်က ပက် တော့ ဆက်သ၀ဏ်က ပြုံးသည်။ ထိုအပြုံးသည် ငြိမ့်သက် လွန်းလှကာ မြဲတည်သည် ငေးခနဲ ဖြစ်သွားရ၏။
![](https://img.wattpad.com/cover/302059855-288-k168750.jpg)